Transparency Myanmar

transparency.myanmar@gmail.com

Irrawaddy News, 4th Sept 2010

ယခု လကုန် နယူးယောက်၌ ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံ၏ အဝန်းအဝိုင်းတွင် သမ္မတ အိုဘားမား စီစဉ် စုဝေးမည့် အမေရိကန် - အာဆီယံ ထိပ်သီး အစည်းအဝေးသို့ မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဥာဏ်ဝင်း တက်ရောက်လိမ့်မည်ဟု သိရှိရသည်။

အာဆီယံ ခေါင်းဆောင်များနှင့် ပြုလုပ်မည့် အစည်းအဝေးကို သမ္မတ အိုဘားမားက လက်ခံ ကျင်းပလိမ့်မည်ဟု အိမ်ဖြူတော်က သောကြာနေ့တွင် ကြေညာခဲ့သည်။ အမေရိကန်-အာဆီယံ ခေါင်းဆောင်များ၏ ဒုတိယ အကြိမ်မြောက် အစည်းအဝေးသို့ အာဆီယံ ခေါင်းဆောင်များနှင့် အတူ အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ်ကိုလည်း တက်ရောက်ရန် အိုဘားမားက ဖိတ်ကြားခဲ့သည်ဟု ဆိုသည်။

အစည်းအဝေးသို့ မြန်မာအစိုးရ ခေါင်းဆောင် တက်ရောက်မည် မဟုတ်ဟု အတည်ပြု ပြောကြားခဲ့သည့် အမေရိကန် အရာရှိကြီးက မြန်မာနိုင်ငံအား တိုက်ရိုက် ဖိတ်ကြားခဲ့ခြင်း မရှိဟု ပြောဆိုခဲ့သည်။

"အာဆီယံ ဥက္ကဋ္ဌ ဗီယက်နမ် နိုင်ငံကို ဖိတ်စာ ပို့ခဲ့တာပါ။ မြန်မာနိုင်ငံကို ကျွန်တော်တို့ တိုက်ရိုက် ဖိတ်ကြားခြင်း မရှိပါဘူး။ မြန်မာ အစိုးရက နိုင်ငံခြားရေး ဝန်ကြီး ဦးဥာဏ်ဝင်းကို စေလွှတ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်" ဟု အဆိုပါ အရာရှိကြီးက ဧရာဝတီ သတင်းဋ္ဌာနသို့ ပြောကြားခဲ့သည်။

ယခုကဲ့သို့ အစည်းအဝေးမျိုးကို ၂၀၀၉ နိုဝင်ဘာလ စကာင်္ပူတွင် ကျင်းပခဲ့ရာ ကုန်သွယ်ရေးနှင့် ရင်းနှီး မြှုပ်နှံမှု၊ ဒေသတွင်း လုံခြုံမှု၊ ရာသီဥတု ပြောင်းလဲလာမှုများ အပါအဝင် နှစ်ဖက်စလုံးနှင့် သက်ဆိုင်သော နယ်ပယ်များ၌ ထိထိရောက်ရောက် ပူးပေါင်း ဆောင်ရွက်သွားကြရန် အိုဘားမားနှင့် အာဆီယံ ခေါင်းဆောင်များက သဘောတူ ကတိ ပြုခဲ့ကြသည်ဟု အိမ်ဖြူတော်က ပြောကြားသည်။

အဆိုပါ ကိစ္စရပ်များ၏ တိုးတက်မှုကို အကဲဖြတ်ရန်၊ အမေရိကန်-အာဆီယံ ဆက်ဆံရေး ခိုင်မြဲစေမည့် အနာဂတ် ကြိုးပမ်း အားထုတ်မှုများကို စိစစ် သတ်မှတ်ရန်၊ ဒေသတွင်း ကြီးမားစွာ ပူးပေါင်း ဆောင်ရွက်ရေးအတွက် နိုင်ငံ အားလုံးက ဦးတည် ဆောင်ရွက်မှုကို ဆွေးနွေးရန် အတွက် အာဆီယံ ခေါင်းဆောင်များနှင့် အတူတကွ လုပ်ဆောင်သွားရန် သမ္မတကြီးက မျှော်လင့် စောင့်စားနေသည်ဟု အိမ်ဖြူတော်က ထုတ်ပြန် ပြောဆိုသည်။

ယုံကြည် လက်ခံနိုင်ခြင်း မရှိဟု အမေရိကန် ပြည်ထောင်စုက သတ်မှတ်ထားသော လာမည့် မြန်မာ ရွေးကောက်ပွဲများ ကိစ္စကို သမ္မတ အိုဘားမားက ဆွေးနွေးလိမ့်မည် ဆိုသည်ကိုမူ အားလုံး နားလည်ထားကြပြီ ဖြစ်သည်။

မြန်မာနိုင်ငံ အပေါ် ဆွေးနွေး ညှိနှိုင်းမှုနှင့် စီးပွားရေး ပိတ်ဆို့မှုများကို တပြိုင်တည်း ကျင့်သုံးသွားမည့် မူဝါဒသစ်ကို လွန်ခဲ့သည့် တစ်နှစ်ခန့်က ချမှတ်ခဲ့သည့် အိုဘားမား အစိုးရသည် မြန်မာနိုင်ငံ အပေါ် ပြင်းပြင်းထန်ထန် ဖိအားပေး ရပ်တည်သွားမည့် လက္ခဏာများကို မကြာမီက ပြသခဲ့သည်။

အမေရိကန် ပြည်ထောင်စုသည် မြန်မာ စစ်ဖက်အစိုးနှင့် နှစ်ကြိမ်ခန့် ဆွေးနွေးခဲ့ပြီး ဖြစ်သော်လည်း လက်ခံ ယုံကြည်ဖွယ် ပွင့်လင်း မြင်သာသည့် ရွေးကောက်ပွဲ ဖြစ်ရေးနှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး ကိစ္စများအပေါ် မြန်မာအစိုးရ၏ တုန့်ပြန် ဆောင်ရွက်မှုနှင့် ပတ်သက်၍ စိတ်အနှောင့်အယှက် ဖြစ်ရသည်ဟု နိုင်ငံခြားရေး ဝန်ကြီး ကလင်တန် အပါအဝင် အမေရိကန် ထိပ်တန်း အရာရှိကြီးများက ထုတ်ဖော် ပြောဆိုထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment