Transparency Myanmar

transparency.myanmar@gmail.com

Reuters, 18th July 2010

မြန်မာ အစိုးရသည် ထောင်ပေါင်း များစွာသော ထောင်ထဲရှိ နိုင်ငံရေးသမားများ၏ အခန်းကဏ္ဍကို ပစ်ပယ်ထားမည် ဆိုပါက ဗြိတိန်နိုင်ငံ အနေဖြင့် ယခုနှစ် နှောင်းပိုင်းတွင် ကျင်းပ ပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲအား တရားမဝင် ဟုသာ အသိအမှတ် ပြုလိမ့်မည် ဖြစ်ကြောင်း အငယ်တန်း ဝန်ကြီး တစ်ဦးက တနင်္ဂနွေနေ့က ပြောကြားခဲ့သည်။

ဗြိတိန် အစိုးရသစ်၏ နိုင်ငံခြားရေး ဝန်ကြီး Jeremy Browne က ပြောကြားရာတွင် ယခု အစိုးရသစ်သည်လည်း ယခင်ကတည်းက မြန်မာနိုင်ငံနှင့် လူ့အခွင့်အရေး ကိစ္စများတွင် တိုးတက်လာစေရန် ဖိအား ပေးနေမှုအား ဆက်လက် ထောက်ခံ သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

"ဗြိတိသျှ အစိုးရ အနေနဲ့ မြန်မာအစိုးရရဲ့ ယခင်က လုပ်ရပ်တွေအပေါ် များစွာ စိတ်ပျက်လျက် ရှိနေတုန်းပါပဲ။ လာမယ့် ရွေးကောက်ပွဲဟာလည်း ပြည်သူလူထု အမြင်ကို တရားဝင် ဖော်ထုတ် နိုင်မယ်လို့ မထင်ဘူး'' ဟု Browne က ထိုင်း နိုင်ငံခြားရေး ဝန်ကြီး Kasit Piromya နှင့် စကားပြော အပြီး Reuters သို့ ပြောကြားခဲ့သည်။

"မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား (၂၀၀၀) လောက် ထောင်ထဲမှာ ရှိတုန်းဆိုတော့ အဓိပ္ပာယ်ရှိတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ မလွယ်ပါဘူး'' ဟု ၎င်းက ပြောသည်။

Browne က ဗြိတိသျှ ပါလီမန်သို့ ယခုလ ပြောကြားခဲ့ရာတွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများအား ဆက်လက် ဖမ်းဆီးထားနေသရွေ့ ရွေးကောက်ပွဲသည် လွတ်လပ်၍ တရား မျှတလိမ့်မည်ဟု မမြင်နိုင်ကြောင်း ပြောကြားခဲ့သည်။

မြန်မာ အစိုးရသည် ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို ယနေ့ထိ သတ်မှတ်ခြင်း မရှိသေးပေ။

ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သည့် (၂၁)နှစ် အတွင်း (၁၅) နှစ်ခန့် ထိန်းသိမ်းထားခြင်း ခံရပြီး၊ စစ်တပ် အုပ်ချုပ်သော တိုင်းပြည်တွင် သူမ၏ ဒီမိုကရေစီရေး တိုက်ပွဲဝင်မှုကြောင့် ရန်ကုန်တွင် နေအိမ် အကျယ်ချုပ် ကျခံနေရခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိသျှထံမှ လွတ်လပ်ရေး ကြိုးပမ်းခဲ့သော သူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဖြစ်သည်။ သူမ၏ ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော်လည်း၊ စစ်တပ်မှ အာဏာ လွှဲပေးရန် ငြင်းဆန်ခဲ့သည်။

ယခု ရွေးကောက်ပွဲများမှာ ထိုစဉ်ကတည်းက ပထမဆုံး အကြိမ်ပြုလုပ်ပေးမည် ဖြစ်ရာ၊ ဝေဖန်သူများက ရွေးကောက်ပွဲသည် အတုအယောင်သာ ဖြစ်ပြီး၊ အာဏာမှာ စစ်တပ်တွင်သာ ဆက်လက် ရှိနေမည်ဟု ဆိုကြသည်။

ပြီးခဲ့သည့် နှစ်က ဒေါ်အောင်ဆန်းစုကြည်အား သူမ၏ နေအိမ် အတွင်းသို့ အမေရိကန် ရေကူးသမား ဝင်ရောက်မှုကြောင့် အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့သည်။ ဝေဖန်သူများကမူ သူမအား မဟုတ်မမှန် အပြစ်ဒဏ် ချမှတ်ခဲ့ခြင်းကြောင့် ရွေးကောက်ပွဲ မတိုင်မီ သူမကို ဘေးဖယ်ထားပြီး ဖြစ်သွားခဲ့သည်။

မြောက်ကိုးရီးယားနှင့် မြန်မာနိုင်ငံတို့ ပူးပေါင်း၍ နျူကလီယာ လက်နက် ထုတ်လုပ်နေကြောင်း သတင်းနှင့် ပတ်သက်၍ Browne ကပြောကြားရာတွင် "ဒီကိစ္စ မှန်တယ်ဆိုရင်တော့၊ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်တာပဲ။ နျူကလီယာ ပြန့်ပွားရေး လုပ်တာဟာ မှားယွင်းတဲ့ လုပ်ရပ်ဆိုတာ ကျွန်တော်တို့က ပြင်းပြင်းထန်ထန် သိစေရပါမယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေ အနေနဲ့ အပြင်းထန်ဆုံး အသုံးအနှုန်းတွေနဲ့ ဖော်ပြကြရပါမယ်'' ဟု ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment