The Economist, 5th August 2010
အရာရာသာ မှန်ကန်မျှတမှု ရှိမည်ဆိုလျှင် မြန်မာ့ အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေမှာ ပူပန် နေရသူတစ်ဦးသာ ဖြစ်သင့်သည်။ ၎င်းအုပ်ချုပ်သော တိုင်းပြည်မှာ ကမ္ဘာတွင် အဆင်းရဲဆုံး ဖြစ်ပြီး အကြာဆုံး ပြည်တွင်းစစ် နေရာအနှံ့ ဖြစ်ပွားနေသောကြောင့် နေစရာ မရှိသော လူဦးရေ ရာခိုင်နှုန်းမှာ အခြား တိုင်းပြည်များထက် ပိုများသည်ဟု ဆိုသည်။ ၎င်းသည် ပြည်သူလူထု၏ အသံတိတ် ကျိန်ဆဲမှုကို ခံနေရသလို အနောက်နိုင်ငံများကလည်း ၎င်းအား ရှောင်ဖယ်ကြသည်။ အဂတိ လိုက်စားသော၊ ညံ့ဖျင်းသော၊ ရက်စက် ကြမ်းကြုတ်သော၊ လူကြိုက်နည်းသော အာဏာရှင် အစိုးရကို ၎င်းဦးဆောင်နေသည့် ရက်များ အဆုံးသတ်သွားရမည်ဟု အနောက်ကမ္ဘာက မျှော်လင့်ခဲ့ကြသော်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေမှာ လိမ့်၍ ကောင်းနေဆဲဖြစ်ရာ ဤအချက်ကို ဝန်ခံရန် စိတ်ကသိကအောက် ဖြစ်ရသည်။
အသက် ၇၇ နှစ်ရှိ ဗိုလ်ချုပ်မှူးကြီးသည် မကြာမီကပင် အိန္ဒိယနိုင်ငံမှ ပြန်လာခဲ့သည်။ ၎င်းသည် ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီ နိုင်ငံကြီးတွင် ဗုဒ္ဓဂါယာ၌ ၅ နာရီကြာ ဘုရားပူဇော်ခွင့် ရရှိခဲ့သလို အိန္ဒိယ အစိုးရထဲမှ အိုင်တီကဏ္ဍ အကူအညီပေးမည့် ကတိများနှင့် ငြိမ်းချမ်းရေးဝါဒီ မဟတ္တမ ဂန္ဒီ၏ ကိုယ်တစ်ပိုင်း ရုပ်ထုကို လက်ဆောင်အဖြစ် ရရှိခဲ့သည်။ မြန်မာအာဏာရှင်၏ ခရီးစဉ်ကို ဒီမိုကရေစီ ဆန္ဒပြသူများက အနည်းငယ်သာ ကန့်ကွက်နိုင်ခဲ့ကြသည်။ အိန္ဒိယနိုင်ငံသည် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုများကို အစောပိုင်းက ထောက်ခံခဲ့သဖြင့် မြန်မာနိုင်ငံတွင်းမှ အခွင့်အလမ်းများကို ဆုံးရှုံးခဲ့ရသည်ဟု ယူဆကာ ဆုံးရှုံးခဲ့သော အချိန်များအတွက် ပြန်လည် ပြင်ဆင်ရန် ဆန္ဒစောနေပုံ ရသည်။ ထို့အပြင် အရှေ့မြောက် သူပုန်များအား နှိမ်နှင်းရေး၊ လက်နက်နှင့် မူးယစ်ဆေးဝါး မှောင်ခိုမှုများ တိုက်ဖျက်ရေး၊ AIDS တိုက်ဖျက်ရေး စသော ကိစ္စများတွင် မြန်မာ၏ ကူညီမှုကို လိုလားနေသည်။
အရေးကြီးဆုံး ကိစ္စမှာ တရုတ် လွှမ်မိုးမှု စက်ဝိုင်းအတွင်း မြန်မာနိုင်ငံ ပြန်ထွက်မရအောင် ကျွံမသွားစေရန် သေချာအောင် အိန္ဒိယက ပြုလုပ်လိုခြင်း ဖြစ်သည်၊ မြန်မာထံမှ တရုတ် ရရှိထားသော အခွင့်အရေးများတွင် ရေနက်ပင်လယ် ဆိပ်ကမ်းများ ပါဝင်နိုင်သည်ကို အိန္ဒိယ မဟာဗျူဟာ ရေးဆွဲသူများက သံသယ ရှိနေကြသည်။ တရုတ်ပြိုင်ဖက်များထံ ဆုံးရှုံးသွားခဲ့သော စွမ်းအင် ဖူလုံနိုင်မည့် အခွင့်အလမ်းများအတွက် အိန္ဒိယ ကုမ္ပဏီများက ကြေကွဲလျက် ရှိသည်။ ပြီးခဲ့သော ဇွန်လက မြန်မာနိုင်ငံ၏ အဝေးမြို့တော် နေပြည်တော်တွင် ဂုဏ်ပြု ကြိုဆိုခံရသည့် တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်ကို အိန္ဒိယက အားကျမှု၊ မရှုဆိတ်မှုတို့ဖြင့် လှမ်းမျှော်ကြည့်ခဲ့ကြသည်။ ထို့ကြောင့် ဗိုလ်ချုပ်မှူးကြီး၏ ခရီးစဉ်တွင် မြန်မာအစိုးရအား အခွင့်အရေး ပေးရန်နှင့် ရပ်ကွက်ထဲတွင် ကစားစရာ တရုတ်တစ်ကောင်သာ ရှိသည် မဟုတ်ကြောင်း သတိပေးရန် အတွက် အိန္ဒိယတို့ အလွန် ပျော်ရွှင်ခဲ့ကြသည်။
မြန်မာ၏ တြိဂံ အိမ်နီးချင်းများတွင် ပါဝင်သည့် ထိုင်းနိုင်ငံမှာလည်း ၎င်း၏ ဓါတ်အား ဖြန့်ဝေမှုအတွက် မြန်မာဓါတ်ငွေ့ကို မှီခိုနေရသည်။ ပြီးခဲ့သော လက ဟနွိုင်း အာဆီယံ အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ အမျိုးသား ပြန်လည် ပေါင်းစည်းရေးကို ရည်ညွှန်းသည့် ပူးတွဲ ကြေညာချက်မှာလည်း အတတ်နိုင်ဆုံး ကျောပုတ် ဆုံးမမှု တစ်ခုသာ ဖြစ်သည်။ မြန်မာ့သမိုင်းတွင် ပထမဆုံး အဖြစ် အိမ်နီးချင်းများနှင့် ဆက်ဆံရေး ကောင်းခြင်းနှင့် အတွေ့အကြုံကို စစ်အစိုးရက မြိန်ယှက်စွာ ခံစားနေသည်ဟု စာရေးဆရာ သန့်မြင့်ဦးက ပြောကြားခဲ့သည်။
အမေရိကန်နှင့် ဥရောပနိုင်ငံများကမူ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှု အမျိုးမျိုး ချမှတ်ထားဆဲ ဖြစ်သည်။ သို့သော်လည်း "ဘယ်သူက၊ ဘယ်နေရာမှာ၊ ဘယ်အစည်းအဝေးမှာ၊ ဘယ်သူနဲ့၊ ဘယ်သူ့ကို'' စသော ကိစ္စများအတွက် အာဆီယံနှင့် မပြီးနိုင်၊ မစီးနိုင် ငြင်းခုန်နေခြင်းဖြင့် မောပန်းနေကြပြီ ဖြစ်သည်။ ဂျပန်ကဲ့သို့ပင် အီးယူနှင့် အမေရိကန်တို့သည် ယောင်းမအတွက် ထိုးဝါးနှင့် လဲလှယ်မည့် တွေ့ဆုံညှိနှိုင်းမှု အချို့ကို မြန်မာအစိုးရနှင့် ပြုလုပ်ခဲ့သည်။
ထို့အပြင် မြန်မာ စစ်ဗိုလ်ချုပ်များသည် အနောက်ကမ္ဘာသို့ ခြောက်လှန့်ရန် နောက်ထပ် မိတ်ဆွေသစ် တစ်ဦး ရရှိထားသည်။ မြောက်ကိုးရီးယား နိုင်ငံခြားရေး ဝန်ကြီး ပတ်အီချွန်သည် မကြာသေးမီကပင် နေပြည်တော်သို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။ ရန်ကုန်ရောက် တောင်ကိုးရီးယား ခေါင်းဆောင်နှင့် ကိုယ်စားလှယ် အဖွဲ့ကို မြောက်ကိုးရီးယားတို့ လုပ်ကြံ သတ်ဖြတ်ရန် ကြိုးစားခဲ့ပြီး ၂၄ နှစ် အကြာ ၂၀၀၇တွင် ၂ နိုင်ငံ သံတမန် ဆက်ဆံရေး ပြန်လည် စတင်ခဲ့သည်။ ပတ်အီချွန်၏ လတ်တလော ခရီးစဉ်သည် မြန်မာနိုင်ငံ၏ အငြင်းပွားဖွယ် နျူကလီယာ အစီအစဉ်အပေါ် စိုးရိမ် ပူပန်မှုများကို ပိုမို တိုးပွားစေပါလိမ့်မည်။ အာဏာရှင် အစိုးရ ၂ ဖွဲ့စလုံးသည် ပြင်ပကမ္ဘာနှင့် သွေးခွဲ အုပ်ချုပ်ရာတွင် အတိတ်က ဆရာကြီးများ ဖြစ်ကြသည်။ အမှန်တကယ် (သို့) ကောလာဟလ နျူကလီယာ လက်နက် အစီအစဉ်သည် သွေးခွဲ အုပ်ချုပ်ရေးအတွက် ကြီးမားစွာ အထောက်အကူ ပြုသည်ကို မြောက်ကိုးရီးယားထံမှ မြန်မာက သင်ခန်းစာ ရရှိခဲ့သည်။ အာဏာရှင် ၂ နိုင်ငံသည် ရင်းနှီးစွာ ဆက်ဆံနေကြသည့် အားလျှော်စွာ မြန်မာနိုင်ငံသည် ၎င်း၏ အချုပ်အချာကို မြောက်ကိုရီးယားက လက်သင့် မခံနိုင်ဖွယ် နောက်တစ်ကြိမ် ကျူးလွန်ခဲ့သည့် တိုင်အောင် သည်းခံခဲ့သည်ကို တွေ့ရသည်။ မြောက်ကိုးရီးယား သံတမန်များက ၎င်းတို့ ခေါင်းဆောင်ကြီး ကင်ဂျုံအီအကြောင်း မြန်မာဘာသာနှင့် ထုတ်ဝေသည့် အတ္ထုပ္ပတ္တိစာအုပ် လက်ကျန် ၃၀၀ လုံးကို အသက် ၆၂ နှစ်ရှိ စာရေးဆရာ၏ နေအိမ်မှ သိမ်းဆည်းခဲ့ကြသည်။ စာရေးဆရာသည် အံ့ဖွယ်သရဲ၊ တစ်ချက်တည်း ကျင်းဝင်အောင် ရိုက်ခဲ့ပုံ ရသည်။
စစ်ဗိုလ်ချုပ်များသည် မြောက်ကိုးရီးယား လက်နက်များနှင့် ပစ္စည်းကိရိယာများအတွက် ပေးချေခြင်းနှင့် ၎င်းတို့ပိုင် ဥစ္စာဓန စုဆောင်းခြင်းအတွက် ငွေကြေး ချို့တဲ့လိမ့်မည် မဟုတ်ပါ။ တရုတ်သို့ ပို့ရန် တည်ဆောက်နေသည့် ရေနံနှင့် ဓါတ်ငွေ့ ပိုက်လိုင်းများမှ မက်လောက်စရာ ဝင်ငွေကို ၎င်းတို့ မျှော်လင့်နိုင်ကြသည်။ ရရှိပြီး ဖြစ်သော ထိုင်းနိုင်ငံသို့ ဓါတ်ငွေ့ရောင်းသည့် ပိုက်ဆံများမှာလည်း တိုင်းပြည်၏ လူများစု လယ်သမားများအား တိုးတက်စေခြင်း မရှိပဲ ၎င်းတို့အနက်မှ အချို့သာ ကြွယ်ဝသွားခဲ့ကြသည်။ ယခုအခါ နိုင်ငံပိုင် လုပ်ငန်းများကို ပုဂ္ဂလိကပိုင် ပြုလုပ်ခြင်းဖြင့် ၎င်းတို့ ရောင်းရင်းများ၏ အိတ်ကပ် ဖောင်းအောင် ပြုလုပ်ပေးနေကြသည်။
၎င်းကိစ္စသည် ယခုနှစ် ကျင်းပမည့် "ဘယ်ရက်မှန်း မသိသော ရွေးကောက်ပွဲ'' နှင့် ဆက်စပ်နေသည်။ ရွေးကောက်ပွဲများ လွတ်လပ် မျှတလိမ့်မည်ဟု မျှော်လင့်သူ တစ်ယောက်မှ မရှိသလို အခြေခံ ဥပဒေကလည်း စစ်တပ်၏ ကဏ္ဍကို ဦးစားပေးထားသည်။ ယခုအခါ အစိုးရအပေါ် ပြင်းထန်စွာ ဝေဖန်သူများ အပါအဝင် ပြင်ပကမ္ဘာက "ဘာမှ ဖြစ်မလာထက် ရွေးကောက်ပွဲက တော်သေးသည်'' ဟု ကျယ်ပြန့်စွာ ဆုံးဖြတ်လာကြသည်ကို တွေ့ရသည်။ ဤအချက်ကြောင့်သာ မကပါ၊ အမှန်မှာ မည်သည့် နိုင်ငံရေး ပြောင်းလဲမှုဖြစ်စေ၊ တိုးတက်မှုကို ပြုလုပ်ပေးနိုင်ခြင်း၊ လွှတ်တော် ကိုယ်စားလှယ်များ၊ အဖွဲ့အစည်းသစ်၊ ပါတီသစ်များနှင့် တစ်ခါတစ်ရံ တင်းကျပ်လွန်းသည့် စည်းမျဉ်းခံ ဒီမိုကရေစီကိုပင် ဖန်တီးပေးနိုင်ခြင်းကြောင့် ဖြစ်သည်။ ဤနေရာတွင် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီက ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ပြီး၊ ခွဲထွက်သွားသော အဖွဲ့က ရွေးကောက်ပွဲ ဝင်ရန် ဆုံးဖြတ်ခြင်းဖြင့် အတိုက်အခံတို့ သွေးကွဲသွားကာ စစ်အစိုးရကို အနည်းငယ် ပိုမို ယုံကြည် ပိုင်နိုင်မှု ရှိသွားစေခဲ့သည်။ သို့သော်လည်း အစိုးရသည် ၁၉၉၀ က အမှားကို ထပ်မံ ကျူးလွန်တော့မည် မဟုတ်ပါ။ ထိုစဉ်က အတိုက်အခံများက ပွဲသိမ်း အနိုင်ရရှိခဲ့ပြီး အဆိုပါ ရလဒ်ကို လေးစားရန် နိုင်ငံတကာက တောင်းဆိုမှုများကို အစိုးရက အနှစ်၂၀ တိုင်တိုင် ပယ်ချရင်းဖြင့် အချိန် ကုန်ခဲ့ရပြီ ဖြစ်သည်။
ယခုအခါ စစ်ဗိုလ်ချုပ် အချို့သည် စစ်ဝတ်စုံ ချွတ်၊ လုံချည်ဝတ်ကာ အရပ်သား နိုင်ငံရေးသမား သဖွယ် ကိုယ်ဟန်ပြနေသည်။ ဤကိစ္စကို ပြောင်းလဲမှု အဆင့်တစ်ခုအဖြစ် ပိုမို မျှော်လင့်ရန် မဖြစ်နိုင်ပါ။ မြန်မာနိုင်ငံအကြောင်း တစိုက်မတ်မတ် ရေးသားခဲ့သူ စာရေးဆရာ တစ်ဦး မကြာမီက နေပြည်တော်သို့ သွားရောက် လည်ပတ်ခဲ့သည်။ ၎င်းသည် တစ်စတစ်စ ယိုယွင်းနေသော အဆင့်အတန်း ကျလာသော မြို့တော်ဟောင်း ရန်ကုန်မှ ထွက်ခွာ၍ လူသူကင်းမဲ့သော အဝေးပြေးလမ်းအတိုင်း အံ့အားသင့်ဖွယ် ပမာဏဖြင့် ဆောက်လုပ်ထားသော မြို့တော်သစ်ကို ဦးတည်ခဲ့ခြင်း ဖြစ်သည်။ ထိုမြို့တော်ကို မြန်မာ့သမိုင်းမှ စစ်ဘုရင်များ၏ ရုပ်ထုများဖြင့် တန်ဆာ ဆင်ထားသည်။ ထိုနေရာသည် အစိုးရက တာဝန် စွန့်လွှတ်ရန် ပြင်ဆင်နေသော နေရာတစ်ခု မဟုတ်ဘဲ သူတို့ကိုယ် သူတို့ မင်းဆက် တည်ထောင်သူ အဖြစ် ယူဆကာ သက်ဆိုးရှည်စေရန် တည်ဆောက် ပြင်ဆင်နေသော နေရာတစ်ခုသာ ဖြစ်သည် ဟု ၎င်းက မြင်တွေ့ သုံးသပ်ခဲ့သည်။
--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.