Transparency Myanmar

transparency.myanmar@gmail.com

လာမည့် ရက်သတ္တပတ်တွင် အမေရိကန် ပြည်ထောာင်စု၊ နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်သို့ အလည်အပတ် သွားရောက် လည်ပတ်စဉ် အတွင်း သမ္မတ ဘားရက်အိုဘားမားနှင့် တွေ့ဆုံရန် အသင့်ဖြစ်နေပြီ ဖြစ်ကြောင်း အီရန်သမ္မတ မိုဟာမက် အာမက် ဒီနီဂျက်က ပြောကြားလိုက်သည်။

အမေရိကန် ပြည်ထောင်စုသို့ သွားရောက်စဉ် သမ္မတ အိုဘားမားနှင့် တွေ့ဆုံကာ စကားစစ်ထိုးရန် အသင့်ဖြစ်နေပြီ ဖြစ်ကြောင်း သမ္မတ အာမက်ဒီနီဂျက်က သြဂုတ်လ ၃ ရက်နေ့ တီဟီရန် မြို့တော်တွင် ပြောကြားခြင်း ဖြစ်သည်။

အီရန် သမ္မတသည် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ တက်ရောက်မည် ဖြစ်ပြီး ၎င်းအနေဖြင့် အမေရိကန် သမ္မတနှင့် မျက်နှာချင်းဆိုင် ထိုင်ကာ နိုင်ငံတကာ မီဒီယာများ ရှေ့မောက်တွင် ကမ္ဘာ့ရေးရာ ကိစ္စများကို လွတ်လွတ်လပ်လပ် စကား စစ်ထိုးရန် အသင့် ဖြစ်နေကြောင်း၊ စကားစစ် ထိုးရာတွင် မည်သူ၏ အတွေးအခေါ်၊ ဖြေရှင်းချက်က ပို၍ ကောင်းမွန်သည်ကို တွေ့မြင်လိုကြောင်း ပြောကြားသည်။

မစ္စတာ အာမက် ဒီနီဂျက်က ယခုကဲ့သို့ အမေရိကန် သမ္မတ အိုဘားမားကို တွေ့ဆုံစကား စစ်ထိုးရန် ကမ်းလှမ်းပြီး စိန်ခေါ်မှု ပြုလုပ်သည်မှာ ပထမဆုံး အကြိမ် မဟုတ်ပေ။ မကြာသေးသော အချိန်ကာလကလည်း သမ္မတ အိုဘားမားသည် ထိခိုက် ပျက်စီးထားသော အမေရိကန် ပြည်ထောင်စုနှင့် အီရန် နှစ်နိုင်ငံ ဆက်ဆံရေး ပိုမို ကောင်းမွန်အောင် လုပ်ဆောင်နိုင်မည့် သမိုင်းဝင် အခွင့်အလမ်းများ လက်လွတ် ဆုံးရှုံးခဲ့ကြောင်း ပြစ်တင် ဝေဖန်ခဲ့သည်။

အမေရိကန် သမ္မတကလည်း အကယ်၍ အီရန်နိုင်ငံကသာ နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှုအတွက် ပြန်လည် ကမ်းလှမ်းပါက မိမိတို့ကလည်း ကမ်းလှမ်းမှု ပြုလုပ်သွားမည် ဖြစ်သည်ဟု ဆိုထားသည်။

အီရန်နိုင်ငံ၏ နျူကလီယာ အစီအစဉ်ကို ဆန့်ကျင် ကန့်ကွက်သည့် အနေဖြင့် ပိတ်ဆို့ အရေးယူမှုများ ထပ်မံ ပြုလာသည့် ကိစ္စနှင့် ပတ်သက်၍ မစ္စတာ အာမက်ဒီနီဂျက်က အနောက် အင်အားကြီး နိုင်ငံများကို ပြစ်တင် ဝေဖန်ခဲ့သည်။ အီရန် ထိပ်တန်း ခေါင်းဆောင်ကြီး အလီခါမေနီသည် အိုဘားမားအပေါ် ကြိမ်ဖန်များစွာ ပုတ်ခတ် ပြောဆိုထားသူ ဖြစ်သည်။

အီရန်နိုင်ငံသည် နျူကလီယာ လက်နက် တပ်ဆင် ထုပ်လုပ်ရန် ကြိုးပမ်းလျက် ရှိသည် ဟူသော အနောက်နိုင်ငံများ၏ စွပ်စွဲချက်သည် မှန်ကန်မှု မရှိကြောင်း တီဟီရန် အစိုးရက ငြင်းပယ်ထားသည်။ ယူရေနီယံ သန့်စင် ထုတ်လုပ်မှုကို ရပ်ဆိုင်းခြင်း မပြုနိုင်ဟု အီရန်နိုင်ငံက ငြင်းပယ်ခဲ့ပြီးနောက် ကုလသမဂ္ဂက ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့မှုများကို လေးကြိမ်တိတိ ပြုလုပ်ခဲ့သည်။ ငြိမ်းချမ်းရေးကို ဦးတည်သော နျူကလီယာ အစီအစဉ်အတွက် ယူရေနီယံ သန့်စင်မှု ပြုလုပ်ပိုင်ခွင့် ရှိသည်ဟု အီရန်က အနောက်နိုင်ငံများ၏ စွပ်စွဲချက်များကို တုံ့ပြန်ခဲ့သည်။

သမ္မတ အာမက်ဒီနီဂျက်နှင့် အခြားသော အီရန် ခေါင်းဆောင်များသည် ပိတ်ဆို့ အရေးယူမှုများ အရှိန် လျော့ကျလာရေးအတွက် အနောက်နိုင်ငံများကို ချဉ်းကပ်ရန် ကြိုးပမ်းလျက် ရှိကြောင်း အီရန် သံတမန်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးသူ လန်ဒန်အခြေစိုက် နိုင်ငံရေး လေ့လာသူ Mehrdad Khonsari က ပြောကြားသည်။

"အီရန်နိုင်ငံအပေါ် အနောက်အုပ်စုက အရှိန်အဟုန်နဲ့ ပိတ်ဆို့ အရေးယူမှုတွေ ပြင်းပြင်းထန်ထန် လုပ်နေတဲ့ ကိစ္စကို သူတို့က စိုးရိမ် ပူပန်နေကြတယ်။ အခုလို အာမက်ဒီနီဂျက်က အမေရိကန် သမ္မတနဲ့ တွေ့ဆုံပြီး စကားစစ်ထိုးမယ်၊ ဘာမယ် ပြောတဲ့ ကိစ္စဟာ တကယ်တော့ ပိတ်ဆို့ အရေးယူမှုတွေ လျော့နည်းသွားအောင်လို့ပါ။ နှစ်ဦးနှစ်ဖက် ဒိုင်ယာလော့ လုပ်မယ် ဆိုတဲ့ ကိစ္စဟာ အီရန်နိုင်ငံပေါ်မှာ အရေးယူ ဆောင်ရွက်မယ့် ကိစ္စတွေ ရွှေ့ဆိုင်းစေတဲ့ သဘောပါပဲ" ဟု မစ္စတာ Mehrdad Khonsari က ဆိုသည်။

အီရန်နိုင်ငံဖွား အရှေ့အလယ်ပိုင်း ရေးရာ ကျွမ်းကျင်သူ Alex Vatanka က သမ္မတ အာမက် ဒီနီဂျက်သည် အမေရိကန် ပြည်ထောင်စုနှင့် အီရန်နိုင်ငံ ချစ်ကြည် ရင်းနှီးမှု တိုးမြှင့်ရန် အမှန်တကယ် လုပ်ဆောင်နေခြင်း ဖြစ်သော်လည်း ၎င်း၏ ချဉ်းကပ်ပုံ ချဉ်းကပ်နည်းမှာ လွဲမှားနေကြောင်း ပြောကြားလိုက်သည်။

VOA သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment