Transparency Myanmar

transparency.myanmar@gmail.com

Earth Rights International, 2nd August 2010

စွမ်းအင် ဘီလူးကြီးများ ဖြစ်သော Total နှင့် Chevron တို့သည် ၎င်းတို့၏ ဓါတ်ငွေ့ စီမံကိန်းများမှ တဆင့် မြန်မာစစ်ဖက် အစိုးရအား ကျားကန်ပေးနေသည်ဟု စွပ်စွဲခြင်း ခံနေရသည်။

၎င်းတို့ကြောင့် မြန်မာအစိုးရကို ဒေါ်လာ ၅ ဘီလျံခန့် ဝင်ငွေ ရရှိသွားစေခဲ့သည်ဟု လူ့အခွင့်အရေးအဖွဲ့ Earth Rights International က ပြောကြားထားသည်။

အဆိုပါ ပိုက်ဆံများကို မြန်မာနိုင်ငံတွင်း ဆင်းရဲမွဲတေမှုကို တိုက်ဖျက်ရာတွင် အသုံးပြုရမည့် အစား စင်ကာပူဘဏ်များတွင် လျှို့ဝှက် အပ်နှံထားသည်ဟု သိရှိရသည်။

အဓမ္မခိုင်းစေမှုများ၊ သတ်ဖြတ်မှုများ၊ ထိပ်ပိုင်းအဆင့် လာဘ်စားမှုများကို Total နှင့် Chevron က လျစ်လျူရှုနေသည်ဟုလည်း လူ့အခွင့်အရေးအဖွဲ့က စွပ်စွဲခဲ့သည်။

အဆိုပါ စွပ်စွဲချက်များကို ကုမ္ပဏီကြီး နှစ်ခုက ငြင်းဆိုလိုက်ပြီး ၎င်းတို့အနေဖြင့် ကျေးလက် လူမှုအဖွဲ့အစည်းတွင် လက်တွေ့ကျကျ အပြုသဘော ဆောင်သော ကဏ္ဍမှ ပါဝင်နေရာ ကျန်းမာရေးနှင့် ပညာရေး အစီအစဉ်များ အကောင်အထည် ဖော်လျက် ရှိသည်ဟု ပြောကြားခဲ့သည်။

အစီရင်ခံစာတွင် အမည် ဖော်ပြထားသော စင်ကာပူဘဏ် ၂ ခုကလည်း ပါဝင် ပတ်သက်မှုကို ငြင်းဆိုခဲ့သည်။

အစိုးရ၏ အသက်သွေးကြော

မြန်မာကမ်းလွန် ဓါတ်ငွေ့သိုက်မှ ထိုင်းနိုင်ငံသို့ ဓါတ်ငွေ့ပို့ဆောင်နေသည့် ရတနာ ဓါတ်ငွေ့ ပိုက်လိုင်း စီမံကိန်းနှင့် ပတ်သက်သော အစီရင်ခံစာ ၂ စောင်ကို Earth Rights International က ထုတ်ပြန်ခဲ့သည်။

Earth Rights Internation ၏ မြန်မာ ပရောဂျက် ညှိနှိုင်းရေး တာဝန်ခံ Matthew Smith က "Total နှင့် Chevron ဟာ မြန်မာ စစ်အစိုးရကို တစ်ခုတည်းသော အကြီးဆုံး အသက်သွေးကြော (ဓါတ်ငွေ့ပိုက်လိုင်း) နဲ့ အထူးသဖြင့် ဖြည့်ဆည်းခဲ့တာကြောင့် ဒီစီမံကိန်းကနေ အခွန်ငွေတွေ ရသွားစေပါတယ်'' ဟု ပြောကြားသည်။

မြန်မာ စစ်ဗိုလ်ချုပ်များက ဓါတ်ငွေ့ဖိုး ပိုက်ဆံများကို နိုင်ငံတော် ဘတ်ဂျက်မှ မည်သို့မည်ပုံ ထုတ်ယူကာ စင်ကာပူရှိ ဘဏ်စာရင်းတွင် အပ်နှံခဲ့သည် ဆိုသည်ကို သတင်းရင်းမြစ်များက ရှင်းပြခဲ့ကြောင်း ၂ နှစ်ကြာ သုတေသန ပြုလုပ်ခဲ့သည့် အစီရင်ခံစာတွင် ၎င်းက ရှင်းလင်း တင်ပြထားသည်။

"၂၀၀၀ ခုနှစ်က စပြီး ရရှိခဲ့တဲ့ ဒေါ်လာ ၄.၈၃ ဘီလျံထဲက ဒေါ်လာ ၄.၈ ဘီလျံ နီးပါးဟာ အမျိုးသား ဘတ်ဂျက်ထဲကို စာရင်း မဝင်ခဲ့ပါဘူး၊ မြန်မာ စစ်ဖက် အစိုးရက သူတို့ရဲ့ တရားမဝင် အခွန်ငွေနဲ့ မသန့်ရှင်းတဲ့ ပိုက်ဆံတွေကို စင်ကာပူနိုင်ငံက နိုင်ငံခြားဘဏ် ၂ ခုမှာ အပ်နှံ သိမ်းဆည်းထားတယ်လို့ သတင်း ရင်းမြစ်တွေက ထုတ်ဖော်ခဲ့ကြပါတယ်'' ဟု Matthew Smith က ပြောကြားခဲ့သည်။

အစီရင်ခံစာတွင် အဆိုပါဘဏ် နှစ်ခု၏ အမည်ကို ဖော်ပြထားသော်လည်း ၎င်းဘဏ် နှစ်ခုစလုံးက မြန်မာနိုင်ငံ၏ ရတနာ စီမံကိန်းနှင့် ပတ်သက်မှုကို ငြင်းဆိုသည့် ကြေညာချက်များ ထုတ်ပြန်ခဲ့ပြီး အစီရင်ခံစာသည် မှန်ကန်မှု မရှိ၊ အခြေအမြစ် မရှိဟု ပြောကြားခဲ့သည်။

လူ့အခွင့်အရေး ညှဉ်းးပန်း နှိပ်စက်မှု စွပ်စွဲချက် များသည် Total နှင့် Chevron လုပ်ကိုင်နေသော ဓါတ်ငွေ့ ပိုက်လိုင်းကို လုံခြုံရေး တာဝန်ယူပေးနေသည့် မြန်မာစစ်တပ် အပေါ် စွပ်စွဲထားခြင်း ဖြစ်သည်။

အရေးယူ ဒဏ်ခတ်မှာလား

မြန်မာ စွမ်းအင် စီမံကိန်းများကို တောက်လျှောက် စောင့်ကြည့် လေ့လာနေသည့် ဆစ်ဒနီ Macquarie University မှ စီးပွားရေး ပညာ တွဲဖက် ပါမေက္ခ Sean Turnell က စစ်ဖက် အုပ်ချုပ်သူများ ငွေများစွာ ရှာဖွေနေသည့် နည်းလမ်းသည် အရေးယူ ဒဏ်ခတ်ရေး ကိစ္စ ပေါ်ထွက်စေသည်ဟု ပြောကြားသည်။

"ကျွန်တော်တို့ သိတဲ့အတိုင်း ဆိုရင် အမေရိကန် ပြည်ထောင်စုနဲ့ ဥရောပ နိုင်ငံတွေဟာ မြန်မာနိုင်ငံ အပေါ်မှာ တော်တော်လေး တင်းကျပ်တဲ့ ငွေကြေး အရေးယူ ပိတ်ဆို့မှုတွေ ပြုလုပ်ဖို့ ရှိပါတယ်'' ဟု ၎င်းက ဆိုသည်။

"မြန်မာ စစ်ဗိုလ်ချုပ်တွေဟာ တခြားနိုင်ငံတွေကို အသုံးပြုပြီး ဒီပြဿနာကို ရှောင်တိမ်းနိုင်စွမ်းရှိတယ်။ တခြားနိုင်ငံ အချို့အပေါ်ကိုလည်း အလားတူ ပိတ်ဆို့မှုတွေနဲ့ ဖိအားပေးဖို့ ကြိုးစားနေတဲ့  ဒီအရေးယူ ဒဏ်ခတ်မှုတွေကို စည်းကြပ်တဲ့ နိုင်ငံတွေရဲ့ စိတ်ဝင်စားဖွယ်ရာ နောက်တစ်ဆင့်ဟာ ဘာဖြစ်မလဲ ဆိုတာကို ကျွန်တော် စဉ်းစားနေပါတယ်" ဟု ၎င်းက ဆက်လက် ပြောကြားသည်။

အမေရိကန်နှင့် အီးယူက မြန်မာစစ်ဖက် အုပ်ချုပ်သူများ အပေါ် ချမှတ်သည့် အရေးယူ ဒဏ်ခတ်မှုများသည် Chevron နှင့် Total ကို တင်းကျပ်နိုင်ခြင်း မရှိပါ။

ပြည်သူ အများစု ဆိုးဆိုးဝါးဝါး ဆင်းရဲ မွဲတေနေသော မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ ကိုင်တွယ်မှု အဖြစ် အရေးယူ ဒဏ်ခတ်မှုများကို တင်းကျပ်မလား၊ စွန့်လွှတ်ရုတ်သိမ်းမလား ဆိုသည်ကို ငြင်းခုန်နေကြဆဲ ဖြစ်သည်ဟု BBC ၏ အာရှ သတင်းထောက် Alistair Leithead ၏ အဆိုအရ သိရှိရသည်။

 

 

 

 

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment