Transparency Myanmar

transparency.myanmar@gmail.com

Yahoo News, 4th August 2010

အမေရိကန် ဘီလျံနာ ၃၈ ဦးသည် Warren Buffett နှင့် Bill Gates တို့ စတင်ခဲ့သော စီမံချက်မှ တဆင့် ၎င်းတို့ ချမ်းသာ ကြွယ်ဝမှု၏ ၅၀ % ကို လှူဒါန်းရေး ရန်ပုံငွေ အဖွဲ့သို့ ထည့်ဝင်သွားရန် စီစဉ်ထားကြသည်ဟု သိရသည်။

၎င်းတို့တွင် နယူးယောက် မြို့တော်ဝန် Michael Bloomberg၊ CNN တည်ထောင်သူ Ted Turner နှင့် ဖျော်ဖြေရေး လုပ်ငန်း အမှုဆောင် Barry Diller တို့လည်း ပါဝင်သည်။

အဆိုပါ အစီအစဉ် The Giving Pledge တွင် ပရောဂျက်တွင် ပါဝင်ရန် ကတိပြုထားသူ မိသားစုများနှင့် တစ်ဦးချင်းကို စာရင်းပြုစုထားသည်။

လှူဒါန်းရေး အစီအစဉ်မှာ တရားဝင် စာချုပ်ဖြင့် ပြုလုပ်ထားခြင်း မဟုတ်ဘဲ သဒ္ဓါ ထက်သန်မှု ကတိကဝတ်သာ ဖြစ်ကြောင်း ဆိုသည်။

ထိုစီမံချက်ကို ဇွန်လက စတင်ခဲ့ပြီး အမေရိကန် ဘီလျံနာများအား ၎င်းတို့ အသက်ရှိစဉ်တွင် လည်းကောင်း၊ သေဆုံးပြီးသော် လည်းကောင်း ၎င်းတို့၏ ငွေများထဲမှ အနည်းဆုံး တစ်ဝက်ကို လှူဒါန်းရန် စည်းရုံးနေသည်။

"ကျွန်တော်တို့ အခုမှ စတာပါ။ ဒါပေမယ့် အလွန် ကောင်းမွန်တဲ့ တုန့်ပြန်မှုတွေကို ရရှိနေပါတယ်" ဟု Mr.Buttett က ကြေညာချက်တွင် ပြောကြားခဲ့သည်။

"The Giving Pledge ဆိုတာကတော့ ချမ်းသာကြွယ်ဝတဲ့ မိသားစုတွေကို သူတို့ရဲ့ ကြွယ်ဝမှုတွေနဲ့ ဒါတွေကို ဘယ်လို အသုံးပြုရမလဲဆိုတာကို အရေးကြီးတဲ့ တွေ့ဆုံ စကားပြောတဲ့ အစီအစဉ်ပါပဲ" ဟု ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

မိမိ၏ ငွေများကို လူများအား ကူညီပေးရန်နှင့် လှူဒါန်းရေး အဖွဲ့များသို့ ပေးရန် စီစဉ်သူများသည် ရှင်းလင်းချက်ပေးသည့် စာဖြင့် မိမိ၏ ရည်ရွယ်ချက်များကို လူသိရှင်ကြား ထုတ်ပြန်ရမည် ဖြစ်သည်။

ထိုသို့ လှူဒါန်းရန် စီစဉ်သူ ဘီလီယံနာများတွင် ရုပ်ရှင် ထုတ်လုပ်သူ George Lucas၊ အလှူကြီးပေးလေ့ ရှိသူ David Rockefeller၊ ရေနံတွင်း ရင်းနှီးမြှုပ်နှံသူ T Boone Pickens တို့လည်း ပါဝင်သည်။

"ကျွန်ုပ်သည် ကျွန်ုပ် ချမ်းသာမှု အများစုကို ပညာရေး တိုးတက်ရေး ကိစ္စများတွင် အသုံးပြုရန် လှူဒါန်းမည်ဟု ရည်ရွယ်ထားသည်။ ပညာရေးသည် လူသားမျိုးနွယ် ဆက်လက် ရှင်သန်ရေး အတွက် အရေးကြီးသည့် အရာဖြစ်သည်" ဟု Mr Lucas က ၎င်း၏ လှူဒါန်းရေး အစီအစဉ် ကြေညာစာတွင် ဖော်ပြထားသည်။

လှူဒါန်းရေး ရန်ပုံငွေ အဖွဲ့မှ ပြောကြားရာတွင် အလှူရှင်များသည် အနိမ့်ဆုံး ၅၀ % သတ်မှတ်ချက်ထက် ပိုမို များပြားစွာ လှူဒါန်းရန် ကတိပြုထားကြသည်ဟု ဆိုသည်။

"Giving Pledge သည် ဘီလျံနာများကို ပစ်မှတ်ထားလျက် ရှိရာ၊ ထိုသို့ ဖြစ်မြောက်လာရေး အတွက် ယခင်ကရော ယခုပါ ငွေရေးကြေးရေး အရရော အခြားကိစ္စများတွင်ပါ ပါဝင်ခဲ့သူများကို အသိအမှတ် ပြုရမည် ဖြစ်သည်" ဟု Givingpledge.org တွင် ရေးသားထားသည်။

Mr Buffett သည် Mr Gates နှင့် ဇနီး Melinda တို့နှင့်အတူ ပြီးခဲ့သည့်နှစ်က အမေရိကန် ဘီလျံနာများနှင့် အကြိမ်ပေါင်းများစွာ ညစာစားပြီး စီမံချက် ဖြစ်မြောက်ရေးနှင့် လှူဒါန်းရေး အတွက် အမေရိကန် ငွေကြေးအီလစ်များကို တိုက်တွန်းခဲ့သည်။

"ကျွန်ုပ် အရင်ကတည်းက ဖော်ပြခဲ့သကဲ့သို့ ကျွန်ုပ်သည် ငွေရှာရသည်ကို သဘောကျပါသည်။ ထိုငွေများကို လှူရသည်ကိုလည်း သဘောကျပါသည်။ ငွေပိုရှာရတာကို နှစ်သက်ပါသည်။ သို့သော် လှူဖို့ကတော့ နောက်တွင် ကပ်လျက် တွဲပါနေပါသည်" ဟု Mr Pickens က ကြေညာစာတမ်းတွင် ဖော်ပြထားသည်။

ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီဖြစ်သော Berkskire Hathaway မှ အမှုဆောင်ချုပ် Mr Buffett သည် ၎င်းပိုင်ဆိုင်မှု၏ ၉၉ % ကို Bill and Melinda Gates ဖောင်ဒေးရှင်းနှင့် မိသားစု လှူဒါန်းရေး ရန်ပုံငွေ အဖွဲ့သို့ ပေးရန် ၂၀၀၆ ခုနှစ်က စီစဉ်ခဲ့သည်။

Mr. Buffett ၏ ချမ်းသာမှုသည် ဒေါ်လာ ၄၇ ဘီလီယံ (ပေါင်စတာလင် ၂၉ ဘီလီယံ) ရှိမည်ဟု Forbes မဂ္ဂဇင်းက မတ်လက ခန့်မှန်းခဲ့သည်။

Forbes မဂ္ဂဇင်းက သတ်မှတ်ချက်အရ ကမ္ဘာပေါ်တွင် ဒုတိယ အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်သူ Bill Gates သည် သူ၏ ဖောင်ဒေးရှင်းသို့ ဒေါ်လာ ၂၈ ဘီလျံကျော်ကို လှူဒါန်းခဲ့ပြီး ဖြစ်သည်။

Forbes မဂ္ဂဇင်း၏ အဆိုအရ အမေရိကန် ပြည်ထောင်စုတွင် ဘီလျံနာ ၄၀၃ ဦး နေထိုင်လျက် ရှိသည်ဟု သိရှိရသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment