Transparency Myanmar

transparency.myanmar@gmail.com

Aisa Sentinel, By Adam Selene, 3rd August 2010

အမေရိကန် ပြည်ထောင်စုနှင့် မြန်မာအစိုးရတို့၏ အသစ်တဖန် တွေ့ဆုံ ဆွေးနွေးမှုမှာ လူအများကို အတော် ဆွဲဆောင်ခဲ့သည့် ကိစ္စဖြစ်ခဲ့သည်။ သို့သော် အဆိုပါ စကားပြောမှုများမှ မည်သည့် ရလဒ်မျှ ထွက်ပေါ်လာခြင်း မရှိသေးပေ။

ထိုသို့ ဖြစ်ရခြင်းအတွက် မအံ့သြသင့်ပေ။ အမေရိကန် သံတမန်များကပင် အလွတ်သဘော ဝန်ခံခဲ့ဖူးသည်။ မြန်မာ အစိုးရနှင့် တွေ့ဆုံ စကားပြောမှုမှာ စကားပြောမှု သက်သက်ထက် နည်းနည်းသာ ပိုသည့် အဆင့်တွင် ရှိသည်ဟု ဝန်ခံခဲ့ကြသည်။ တရားဝင် ကမ်းလှမ်းချက်များလည်း မရှိပါ။ အမေရိကန်ကလည်း ဒီမိုကရေစီ ပြောင်းလဲမှုများ အတွက် တောင်းဆိုသော ၎င်း၏ မူဝါဒကိုသာ ဖက်တွယ်ထားဆဲ ဖြစ်သည်။

တစ်ချိန်တည်းမှာပင် သမ္မတ Barack Obama ကလည်း မြန်မာနိုင်ငံ အပေါ် အမေရိကန်၏ အရေးယူမှုများကို သက်တမ်း တိုးခဲ့သည်။ ထို့ကြောင့် နှစ်နိုင်ငံ ဆက်ဆံရေးမှာ ပြောစရာ သတင်း ဘာမျှ မထူးချေ။

အနောက်နိုင်ငံများ သဘောပေါက်ရန် လိုအပ်သော အချက်မှာ မြန်မာ အစိုးရသည် လူသိရှင်ကြား အညံ့ခံလိမ့်မည် မဟုတ်ဟူသော အချက်ဖြစ်သည်။ မြန်မာနိုင်ငံတွင် စစ်တပ်သည် အဓိက အာဏာ ရှိနေဆဲ ဖြစ်ပြီး၊ စစ်တပ်သည် စုစည်း ညီညွတ်ပြီး၊ သနားညှာတာခြင်း ကင်းမဲ့သည့် ပုံရိပ်ကို ပိုင်ဆိုင်နေသောကြောင့် ဖြစ်သည်။ ထိုအချက်သည် အစိုးရအား လွန်စွာမှ အကျိုးပြုသည်။ စစ်တပ်သည် မြန်မာပြည်သူများကို ကြောက်အောင်၊ လမ်းပေါ် မထွက်ရဲအောင် ထိန်းထားနိုင်စွမ်း ရှိသောကြောင့် ဖြစ်သည်။ စိတ်ပညာ ရှုဒေါင့်မှ ကြည့်လျှင် မြန်မာဗိုလ်ချုပ်များသည် ဘယ်သောအခါမျှ အားနည်းသည့် လက္ခဏာ ပြလိမ့်မည် မဟုတ်ပေ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေဖြင့် အမေရိကန် ဖြစ်စေလိုသည့် အချက်များကို ခေါင်းညိတ်ခဲ့လျှင် မျက်နှာထားစရာ မရှိတော့မည့်အပြင် ၎င်း၏ စိတ်ဓာတ် ပြင်းထန်သော သူတစ်ယောက်၏ ပုံရိပ်မှာ တစစီ ကွဲကြေသွားလိမ့်မည် ဖြစ်သည်။

မြန်မာနိုင်ငံနှင့် ပတ်သက်သော အနောက်နိုင်ငံများ၏ မူဝါဒကို အရာမထင်အောင် လုပ်နေသော နောက်ထပ် အချက်တစ်ခု ရှိသေးသည်။ မြန်မာဗိုလ်ချုပ်များသည် နိုင်ငံရေးသမားများ သာမဟုတ် ၎င်းတို့သည် စီးပွားရေး သမားများလည်း ဖြစ်နေခြင်းပင် ဖြစ်သည်။ မြန်မာ အစိုးရ (SPDC) သည် ယုံကြည်မှုအပေါ် အခြေခံ၍ လည်ပတ်နေခြင်း မဟုတ်ပေ။ သူတို့သည် လက်ဆုပ်လက်ကိုင် ပြနိုင်သည်ကိုသာ အလိုရှိသည်။ ၎င်း၏ အိန္ဒိယ၊ တရုတ်တို့နှင့် ဆက်ဆံရေးကို ကြည့်ပါက၊ SPDC သည် ရော့ပတ္တမြား၊ ရော့နဂါး မူဝါဒကို အခြေခံ၍ အလုပ်လုပ်နေသည်ကို တွေ့ရမည် ဖြစ်သည်။ နှစ်ဖက်စလုံးက မိမိဘာလိုချင်သည်၊ ဘာကို ပေးရမည် ဆိုသည်ကို ရှင်းရှင်းလင်းလင်း သဘောပေါက်ကြသည်။

ထိုကဲ့သို့ အပေးအယူ သဘောတရားနှင့် လုပ်ကိုင်မှုမျိုးကို အမေရိကန် ပြည်ထောင်စုနှင့် စကား ပြောရာတွင် မတွေ့ရပေ။ အမေရိကန်များသည် ၎င်းတို့ လိုချင်သည်များသာ ရှိပြီး၊ ပြန်ပေးရမည့် အရာများအတွက် ဝါးတားတား လုပ်ထားကြသည်။ ထိုအချက်ကြောင့် မြန်မာ အစိုးရသည် ကောင်းကောင်းမွန်မွန် ဆက်ဆံရမည့် အစား၊ ၎င်းတို့ကို စိတ်ဆိုးစေသည်။

ဥရောပ သမဂ္ဂသည် မြန်မာနိုင်ငံနှင့် ပတ်သက်သော မူဝါဒတွင် လိုချင်သည့် ရလဒ်နှင့် ပြောင်းပြန် အဖြေကိုသာ ရရှိပေသည်။ ဥရောပ တိုင်းပြည်များကလည်း အမေရိကန် ကဲ့သို့ပင် မပြောင်းလဲသော သံတမန်ရေးရာနှင့် စီးပွားရေး အရေးယူ ပိတ်ဆို့မှုများကိုသာ အသုံးပြုခဲ့ကြသည်။ သို့သော် အောင်မြင်မှု မရခဲ့ပေ။ ယနေ့အချိန်တွင် အရေးယူမှုများသည် အပေါင်းလက္ခဏာ ဆောင်မှုများကို မပြုလုပ်ပေးနိုင်ဟု ယုံကြည်ရန် ခဲယဉ်းနေကြဆဲ ဖြစ်သည်။

လွန်ခဲ့သော နှစ်ပတ်ခန့်က မြန်မာ့အရေး ကိစ္စတွင် သဘောထား တင်းမာသူဟု သိနေကြသူ ဒတ်ခ်ျ နိုင်ငံခြားရေး ဝန်ကြီး Maxime Verhagen ကပင် ၎င်း၏ မိန့်ခွန်းတွင် အရေးယူမှုများ အလုပ် မဖြစ်ကြောင်း ဝန်ခံခဲ့သည်။ သို့သော် ၎င်းက ထိုသို့ ပြောခြင်းမှာ အရေးယူမှုများကို ဖယ်ရှားရမည်ဟု ဆိုလိုခြင်း မဟုတ်ကြောင်း ပြန်ပိတ်ခဲ့သည်။

တစ်ချိန်တည်းတွင် မြန်မာနိုင်ငံတွင် အရေးကြီးသော လုပ်ငန်းစဉ်များက အတော် ခရီးရောက်နေပြီဖြစ်ရာ အီးယူနှင့် အမေရိကန်တို့၏ အဖြေမထွက်သော မူဝါဒများမှာ လဲလိုသော သေလိုက်ဖို့ ကောင်းနေပြီ ဖြစ်သည်။ မြန်မာနိုင်ငံ ပြင်ပမှ အတိုက်အခံ အင်အားစုများက ရွေးကောက်ပွဲကို အတုအယောင်၊ အလိမ်အညာ အဖြစ် ငြင်းဆန်နေဆဲ ဖြစ်သော်လည်း အခြေခံ ဥပဒေ အသစ်နှင့် ရွေးကောက်ပွဲများသည် ဆယ်စုနှစ်များစွာ ပျောက်ဆုံးနေသော အချို့ လွတ်လပ်ခွင့်များနှင့် အဆင့် တစ်ခုထိ ပါဝင်ခွင့်များ ခွင့်ပြုထားသည် ဆိုသည့် အချက်ကို လက်ခံကြရမည် ဖြစ်သည်။

ကိုယ့်ကိုကိုယ် ဘေးရောက်သွားစေမည့် ဝါဒအစား၊ အနောက်နိုင်ငံများ အနေဖြင့် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲများ ဒီမိုကရေစီ သဘာဝများနှင့် ညီညွတ်စေရေးအတွက် မိမိစွမ်းအား ရှိသလောက် ဘာမဆို လုပ်သင့်ပေသည်။ နည်းလမ်း အဟောင်းဖြင့် ချဉ်းကပ်ခြင်းသည် အဖြေ မထွက်သည့်အတွက်  နည်းလမ်း အသစ်တစ်ခု လိုအပ်နေသည်။ အမြန် လိုအပ်နေသည်။

အရေးကြီးသည့် အချက် နှစ်ခု ရှိသည်။ ပထမ အချက်မှာ မြန်မာ အစိုးရနှင့် ဆက်ဆံလိုစိတ် ရှိသင့်သည် ဟူသော အချက် ဖြစ်သည်။ SPDC သည် ရိုင်းစိုင်းသော အစိုးရ တစ်ခု ဖြစ်သည်မှာ အမှန်ပင် ဖြစ်သည်။ သို့သော် ၎င်းမှာ လက်ရှိ အာဏာ ယူထားသော အစိုးရ ဖြစ်နေသည်။ အကယ်၍ မြန်မာနိုင်ငံတွင် တစ်ခုခု အောင်မြင်မှု ရရန် လိုအပ်လျက် ရှိရာ တစ်ဦးဦးက ရိုးသားခဲ့မည် ဆိုလျှင်၊ ထိတွေ့  ဆက်ဆံရမည်မှာ ရှောင်လွှဲ၍  မရသော အချက် ဖြစ်သည်။ အရေးယူမှုများကိုမူ ဈေးဆစ်နိုင်သော ပစ္စည်းအဖြစ် ကိုင်ထားနိုင်သေးသည်။ ကိုယ့်ဖက်က စတင်လိုက်၍ အချက်မှာ အကောင်းဆုံး ဖြစ်သည်။ တစ်ခုခု ကမ်းလှမ်းလိုက်ပြီး၊ ဆုလာဘ်၏ သဘောတရားကို ရှင်းလင်းစွာ သဘောပေါက်အောင် လုပ်ပြီး၊ ၎င်းတို့ အခြေခံ၍ ရှေ့ဆက် သွားရမည် ဖြစ်သည်။

သို့ရာတွင် အနောက်နိုင်ငံများ အဖို့ လုံးဝ အသစ်တစ်ခု ကပြရန် ခက်ခဲမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အနောက်နိုင်ငံများရှိ ဒီမိုကရေစီ အပြန်အလှန် ထိန်းကျောင်းမှု စနစ်များနှင့် အတိတ်က မြန်မာနိုင်ငံ အပေါ် မူဝါဒများက စိတ်မှာ စွဲပြီး ဖြစ်နေသောကြောင့် ဖြစ်သည်။ သို့သော် အချိန်က ရပ်မနေပါ။ အစိုးရက ရွေးကောက်ပွဲ ကျင်းပမည့်ရက် မကြေညာသေးသော်လည်း ရွေးကောက်ပွဲ အရိပ်ကတော့ ထိုးနေပြီ ဖြစ်သည်။ လုပ်စရာ ရှိသည်များ မြန်မြန် လုပ်သင့်လှပေသည်။

ဒုတိယ အရေးကြီးသော အချက်မှာ နံပါတ်ဂိမ်းကို လူသိအောင် မလုပ်မိရေး ဖြစ်သည်။ မြန်မာ အစိုးရကို အခွင့်အရေး စပေးပြီး၊ သူ့ဘက်က ပျော့ပြောင်းလာသည်နှင့်အမျှ တစ်ခုခု ပြန်ရသွားပါစေ။ ဤသည်မှာ ရလဒ်ပင် ဖြစ်သည်။ ဗိုလ်ချုပ်များဖက်မှ အလျော့ပေးပြီဟု ယူဆအောင် လုပ်နိုင်သည့် အချိန်တွင် ယုံကြည်မှု တည်ဆောက်နိုင်ပြီး ထိုအချိန်မှစ၍ ဆက်ဆံရေးကို အစမှ ပြန်စနိုင်မည် ဖြစ်သည်။

အနောက်နိုင်ငံများ အတွက် ယခုလုပ်ရန် လိုအပ်သည့် ကိစ္စမှာ အပေးအယူလုပ်ခြင်းနှင့် ဆက်ဆံရေးကို လျှို့ဝှက်စွာ လုပ်ရန် ဖြစ်သည်။ ထို့အတွက်ကြောင့် ကျည်ဆံများကို ဝါးစားနေသည်ဟု ဝေဖန်မှုများ ဖြစ်စေခဲ့လျှင်လည်း လုပ်စရာ ရှိသည်များကို ဆက်လုပ်ရန်သာ လိုအပ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment