Transparency Myanmar

transparency.myanmar@gmail.com

ပြီးခဲ့သည့် ၂၀၁၀ ကမ္ဘာ့ဖလား ဘောလုံးပွဲ ကာလအတွင်း အာရှဒေသ တစ်လျှောက် တရားမဝင် လောင်းကစားမှုများကို နှိမ်နင်းခဲ့ရာ လူပေါင်း ၅၀၀၀ ကျော် ဖမ်းဆီး အရေးယူ ခံခဲ့ရကြောင်း အင်တာပို (နိုင်ငံတကာ ရဲတပ်ဖွဲ့) က ပြောကြားလိုက်သည်။

တရုတ်၊ မလေးရှား၊ စင်ကာပူနှင့် ထိုင်းနိုင်ငံ တို့တွင် ကမ္ဘာ့ဖလား ဘောလုံးပွဲ တရားမဝင် လောင်းကစားမှုများမှ ငွေကြေး ပမာဏအားဖြင့် ဒေါ်လာ ၁၀ သန်းခန့် သိမ်းဆည်း ရမိခဲ့သည်ဟု အင်တာပိုက ဆိုသည်။ အဆိုပါ နိုင်ငံများမှ ရဲတပ်ဖွဲ့ဝင်များသည် တရားမဝင် လောင်းကစားရုံ ၈၀၀ ခန့်အား စုံစမ်း ဖော်ထုတ်ပြီး စီးနင်း ဝင်ရောက် ဖမ်းဆီးခဲ့ရာမှ ယင်းသို့ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

ဇွန်လ ၁၁ ရက်နေ့မှ ဇူလိုင်လ ၁၁ ရက်နေ့ အတွင်း ပြုလုပ်ခဲ့သော ဘောလုံး လောင်းကစား နှိမ်နင်းမှုများတွင် မော်တော်ကားများ၊ ဘဏ်ကတ်များ၊ ကွန်ပျူတာများ၊ ဖုန်းများ အပါအဝင် အခြားသော ပစ္စည်းများ သိမ်းဆည်း ရမိခဲ့သည်ဟု အင်တာပိုက ပြောသည်။ လောင်းကစား ရုံများသည် ကမ္ဘာ့ဖလား ဘောလုံး ပွဲစဉ် ကာလအတွင်း ဒေါ်လာ ၁၅၅ သန်း (ပေါင် သန်း ၁၀၀) ကျော် ငွေပမာဏဖြင့် အလျော်အစား ပြုလုပ်ခဲ့ကြသည်။

အင်တာပိုသည် ပြင်သစ်နိုင်ငံ လီယွန်မြို့တွင် အခြေစိုက်သည့် နိုင်ငံတကာ ရဲတပ်ဖွဲ့ ဖြစ်ကာ နိုင်ငံ အသီးသီးမှ ရဲများနှင့် ပူးပေါင်းပြီး ဒုစရိုက် နှိမ်နင်းမှုများ ပြုလုပ်နေသော လက်နက်ကိုင် အဖွဲ့အစည်း တစ်ခု ဖြစ်သည်။ ကမ္ဘာတစ်လွှားမှ ရဲတပ်ဖွဲ့များသည် ယခုအခါ သတင်း အချက်အလက်များ စုစည်း ရရှိမှုမှ တစ်ဆင့် ဘောလုံး လောင်းကစားတွင် ပါဝင် ပတ်သက်သူများကို ဆက်လက် ဖမ်းဆီး ရမိလိမ့်မည်ဟု မျှော်လင့်နေကြသည်။

အွန်လိုင်း ကွန်ရက်

အင်တာပို၏ ရဲချုပ် Jean Michel Louboutin က ယခု လောင်းကစား ဖြိုခွင်းမှုသည် အနာဂတ် ကာလတွင် အုပ်စုဖွဲ့ ရာဇဝတ်မှု ကျူးလွန်သည့် အုပ်စုများအပေါ် ရေရှည် ထိရောက်မှု ပေးနိုင်လိမ့်မည် ဖြစ်ကြောင်း ပြောဆိုသည်။

"ယခု အင်တာပိုက ထုတ်ပြန်လိုက်တဲ့ လောင်းကစားမှု စာရင်းဇယားများဟာ အင်မတန် စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဒါဟာ တစ်လအတွင်း တရားမဝင် လောင်းကစားမှုနဲ့ ဆက်နွှယ်တဲ့ ပစ္စည်းတွေ သိမ်းဆည်း ရမိတာ၊ ပြစ်မှု ကျူးလွန်သူတွေကို စုံစမ်း ဖော်ထုတ်နိုင်ရုံ သက်သက် မဟုတ်ပါဘူး။ ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်း ဆောင်ရွက်မှုကြီး တစ်ခုလို့ပါ ပြောလို့ ရပါတယ်" ဟု ၎င်းက ဆိုသည်။

ဘောလုံး လောင်းကစား မှုများသည် အဂတိ လိုက်စားမှု၊ ငွေကြေး ခဝါချမှု အပါအဝင် ပြည့်တန်ဆာ လုပ်ငန်းများနှင့်ပါ လုံးလုံးလျားလျား ဆက်နွှယ်နေကြောင်း၊ ကမ္ဘာ့ဖလား ဘောလုံး လောင်းကစားမှု ဖြိုခွင်းရာ၌ အဆိုပါ အမှုများကိုပါ တစ်ပါတည်း ထုတ်ဖော်နိုင်ခဲ့ကြောင်း အင်တာပိုက ဆိုသည်။

အင်တာပိုသည် ပြီးခဲ့သည့် ၂၀၀၇ နှင့် ၂၀၀၈ ခုနှစ်များတွင်လည်း Soga- ၁ ၊ Soga -၂ အမည်ရ စစ်ဆင်ရေးများ ပြုလုပ်ကာ ရဲတပ်ဖွဲ့ဝင်များ အချင်းချင်း ပူးပေါင်း ဆောင်ရွက်မှုများကို အကောင်အထည် ဖော်နိုင်ခဲ့သည်။ ယခု ၂၀၁၀ ကမ္ဘာဖလား ကာလအတွင်း ပြုလုပ်ခဲ့သော Soga- ၃ အမည်ရ စစ်ဆင်ရေး အပါအဝင် Soga စစ်ဆင်ရေး သုံးခုမှ ဖမ်းဆီးမှု ၇၀၀၀ ကျော် နှင့် ဒေါ်လာ ၂၆ သန်း တန်ဖိုး သိမ်းဆည်း ရမိခဲ့သည်ဟု မစ္စတာ Jean Michel Louboutin က ပြောကြားသည်။

BBC  သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment