Transparency Myanmar

transparency.myanmar@gmail.com

အမေရိကန် ပြည်ထောင်စုနှင့် တောင်ကိုရီးယားတို့ ပင်လယ်ဝါအတွင်း ပူးတွဲ စစ်ရေး လေ့ကျင့်မှု မပြုလုပ်မီ တစ်ရက်အလိုမှာပင် တရုတ်ရေတပ်ကလည်း အဆိုပါနေရာ၌ စစ်ရေး လေ့ကျင့်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ တရုတ်ရေတပ်က အမြောက်ကြီးများ ပစ်ခတ်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ အမြောက်ကြီး ပစ်ခတ်မှုများ အဓိက ပါဝင်သော နှစ်စဉ် ပုံမှန် စစ်ရေး လေ့ကျင့်မှု တစ်ခု ဖြစ်ကြောင်း တရုတ် နိုင်ငံပိုင် မီဒီယာက ရေးသား ဖော်ပြသည်။

စက်တင်ဘာ ၅ ရက်နေ့တွင် စတင်မည့် အမေရိကန် - တောင်ကိုရီးယား ပူးတွဲ စစ်ရေး လေ့ကျင့်မှုကို တရုတ် နိုင်ငံက ပြင်းပြင်းထန်ထန် ဆန့်ကျင် ကန့်ကွက်ထားသည်။ ချိုနန် စစ်သင်္ဘော နစ်မြုပ်မှု ဖြစ်ပွားပြီးနောက် မြောက်ကိုရီးယား အပေါ် စစ်အင်အား ပြရန် အလို့ငှာ အဆိုပါ စစ်ရေး လေ့ကျင့်မှုကြီး ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ချိုနန် စစ်င်္ဘော နစ်မြုပ်မှုမှာ မတ်လ ၂၆ ရက်နေ့တွင် ဖြစ်ပွားခဲ့ပြီး လူပေါင်း ၄၆ ဦး သေဆုံးခဲ့ရသည်။

နိုင်ငံတကာ စုံစမ်း စစ်ဆေးရေး အဖွဲ့က ယင်းဖြစ်ရပ်သည် မြောက်ကိုရီးယား တော်ပီတို ဒုံးကျည် တိုက်ခိုက် ခံရခြင်းကြောင့် ဖြစ်သည်ဟု ဆိုသော်လည်း ပြုံယမ်း အစိုးရက မဟုတ် မမှန်ကြောင်း ငြင်းပယ်ခဲ့သည်။

ယခု တရုတ် နိုင်ငံရေတပ်က ပြုလုပ်သော စစ်ရေး လေ့ကျင့်မှုမှာ တရုတ်ပြည် အရှေ့ပိုင်း Qingdao မြို့အနီးတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု Xinhua သတင်းဌာနက ဆိုသည်။ တရုတ်သည် ပြီးခဲ့သည့် သြဂုတ်လ အတွင်းကလည်း အရှေ့ဘက် ကမ်းခြေ ဒေသတွင် အမေရိကန်-ကိုရီးယား စစ်ရေး လေ့ကျင့်မှုများကို တုံ့ပြန်သည့် အနေဖြင့် လေကြောင်း စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။

အမေရိကန် ပြည်ထောင်စုနှင့် တောင်ကိုရီးယား အစိုးရတို့က ချိုနန် စစ်သင်္ဘော နစ်မြုပ်မှု ဖြစ်ရပ်အပေါ် တုံ့ပြန်သည့် အနေဖြင့် ပင်လယ်ဝါ ဒေသအနီးတွင် စစ်ရေး ပူးတွဲ လေ့ကျင့်မှုများ စီးရီး အလိုက် ပြုလုပ်ခဲ့သည်။ နောက်ဆုံး ပြုလုပ်မည့် စစ်ရေး လေ့ကျင့်မှုမှာ စက်တင်ဘာလ ၉ ရက်နေ့တွင် စတင်မည် ဖြစ်ပြီး မြောက်ကိုရီးယား ရေငုပ်သင်္ဘော တိုက်ဖျက်ရေး၊ ကင်းထောက် ရှာဖွေရေး အစရှိသော လေ့ကျင့်မှုများ ပါဝင်မည် ဖြစ်ကြောင်း အမည် မဖော်လိုသော စစ်ဘက် အရာရှိကြီး တစ်ဦးက တောင်ကိုရီးယား Yonhap သတင်းဌာနသို့ ပြောကြားသည်။

အမေရိကန်နှင့် တောင်ကိုရီးယားတို့ ပူးတွဲ ပြုလုပ်သော အဆိုပါ စစ်ရေး လေ့ကျင့်မှုများသည် ဒေသတွင်း တည်ငြိမ် အေးချမ်းမှုကို ထိခိုက်စေသောကြောင့် ပြင်းပြင်းထန်ထန် ဆန့်ကျင် ကန့်ကွက်ကြောင်း တရုတ်နိုင်ငံက သဘောထား ထုတ်ပြန်ထားသည်။ ထို့ပြင် ယင်းစစ်ရေး လေ့ကျင့်မှုများသည် တရုတ်နှင့် ဒေသတွင်း နိုင်ငံအချို့ နယ်မြေ ပိုင်ဆိုင်မှု ပြဿနာကြောင့် တင်းမာမှုများ ဖြစ်ပေါ်နေချိန်တွင် ထွက်ပေါ်လာခြင်း ဖြစ်သောကြောင့် တရုတ်နိုင်ငံက လွန်စွာ စိုးရိမ်မကင်း ဖြစ်လျက် ရှိသည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က တရုတ်နှင့် အချို့သော အရှေ့တောင် အာရှ နိုင်ငံများ တောင်တရုတ် ပင်လယ် အတွင်း ဖြစ်ပေါ်နေသော နယ်မြေ ပိုင်ဆိုင်မှု ဆိုင်ရာ အငြင်းပွားမှုများသည် အမေရိကန် ပြည်ထောင်စု၏ အမျိုးသား အကျိုးစီးပွား တစ်ရပ် ဖြစ်ကြောင်း ဇူလိုင်လ အတွင်း ထုတ်ဖော် ပြောဆိုခဲ့ရာ တရုတ် အစိုးရက လွန်စွာ အမျက် ထွက်ခဲ့သည်။

BBC သတင်းကို ဘာသာ ပြန်ဆိုသည်။

                                     

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment