Transparency Myanmar

transparency.myanmar@gmail.com

Andrew Batson, Daisuke Wakaba Yashi and Mark Whitehouse, 16th August 2010

တရုတ်နိုင်ငံသည် ကမ္ဘာ့ ဒုတိယ အကြီးဆုံး စီးပွားရေး နိုင်ငံအဖြစ် ယခုနှစ်အတွင်း ဂျပန်ကို ကျော်တက်မည်ဟု မျှော်လင့်ရသဖြင့် ခက်ခဲ ပင်ပန်းမှုများ နှင့်အတူ အောင်ပွဲများပါ ရရှိနေသည့် ဖွံ့ဖြိုးဆဲ နိုင်ငံ တစ်ခု အတွက် ယခင်က မရှိခဲ့ဖူးသော အနေအထား တစ်ရပ်ပင် ဖြစ်သည်။

တနင်္လာနေ့ မနက်က ထုတ်ပြန်သော ဂျပန်၏ ဒုတိယ လေးလပတ် ဂျီဒီပီမှာ ဒေါ်လာ ၁.၂၈၈ ထရီလီယံသာ ရှိသဖြင့် တရုတ်နိုင်ငံ၏ ဒုတိယ လေးလပတ် ဂျီဒီပီ ဒေါ်လ ၁.၃၃၉ ထရီလီယံထက် လျော့နည်းနေသည်။

ဤအချက်မှာ တရုတ်သည် ဂျပန်ကို တစ်ကြိမ်တည်းနှင့် တစ်နှစ်ပတ်လုံး အတွက် ကျော်ဖြတ်သွားမည့် လက္ခဏာကို ညွှန်ပြနေသည်။ တရုတ် စီးပွားရေး ပိုမို သွက်လက်လာသည့် ယခင်နှစ် နောက်ဆုံး လေးလပတ် ကာလကပင် တရုတ် ထုတ်ကုန် တန်ဖိုးက ဂျပန်ကို ကျော်တက်ခဲ့ပြီး ဖြစ်သည်။ ဂျပန်ကို အစောပိုင်း လေးလပတ်များတွင် ကျော်ဖြတ်ခဲ့ခြင်းသည် ဂျပန်ကို တစ်နှစ်ပတ်လုံး ဖြတ်ထားနိုင်သည့် အရှိန်အဟုန် တရုတ်တွင် ရှိနေသည်ကို ညွှန်ပြနေသည်။ ၂၀၁၀ အတွက် ကိန်းဂဏန်းများ အားလုံးကို စုစည်းပြီးသည်နှင့် တပြိုင်နက် တရုတ်သည် ဂျပန်ကို ကျော်ကာ ကမ္ဘာ့ ဒုတိယ အကြီးဆုံး စီးပွားရေး နိုင်ငံ အဆင့်ကို ရယူတော့မည်ဟု စီးပွားရေး ပညာရှင် အများစုက မျှော်လင့်နေကြသည်။

တရုတ်၏ စီးပွားရေး ထုတ်လုပ်မှု ဒေါ်လာ ၅ ထရီလီယံနှင့် အမေရိကန်၏ စီးပွားရေး ထုတ်လုပ်မှု ဒေါ်လာ ၁၅ ထရီလီယံ အကြားတွင် ကွာဟချက် ကြီးမားလွန်းသည့် အပြင် တရုတ်၏ လက်ရှိ ကြီးထွားနှုန်းမှာလည်း အစဉ်မပြတ် ရနိုင်မည် မဟုတ်သောကြောင့် တရုတ် အနေဖြင့် အမေရိကန် ပြည်ထောင်စုကို မှီရန် ဆယ်စုနှစ် တစ်စု (သို့) ထို့ထက် ပို၍ အချိန် လိုအပ်လိမ့်မည်။

"ဒီအပြောင်းအလဲက ကမ္ဘာ့စီးပွားရေး အတွက် မှတ်တိုင် တစ်ခု ဖြစ်လာပါလိမ့်မယ်" ဟု နယူးယောက် J.P Morqan Chase & Co မှ စီးပွားရေး ပညာရှင် အကြီးအကဲ Bruce Kasman က ပြောကြားသည်။ "တခြားနိုင်ငံ အများစု တကယ်ကို အခက်အခဲ တွေ့နေချိန်မှာ တရုတ်နိုင်ငံက ကောင်းကောင်း ဖြတ်သန်းပြီး သန်စွမ်း ကြီးထွားခဲ့တာကတော့ ချီးကျူးစရာပါပဲ" ဟု ၎င်းက ဆက်လက် ပြောသည်။

လွန်ခဲ့သော ၁၀ နှစ် ကျော်ခန့်ကမူ တရုတ်နိုင်ငံသည် ကမ္ဘာ့ သတ္တမ အကြီးဆုံး စီးပွားရေး အဆင့်တွင် ရှိခဲ့သည်။ ၎င်းသည် ၂၀၀၇ တွင် ဂျာမနီကို ကျော်ဖြတ်ကာ နံပါတ် (၃) ဖြစ်လာသည်။ ယခု ၂၀၁၀ တွင်မူ ဂျာမနီက အဆင့် ၄၊ ပြင်သစ်က အဆင့် ၅၊ ဗြိတိန်က အဆင့် ၆ ရရှိကာ အဆင့် ၇ အီတလီ၏ နောက်တွင် ဘရာဇီးက အဆင့် ၈ အဖြစ် ပေါ်ထွက်လာမည်ဟု မျှော်လင့်ရသည်။

တရုတ်၏ စီးပွားရေး အဆင့်ကို အတိအကျ သတ်မှတ်ခြင်းသည် စီးပွားရေး ကဏ္ဍများကို မည်သို့ မည်ပုံ တိုင်းတာသည် ဟူသော လုပ်ငန်းတစ်ခု ဖြစ်သည်။ တရုတ်နိုင်ငံသည် အမေရိကန်၏ နောက်တွင် ဒုတိယ အဖြစ် ဂျပန်ကို ကျော်ဖြတ်နိုင်ခဲ့သည့်တိုင် တရုတ်နိုင်ငံ၏ တစ်ဦးချင်း ထုတ်လုပ်မှု တန်ဖိုးမှာ ဒေါ်လာ ၄၀၀၀ ခန့်သာ ရှိ၍ ဂျပန်၏ ဆယ်ပုံတစ်ပုံခန့်သာ ရှိသည်။

လေထိုးသကဲ့သို့ ကြီးထွားနေသော တရုတ်နှင့် သိသိသာသာ ခြားနားစွာပင် ဂျပန် စီးပွားရေးမှာ ဆယ်စု နှစ်စုခန့် နှေးကွေး လေးလံကာ ကမောက်ကမ ဖြစ်နေသဖြင့် တရုတ်နိုင်ငံ၏ အဆင့် ပြောင်းလဲမှု ပေါ်ထွက်လာခြင်း ဖြစ်သည်။

ဂျပန် နိုင်ငံမှာမူ လွန်ခဲ့သည့် နှစ်အနည်းငယ် အတွင်း အာရှ၏ စီးပွားရေး ဦးဆောင် နိုင်ငံ အဆင့်ကို ဆုံးရှုံးခဲ့ခြင်းအား မလွဲမရှောင်သာ လက်ခံလိုက်သည့် လက္ခဏာ ရှိသည်။ ပြီးခဲ့သော ဧပြီလတွင် ဂျပန် နာမည်ကြီး သတင်းစာ အဆာဟီ ရှင်ဘွန်းက လူပေါင်း ၂၃၉၂ ယောက်ကို စစ်တမ်း ကောက်ယူခဲ့ရာ ၅၀ % က ဂျပန် စီးပွားရေးကို တရုတ်က ကျော်တက်သွားပြီး၊ အဆင့် ၃ သို့ ကျသွားခြင်းကို အဓိက ပြဿနာ တစ်ခုဟု ယူဆကြ၍ ၄၆ % ကမူ ယင်းသို့ မယူဆကြဟု သိရှိရသည်။

အနာဂတ် ကံကြမ္မာ အပေါ် သဘော ကွဲလွဲမှုများ အနက် တိုကျိုမှ တက္ကစီ ဒရိုင်ဘာ ကိုအိချိယာမာတာက ကုန်ကျစရိတ် ထောင်းနေသော ဂျပန်များမှာ တက္ကစီ ငှားရမ်းမှု နည်းလာပြီး တရုတ် ကမ္ဘာလှည့် ခရီးသည်များကိုသာ ပို၍ အားထား နေရသည်ဟု ပြောကြားခဲ့ခြင်းမှာ ထင်ရှားသည့် သာဓက တစ်ခုပင် ဖြစ်သည်။ "ဒါဟာ ဂျပန်နိုင်ငံ ဘယ်လောက်တောင် ကျဆင်းသွားတယ် ဆိုတာကို စိတ်မကောင်းစရာ သတိပေးမှု တစ်ရပ်ပါ" ဟု ၎င်းက ဆိုသည်။ "ဒီလို ပြောဖို့ မသင့်ပေမဲ့ ကျွန်တော်တို့ ဂျပန်တွေ တချိန်က စီးပွားရေး စန်းထခဲ့တဲ့ ပုံစံကို တရုတ်တွေ ခံစားနေတာကို ကြည့်ရတာ နည်းနည်းတော့ စိတ်အနှောင့်အယှက် ဖြစ်မိတယ် ဆိုတာကို ကျွန်တော် ရိုးရိုးသားသာ ဝန်ခံပါရစေ" ဟု ယာမာတာက ပြောကြားခဲ့သည်။

၁၉၈၀ ခုနှစ်များတွင် ဂျပန် စီးပွားရေး စန်းထကာ စီးပွားရေး ဟဲဗီးဝိတ် ဖြစ်လာပြီးနောက် ဂျပန် ကုမ္ပဏီများက အာရှတစ်လွှား စက်ရုံများ တည်ဆောက်မှု အတွင်းသို့ ငွေများ လောင်းထည့်ခဲ့သည့် လမ်းကြောင်း အတိုင်း ယခု တရုတ်က လိုက်ပါနေသည်။ တရုတ်နိုင်ငံသည် ၎င်း၏ အနေအထား အပေါ် ထောက်ခံမှု ရရှိရန် အတွက် ၎င်း၏ ငြိမ်းချမ်းသော ဖွံ့ဖြိုးမှု အစီအစဉ်များနှင့် ပတ်သက်၍ အိမ်နီးချင်းများကို အာမခံရန် အာရုံစိုက်နေပြီး အနောက်နိုင်ငံများလောက် စည်းကမ်း သတ်မှတ်ချက် မထားဘဲ အထောက်အပံ့ ပေးအပ်ခြင်း၊ ရင်းနှီး မြှုပ်နှံခြင်းများကို ပြုလုပ်လျက် ရှိသလို ယဉ်ကျေးမှု လက်တံ ဆန့်ခြင်းကိုလည်း ပထမဆုံး အကြိမ် အသည်းအသန် ပြုလုပ်နေသည်။

ယခုအခါ တရုတ် စီးပွားရေး ကြီးထွားလာခြင်းသည် ဆွဲဆောင်မှု အဖြစ်သာမကပဲ ခြိမ်းခြောက်မှုလည်း ဖြစ်လာနိုင်သည့် အပြင် သတိထား ကိုင်တွယ်ရန် လိုအပ်သည် ဆိုသော အချက်ကို နိုင်ငံခြားရေး မူဝါဒ စည်းဝိုင်းများ အတွင်း ပိုမို သိရှိ သဘောပေါက် လာကြသည်။ "တရုတ်နိုင်ငံက သူ့ရဲ့ ဆောင်ရွက်ချက်တွေနဲ့ သူ့ရဲ့ သဘောထား အမာ/အပျော့ကို စဉ်းစား ဆင်ခြင်ဖို့ ရှိပါတယ်။ ဒါ့ကြောင့် တရုတ်နိုင်ငံရဲ့ တရုတ် လူမျိုးတွေဟာ နှစ်သက်စရာ ကောင်းတယ်လို့ ကမ္ဘာက အသိအမှတ်ပြုနေပါပြီ" ဟု ဘေဂျင်းရှိ ရှင်းဟွာ တက္ကသိုလ် နိုင်ငံတကာ လေ့လာရေးဌာနမှ ပါမောက္ခ လူဂျန်ယောင်က ပြောကြားသည်။

တရုတ်နိုင်ငံ စီးပွား ကြွယ်ဝလာခြင်းသည် နိုင်ငံရေး ပြဿနာ အဖြစ်သို့ စတင် ပြောင်းလဲ နေသော်လည်း နိုင်ငံတကာ ခေါင်းဆောင်များ၏ ဝေဖန်စရာ ပစ်မှတ်တစ်ခု အဖြစ်ကိုလည်း ရောက်ရှိနေသည်။ တရုတ်နိုင်ငံ၏ ပို့ကုန် ဦးဆောင် ဖွံ့ဖြိုးရေး မူဝါဒကို ကမ္ဘာ့ ကုန်သွယ်ရေး ဟန်ချက် မညီမှု၏ အကြောင်းရင်း အဖြစ် အနောက်နိုင်ငံ တာဝန်ရှိ ပုဂ္ဂိုလ် အများစုက ရှုမြင်နေကြသည်။ တရုတ် စီးပွားရေး သန်စွမ်းမှုသည် အာဏာသြဇာနှင့် လွှမ်းမိုးမှုကို ပေးစွမ်းသလို မိတ်ဆွေများကိုလည်း ဆုံးရှုံးနိုင်ခြေ ရှိနေသည်။

စီးပွားရေး သန်စွမ်းမှုကို ပါဝါ အပျော့ အဖြစ်သို့ ပြောင်းလဲမည့် တရုတ်၏ စွမ်းရည်မှာ အကန့်အသတ်များ ရှိနေသည်ဟု ဆစ်ဒနီရှိ Lowy Institute of International Studies မှ ဝါရင့် သုတေသန ပညာရှင် Andrew Shearer က ပြောကြားသည်။ "တရုတ်နိုင်ငံဟာ လိုထာထက် ပိုမို အားထုတ်တဲ့ အတွက် မအောင်မြင်တဲ့ လက္ခဏာတွေကို တွေ့ရပါတယ်" ဟု ၎င်းက ပြောဆိုခဲ့ပြီး၊ ဗီယက်နမ်၊ တောင်ကိုရီးယား၊ သြစတြေးလျ စသော လုပ်ဖော်ကိုင်ဖက်များနှင့် လတ်တလော ဖြစ်ပွားခဲ့သော သံတမန်ဆိုင်ရာ အငြင်းပွားမှုများကို ထောက်ပြ ရည်ညွှန်းသည်။

မတ်လက တောင်ကိုရီးယား စစ်သင်္ဘော နစ်မြုပ်မှုသည်လည်း တရုတ်နှင့် တောင်ကိုရီးယား ဆက်ဆံရေး အလှည့်အပြောင်းကို ဖြစ်ပေါ်စေခဲ့သည်။ ချိုနန် စစ်သင်္ဘော နစ်မြုပ်မှု ဖြစ်ရပ် အပြီးတွင် တရုတ်သည် ဆိုးလ်၏ အကြီးဆုံး ကုန်သွယ်ဖက် ဖြစ်သလို ပြုံးယမ်း၏ အဓိက မဟာမိတ်လည်း ဖြစ်သည်ကို တောင်ကိုရီးယား တို့အတွက် သတိပြုစရာ ဖြစ်လာခဲ့သည်။

မေလတွင် တောင်ကိုရီးယား၊ အမေရိကန်၊ ဗြိတိန်၊ ဆွီဒင်နှင့် သြစတြေးလျားတို့ ပါဝင်သော နိုင်ငံစုံ စစ်ဆေးရေး အဖွဲ့က ချိုနန် သင်္ဘော နစ်မြုပ်ခြင်းသည် မြောက်ကိုရီးယား တိုပီဒို ပစ်ခတ်မှုကြောင့် ဖြစ်သည်ဟု အစီရင်ခံစာ တင်ပြခဲ့ကြသည်။ သို့သော် တရုတ်နိုင်ငံသည် ရေတပ်သား ၄၆ ဦး သေဆုံးသော သင်္ဘောနစ်မြုပ်မှုနှင့် ပတ်သက်၍ တောင်ကိုရီးယားအား ဝမ်းနည်းစကား ပြောကြားရန် တစ်လခန့် နှောင့်နှေးခဲ့သည့် အပြင် စုံစမ်း စစ်ဆေးမှု ရလဒ်များကို သုံးသပ်ရန် တောင်ကိုရီးယားက ဖိတ်ခေါ်ခဲ့ခြင်းကိုလည်း တုန့်ပြန်မှု မပြုလုပ်ခဲ့ပါ။ ထို့အပြင် အခင်းဖြစ်ရက် နောက်ပိုင်း တောင်ကိုရီးယားနှင့် အမေရိကန် ပြည်ထောင်စုတို့၏ ပူးတွဲ စစ်ရေး လေ့ကျင့်မှုများကိုလည်း လူသိရှင်ကြား ကန့်ကွက်ခဲ့ပြန်သည်။

"တရုတ်ရဲ့ အပြုအမူကတော့ တောင်ကိုရီးယားတွေ မျှော်လင့်ထားတာနဲ့ လုံးဝ ဆန့်ကျင်ဘက်ပါပဲ" ဟု ဆိုးလ် Yonxi University တရုတ်ရေးရာ လေ့လာမှု ပါမောက္ခ ဟန်ဆွတ်ဟီးက ပြောဆိုသည်။

"ခိုင်မာတဲ့ စီးပွားရေး ဆက်ဆံမှုတွေကနေ ကောင်းမွန်တဲ့ သံတမန် ဆက်ဆံရေး၊ စစ်ဖက် ဆက်ဆံရေးကို အသွင်းပြောင်းလိမ့်မယ်လို့ တချို့ တောင်ကိုရီးယားတွေက မျှော်လင့်ထားကြပါတယ်။ အခုတော့ စိတ်ပျက်စရာပါပဲ" ဟု ၎င်းက ဆိုသည်။ ယခုနှစ် အစောပိုင်းတွင် Pew Global Attitudes Project က ပြုလုပ်သော သဘောထား ကောက်ယူမှုတွင် တောင်ကိုရီးယား ၅၆ % က တရုတ် အပေါ် မနှစ်သက်သည့် သဘောထားရှိပြီး ၃၉ % ကသာ နှစ်သက်သည့် သဘောထား ပေးခဲ့သည်ကို တွေ့ရှိရသည်။

အရှေ့တောင် အာရှ နိုင်ငံများ အတွက်လည်း တရုတ်သည် အဓိက စီးပွားဖက် ဖြစ်နေပြီး၊ အချိန် ကြာမြင့်စွာ ဦးဆောင်ခဲ့သော ဂျပန်ကို မနှစ်က ကျော်တက်ကာ အာဆီယံ ၁၀ နိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ဖက် ဖြစ်လာခဲ့သည်။ သို့သော်လည်း တောင်တရုတ် ပင်လယ်တွင်းရှိ ရေပြင်နှင့် ကျွန်းများနှင့် ပတ်သက်၍ အချိန်ကြာမြင့်စွာ အငြင်းပွား နေမှုများအပေါ် တရုတ်နိုင်ငံ၏ လတ်တလော ကိုင်တွယ်ပုံကြောင့် အဆိုပါ ဒေသတွင် သတိပေး ခေါင်းလောင်း မြည်လာခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment