Transparency Myanmar

transparency.myanmar@gmail.com

ကမ္ဘောဒီးယား နိုင်ငံနှင့် ဖြစ်ပေါ်လျက် ရှိသော နယ်မြေ ပိုင်ဆိုင်မှု ပြဿနာတွင် ကမ္ဘောဒီးယား ဘက်သို့ ထိုင်းပိုင်မြေ ပေးလိုက်ရမှုကို မကျေနပ်သောကြောင့် မျိုးချစ် အင်အားစု (ရှပ်ဝါအုပ်စု) များက အစိုးရကို ကန့်ကွက် ဆန္ဒပြမည် ဖြစ်ကြောင်း သိရသည်။ ဆန္ဒပြ လမ်းလျှောက်မှုကို အမျိုးသားရေး လှုပ်ရှားမှု အသွင်ဖြင့် မြို့တော် ဘန်ကောက်တွင် ကျင်းပ ပြုလုပ်မည် ဖြစ်သည်။

ဘန်ကောက် အပါအဝင် အခြား ပြည်နယ် အချို့၌ အရေးပေါ် အမိန့် ထုတ်ပြန်ထားသည့်တိုင် ထိုင်းအစိုးရ ရုံးရှေ့တွင် ကန့်ကွက် ဆန္ဒပြမှု ပြုလုပ်မည် ဖြစ်ကြောင်း၊ ဆန္ဒပြပွဲတွင် ရှပ်ဝါအုပ်စု အင်အား ၂၀၀၀ ခန့် ပါဝင်မည် ဖြစ်ကြောင်း စည်းရုံးရေး သမားများက ပြောကြားသည်။

ရှပ်ဝါအုပ်စု၏ တရားဝင် အမည်မှာ ပြည်သူ့ ဒီမိုကရေစီ မဟာမိတ် (PAD) ဖြစ်သည်။ ရှပ်ဝါများသည် ယခင်က ထိုင်းအစိုးရနှင့် မဟာမိတ်အဖြစ် ခံယူခဲ့ကြသော်လည် ယခုဆန္ဒပြ မှုတွင် ပါဝင်ခြင်းကို ကြည့်ခြင်းအားဖြင့် ဆက်ဆံရေး မပြေပြစ်တော့သည့် သဘောကို ဖော်ပြရာ ရောက်သည်။ PAD ၏ အထင်ကရ ခေါင်းဆောင် နိုင်ငံရေးသမား Sondhi Limthongkul က ထိုင်းဝန်ကြီးချုပ် အဘီဇစ် ဝိဇ္ဇာဝီရသည် ကမ္ဘောဒီးယား နယ်စပ် ပြဿနာနှင့် ပတ်သက်၍ တိုင်းပြည်ကို လိမ်လည် လှည့်စားနေသည်ဟု သြဂုတ် ၆ ရက်နေ့တွင် စွပ်စွဲပြောဆိုသည်။

PAD သည် အာဏာရ ဒီမိုကရက်တစ် ပါတီ ဦးဆောင်သော ထိုင်းအစိုးရက အိမ်နီးချင်း ကမ္ဘောဒီးယားနှင့် အပေးအယူ စာချုပ် တစ်ရပ် လက်မှတ် ရေးထိုးခဲ့သည့် ကိစ္စကို မကျေမနပ် ဖြစ်ကာ ပြစ်တင် ဝေဖန်လျက် ရှိသည်။ ထိုစာချုပ်လက်မှတ် ရေးထိုးခဲ့သည့် ကိစ္စသည် ကမ္ဘောဒီယား၏ နယ်မြေ တောင်းဆိုချက်ကို အသိအမှတ် ပြုရာ ရောက်သည်ဟု PAD က ယုံကြသည်။

သို့အတွက်ကြောင့် ထိုင်းအစိုးရ အနေဖြင့် ကမ္ဘောဒီယားနှင့် ပြုလုပ်ထားသော နားလည်မှု စာချွန်လွှာကို ဖျက်သိမ်းပြီး ၄ ဒဿမ ၆ စတုရန်း ကီလိုမီတာ ကျယ်ဝန်းသော နယ်မြေဒေသ အတွင်းမှ ကမ္ဘောဒီးယား နိုင်ငံသားများကို မောင်းထုတ်ကာ ပရာဗီဟာရား ဘုရားကျောင်းကို ပြန်လည် ထိန်းသိမ်း ရယူရန် PAD က အပြင်းအထန် တောင်းဆိုလျက် ရှိသည်။

ရှပ်ဝါ နိုင်ငံရေး အင်အားစုများသည် ဘန်ကောက်မြို့ပေါ်မှ အီလစ် လူတန်းစားများ၏ အထောက်အပံ့ ရရှိထားသူများ ဖြစ်သည်။ ၂၀၀၆ ခုနှစ်တွင် ရှပ်ဝါအင်အားစုများ ဦးဆောင် ပြုလုပ်ခဲ့သော တန်းစီ ဆန္ဒပြမှုများကြောင့် စစ်အာဏာ သိမ်းပိုက်မှု ဖြစ်ပေါ်ပြီး ကျေးလက်ဒေသမှ ဆင်းရဲသား လူတန်းစားများ ထောက်ခံသော ဝန်ကြီးချုပ် သက်ဆင်ရှင်နာဝပ် အစိုးရ ဖျက်သိမ်းခံခဲ့ရသည်။ သက်ဆင် ရှင်နာဝပ်ကို ထောက်ခံသူများမှာ ရှပ်နီဝတ် အင်အားစုများ ဖြစ်ပြီး ပြီးခဲ့သည့် ဧပြီလ နှင့် မေလတို့တွင် မြို့တော် ဘန်ကောက်၌ ဆူပူအုံကြွမှုများ ဖြစ်ပေါ်အောင် ပြုလုပ်ခဲ့သည်။

ရှပ်ဝါ အင်အားစုများသည်လည်း ၂၀၀၈ ခုနှစ်တွင် ဘန်ကောက်မြို့၏ အထင်ကရ လေဆိပ်ကြီး နှစ်ခုကို ပိတ်ဆို့ဆန္ဒပြခဲ့ကြရာ ထောင်ပေါင်း များစွာသော ကမ္ဘာလှည့် ခရီးသည်များ လေဆိပ်များတွင်း ပိတ်မိခဲ့ကာ သက်ဆင်ရှင်နာဝပ်၏ မဟာမိတ်များဖြင့် ဖွဲ့စည်းထားသည့် အစိုးရ ပြုတ်ကျ သွားသည်အထိ ဖြစ်ခဲ့ရသည်။

ယခုအခါ ဧပြီနှင့် မေလတွင် ဖြစ်ပေါ်ခဲ့သော ဘန်ကောက် ဆူပူအုံကြွမှုတွင် ပါဝင်ခဲ့သော ရှပ်နီ ဆန္ဒပြ ခေါင်းဆောင် အများစုမှာ ဖမ်းဆီး အကျဉ်းချခံထားရသည်။ သို့သော် ရှပ်ဝါ အင်အားစုများက ပြုလုပ်ခဲ့သော ဆန္ဒပြမှုများ၊ လေဆိပ် ပိတ်ဆို့မှုများအပေါ် ဥပဒေအရ အရေးယူ ဆောင်ရွက်မှု လျော့နည်းနေသည့် အတွက် ရှပ်နီများက မကျေမနပ် ဖြစ်လျက် ရှိသည်။

ထိုင်းအစိုးရက ပြီးခဲ့သည် ဧပြီလအတွင်း ရှပ်နီ ဆန္ဒပြ အုပ်စုများ၏ ဆူပူ အုံကြွမှုကြောင့် နိုင်ငံတော် အရေးပေါ် အခြေအနေ အမိန့် ထုတ်ပြန်ခဲ့သည်။ ဘန်ကောက်မြို့ ဆူပူမှုများ ပြီးဆုံးသွားပြီ ဖြစ်သော်လည်း နောက်ထပ် အလားတူ အရေးကိစ္စများ ထပ်မံ ပေါ်ထွက်လာမည် စိုးသောကြောင့် ယင်းအမိန့်ကို ယနေ့အချိန်အထိ ရုပ်သိမ်းခြင်း မရှိသေးပေ။ အဆိုပါ အမိန့်အရ လူငါးဦးထက် ပိုသော နိုင်ငံရေး စည်းရုံးလှုံ့ဆော်မှုများ ပြုလုပ်ခွင့် မရှိပေ။ ယခု ရှပ်ဝါ အင်အားစုများ ဆန္ဒပြမှု ရပ်တန့်အောင် အာဏာပိုင်များ လုပ်ကိုင်မှုပြုမည်၊ မပြုမည် ဟူသော အချက်မှာ ရှင်းရှင်းလင်းလင်း မသိရသေးကြောင့် သတင်းဌာနများက ရေးသားသည်။

AFP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment