Transparency Myanmar

transparency.myanmar@gmail.com

BBC News, 20th August 2010

ကမ္ဘာတစ်ဝှမ်းရှိ သူပုန် အုပ်စုများသို့ လက်နက်များ ရောင်းချသည်ဟု သံသယရှိသော ရုရှား လူမျိုး တစ်ဦးအား အမေရိကန် ပြည်ထောင်စုသို့ ပြန်ပို့မည် ဖြစ်ကြောင်း ထိုင်းနိုင်ငံ တရားရုံးက အမိန့်ထုတ်ခဲ့သည်။

အသက် ၄၃ နှစ်ရှိ Viktor Bout သည် ကိုလံဘီယာ သူပုန်များကို လက်နက် ရောင်းရန် လျှို့ဝှက် ကြံစည်ကြောင်း အမေရိကန်၏ စွဲချက်တင်မှုကို အပြစ်မရှိကြောင်း အသနားခံခဲ့သည်။

သေမင်း ကုန်သည် (Merchant of Death) ဟု အမည်ပေးခြင်း ခံထားရသော Mr Bout သည် ၂၀၀၈ ခုနှစ် မတ်လက ထိုင်း-အမေရိကန် ပူးပေါင်း စစ်ဆင်ရေး တစ်ခုတွင် အဖမ်းခံခဲ့ရသည်။

ရုရှားက ဆုံးဖြတ်ချက်ကို ကန့်ကွက် ရှုတ်ချခဲ့ပြီး၊ ၎င်းလွတ်မြောက်ရေး အတွက် ကြိုးပမ်း သွားမည်ဟု ဆိုသည်။

ရုရှား နိုင်ငံခြားရေး ဝန်ကြီး Sergei Lavrov က အဆိုပါ အမိန့်အား ဥပဒေနှင့် မညီကြောင်း၊ အလွန် အားကောင်းသော ပြင်ပ ဖိအားပေးမှုကြောင့် ဤသို့ ဆုံးဖြတ်ရခြင်း ဖြစ်သည်ဟု ရုရှား အစိုးရက ယုံကြည်ကြောင်း ပြောသည်။

ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာနသည် ထိုင်း သံအမတ်အား ခေါ်ယူ၍ ဆုံးဖြတ်ချက် အပေါ် လွန်စွာ ဝမ်းနည်းကြောင်းနှင့် မည်သို့ပြောရမှန်း မသိအောင် နားမလည် ဖြစ်ရကြောင်း ပြောဆိုခဲ့သည်ဟု Agence France – Presse သတင်း အေဂျင်စီက သတင်း ပေးပို့သည်။

အမေရိကန်ကမူ အဆိုပါ သတင်းအား လွန်စွာ သဘောကျကြောင်း ပြောသည်။

"Mr Bout ကို အမေရိကန်ကို ပြန်ပို့ဖို့ ဆုံးဖြတ်ရလောက်တဲ့ ရှင်းလင်းတဲ့ အချက်တွေ ရှိပါတယ်" ဟု ခေတ္တ အမေရိကန် ဒုတိယ ရှေ့နေချုပ် Gary Grindler က ကြေညာချက်တွင် ပြောသည်။

အမေရိကန်က ၎င်းကို အမေရိကန်သို့ ပြန်ပို့ရန် တောင်းဆိုချက်ကို ထိုင်းတရားရုံးက ယခင်က ငြင်းပယ်ခဲ့သည်။ သို့သော် အမေရိကန်က ထပ်မံ  အသနားခံခဲ့သည်။

အမိန့်ချအပြီး Mr. Bout က ရုရှား သတင်းထောက်များသို့ ပြောကြားရာတွင် ၎င်းသည် အမေရိကန် တရားရင်ဆိုင်ပြီး အနိုင်ရမည်ဟု ပြောခဲ့သည်ဟု ရုရှား၏ RIA Novosti သတင်း အေဂျင်စီ သတင်းတွင် ဖော်ပြခဲ့သည်။

Mr. Bout သည် ဆိုဗီယက် လေတပ်မှ အရာရှိဟောင်း တစ်ဦး ဖြစ်ပြီး၊ အမေရိကန်က ၎င်းကို အမေရိကန်များအား သတ်ဖြတ်ရန် ကြံစည်ခြင်း၊ အကြမ်းဖက်သမားများကို ပစ္စည်းများ ဖြည့်ဆည်းပေးခြင်းနှင့် လေယာဉ်ပစ် ဒုံးကျည်များ ရောင်းဝယ် အသုံးပြုရန် ကြံစည်မှု စွဲချက်များကို ရင်ဆိုင်ရမည် ဖြစ်သည်။

၎င်းသည် အမေရိကန်တွင် တရားရင်ဆိုင်ပါက ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျခံနိုင်ဖွယ် ရှိသည်။

သောကြာနေ့ ဆုံးဖြတ်ချက် မချမီက အမေရိကန်တို့သည် ၎င်းတို့၏ အသနားခံမှု ပယ်ချခံရပါက၊ Mr. Bout အား ထောင်ထဲတွင် ဆက်နေရစေရန် နောက်ထပ် စွဲချက်နှစ်ခု ဖြစ်သော ငွေမည်း ခဝါချမှုနှင့် အီလက်ထရွန်နစ်နှင့် ပတ်သက်သော လိမ်လည်မှုများဖြင့် ထပ်မံ စွဲချက်တင်ရန် ပြင်ဆင်ထားခဲ့သည်။

တရားရုံးသည် အာဏာပိုင်များကို ၎င်းတို့နှင့် ညှိနှိုင်းရန် သုံးလအချိန် ပေးထားသည်။ သို့သော် အမေရိကန်တို့ကို နောက်ထပ် ဒုတိယ စွဲချက်မတင်စေလိုဘဲ၊ ပြန်ပို့ရေး အစီအစဉ်ကိုသာ အမြန်ဆုံး အကောင်အထည် ဖော်ရန် မျှော်လင့်သည်။

"တရားရုံးကတော့၊ သူ့ကို အမေရိကန် ပြန်ပို့ဖို့ပဲ ထိန်းသိမ်းထားတာပါ" ဟု တရားသူကြီး Jitakorn Patanasiri က ပြောသည်။

Viktor Bout နှင့် ပတ်သက်၍ ၎င်းသည် မည်သူမည်ဝါ ဖြစ်သည်။ ၎င်းဘာတွေ လုပ်ခဲ့သည် ဆိုသည်များမှာ ဇာတ်လမ်း နှစ်မျိုး ဖြစ်နေသည်။

"၎င်းသည် အမေရိကန် အာဏာပိုင်များ ပုံဖော်ထားတဲ့ စီးပွားရေးသမား တစ်ဦး ဖြစ်ပါတယ်" ဟု ၎င်း၏ ရှေ့နေက ပြောသည်။

တစ်ဖက်တွင်လည်း ၎င်းသည် အာဖရိက တလွှားနှင့် အရှေ့အလယ်ပိုင်းတွင် ၎င်း၏ လက်နက် ရောင်းဝယ်မှုဖြင့် ပြည်တွင်းစစ်များ ဖြစ်စေရန် လောင်စာပင့်ပေးသူ ဖြစ်သောကြောင့် သေမင်းကုန်သည် (Merchant of Death) အဖြစ် အမည်တွင်သော နာမည်ဆိုးဖြင့် ကျော်ကြားသူ လက်နက် မှောင်ခိုတစ်ဦး ဖြစ်သည်။

Nicholas Cage ၏ Lord of Wars ရုပ်ရှင်သည် ၎င်း၏ လက်နက် မှောင်ခိုရာဇာ၏ ဘဝကို ရိုက်ပြခြင်း ဖြစ်သည်။

အထက်ပါ စွပ်စွဲချက်များကို အမေရိကန် တရားရုံးတွင် ၎င်းရင်ဆိုင်ရဖွယ် ရှိနေသည်။

ယခု ဆုံးဖြတ်ချက် ပြုလုပ်ရန်လည်း ချေပမည့် ရှေ့နေများ ပြောင်းမှုကြောင့် ကြန့်ကြာခဲ့ရသည်။

Mr Bout ၏ ရှေ့နေများက အမေရိကန်တွင် ၎င်းသည် တရားမျှတသော တရားစီရင်မှု ရလိမ့်မည် မဟုတ်ကြောင်း ငြင်းချက် ထုတ်ပါသည်။ အမေရိကန်က ၎င်းသည် စစ်ဘုရင်များ၊ အယ်ကိုင်ဒါနှင့် တာလီဘန် တို့သို့ လက်နက်များ ရောင်းသည်ဟု ပြောနေသည်။

ကုလသမဂ္ဂ အေဂျင်စီများနှင့် အနောက်နိုင်ငံ အစိုးရ အချို့က Mr Bout သည် အာဖရိကနှင့် အာဖကန် နစ္စတန်ရှိ သူပုန်များသို့ လက်နက်များ ဖြန့်ဝေကြောင်း၊ ကုလသမဂ္ဂ၏ လက်နက် ရောင်းဝယ်မှု ပိတ်ပင်ထားခြင်းကို ချိုးဖောက်ကြောင်း စွပ်စွဲသည်။

"Viktor ဟာ စီးပွားရေးသမား တစ်ဦးပါ။ သူလုပ်ခဲ့တာတွေဟာ အကောင်းတွေပါ" ဟု ၎င်း၏ ရှေ့နေ Nittiwattanawichan က ပြောသည်။

"သူဟာ လက်နက်မှောင်ခို ဟုတ်သည် ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ၊ တရားရုံးမှာ ဖြေရှင်းရပါမယ်" ဟု ၎င်းက ဆိုသည်။

Mr Bout အား ဖမ်းသော စစ်ဆင်ရေးတွင် ကိုလံဘီယာမှ Farc သူပုန်အုပ်စု အဖွဲ့ဝင် ဟန်ဆောင်ထားသော အမေရိကန် အရာရှိများ ပါဝင်သည်။

"ဒါဟာ နိုင်ငံရေး အမှုပါ။ Farc ဟာ နိုင်ငံရေးအရ တိုက်ပွဲဝင် နေသူတွေပါ။ သူတို့ဟာ ရာဇဝတ် ကျူးလွန်တဲ့ဂိုဏ်း မဟုတ်ပါဘူး။ ထိုင်းနိုင်ငံနဲ့ Farc ကို အကြမ်းဖက် အုပ်စုလို့ မသတ်မှတ်သင့်ပါဘူး" ဟု ယမန်နှစ်က အမေရိကန်၏ တရားခံအား ပို့ပေးရန် တောင်းဆိုမှုကို ပယ်ချစဉ်က လျှောက်လဲချက် ပေးခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment