Transparency Myanmar

transparency.myanmar@gmail.com

The Washington Times, 2nd Sept 2010

မြန်မာနိုင်ငံ၌ လာမည့် နိုဝင်ဘာ ၇ တွင် ကျင်းပရန် စီစဉ်ထားသော အထွေထွေ ရွေးကောက်ပွဲများ မတိုင်မီ ၂ လကျော်မျှသာ လိုတော့သော အချိန်တွင် မြန်မာ စစ်ဖက် အစိုးရ ကျူးလွန်သည်ဟု စွပ်စွဲထားကြသော စစ်ရာဇဝတ်မှုများကို စုံစမ်း စစ်ဆေးရန် ကုလသမဂ္ဂ ဦးဆောင်သော ကော်မရှင် ဖွဲ့စည်းရေး အတွက် သြစတြေးလျ၊ ဗြိတိန်၊ ချက်ရီပတ်ဘလစ်၊ စလိုဗက်ကီးယား စသော နိုင်ငံများနှင့် အမေရိကန် ပြည်ထောင်စုတို့ ပူးပေါင်းခဲ့ကြသည်။

အိမ်ဖြူတော်က သြဂုတ်လ ၁၈ တွင် ထုတ်ပြန်သော ကြေညာချက်၌ စုံစမ်းရေး ကော်မရှင်သည် မြန်မာ အစိုးရ အဖွဲ့ဝင်များ တာဝန်ရှိသည့် ကိစ္စများကို ဖော်ထုတ်ခြင်းဖြင့် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေကို တိုးတက်စေနိုင်လိမ့်မည်ဟု ဖော်ပြထားသည်။ မြန်မာ နိုင်ငံအပေါ် ဆက်လက် အရေးယူ ဒဏ်ခတ်မည့် အလားအလာကိုလည်း အိုဘားမား အစိုးရက အရိတ်အမြွက် ပြောကြားခဲ့သည်။

 မြန်မာ့ တပ်မတော် ခေါင်းဆောင်များအား စုံစမ်း စစ်ဆေးရန် ကော်မရှင် ဖွဲ့စည်းရေး ကိစ္စကို မြန်မာ လူ့အခွင့်အရေး အုပ်စုများကလည်း ကြိုးစားခဲ့ကြသည်။

မြန်မာနိုင်ငံ ဆိုင်ရာ ကုလ လူ့အခွင့်အရေး အရာရှိ Tomas Ojea Quintana ၏ အစီရင်ခံစာကို မတ်လ အတွင်းက လူ့အခွင့်အရေး ကောင်စီသို့ တင်ပြခဲ့သော အချိန်တွင် အဆိုပါ ကိစ္စ ပို၍ လူသိများ ကျယ်ပြန့် သွားခဲ့ခြင်း ဖြစ်သည်။

တသမတ်တည်း ထုတ်ပြန်ခဲ့ကြသော အစီရင်ခံစာများအရ အဆိုပါ လူ့အခွင့်အရေး ချိုးဖောက်မှုများသည် နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံးမှ ပြဋ္ဌာန်းထားသော ဥပဒေများက သတ်မှတ်သည့် စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှု အမျိုးအစားများနှင့် အကျုံးဝင် ငြိစွန်းနေဖွယ် ရှိသည့် ဖြစ်နိုင်ခြေ ထွက်ပေါ်လာခဲ့သည်ဟု Mr.Quintana  က ဆိုသည်။

၂၀၀၉ စက်တင်ဘာလက စတင်ခဲ့သည့် အိုဘားမား အစိုးရ၏ သံတမန်ရေး တွေ့ဆုံ ဆွေးနွေးမှုများမှ ရလဒ်ကောင်းများ ထွက်ပေါ်လာခြင်း မရှိသည့် အချိန်တွင် အခြား ရွေးချယ်စရာ နည်းလမ်း အနည်းငယ်မျှသာ ရှိတော့သည်။ ပြီးခဲ့သော ၁၁ လအတွင်း တွေ့ဆုံ ညှိနှိုင်းမှု ပြုလုပ်ခဲ့ရာတွင် အိုဘားမား အစိုးရ အနေဖြင့် မြန်မာ စစ်အစိုးရ၏ ရည်ရွယ်ချက်နှင့် စိတ်နေ သဘောထားကို ပိုမို သိရှိ သဘောပေါက်သွားသည့် လက္ခဏာ ရှိသည်။ ထိုအချက်ကြောင့်ပင် အိမ်ဖြူတော် အနေဖြင့် ထော်လော် ကန့်လန့် တိုက်တတ်သော မြန်မာ အစိုးရ ခေါင်းဆောင်များနှင့် ထိရောက်စွာ ဆက်ဆံနိုင်ရေးအတွက် မဟာဗျူဟာကို ပြန်လည် ရေးဆွဲရန် အခွင့်အလမ်း ရရှိခဲ့ခြင်း ဖြစ်သည်။

ဝါရှင်တန်သည် အဆင့်မြင့် သံတမန် ခရီးစဉ်များမှ တဆင့် မြန်မာ အစိုးရ ခေါင်းဆောင်များနှင့် ဆက်ဆံ ဆွေးနွေးရန် ကြိုးစားခဲ့ပြီး ဖြစ်သည်။ အရှေ့ အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell မြန်မာနိုင်ငံသို့ ၂၀၀၉ နိုဝင်ဘာလနှင့် မေလ အတွင်းက လာရောက်ခဲ့သော်လည်း မည်သည့် ခရီးစဉ်တွင်မှ ၎င်းတို့ လိုလားသော ရလဒ်များ မရရှိခဲ့ပါ။

 အိုဘားမား အစိုးရသည် မြန်မာ အစိုးရထံမှ အပြုသဘော ဆောင်သော တုန့်ပြန်မှုများကို မျှော်လင့်ခဲ့ပုံ ရသည်။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး၊ ရွေးကောက်ပွဲ မကျင်းပမီ လွတ်လပ် မျှတသော နိုင်ငံရေး ဝန်းကျင် ဖန်တီးရေး စသော အမေရိကန် အစိုးရ၏ ကနဦး တောင်းဆိုချက်များ အကောင်အထည် မပေါ်ခဲ့ပါ။

ထို့အပြင် မြောက်ကိုးရီးယား၏ အကူအညီဖြင့် မြန်မာ အစိုးရက နျူကလီယာ လက်နက် ထုတ်လုပ်ရန် ကြိုးစားနေသည့် သတင်း အစီရင်ခံစာများကြောင့် အမေရိကန် အစိုးရ၏ စိတ်အနှောင့်အယှက် ဖြစ်မှုကို ပိုမို ဆိုးဝါးသွားစေခဲ့သည်။ အကျိုးကြောင်း ခိုင်လုံနေသည့် တင်းကျပ်သော ပိတ်ဆို့မှုများကိုလည်း အိုဘားမား အစိုးရက ရုတ်သိမ်းပေးခဲ့ခြင်း မရှိပါ။

ဝါရှင်တန် အနေဖြင့် ၎င်း၏ ညှိနှိုင်းရေး မူဝါဒမှ လိုလားသော ရလဒ်ကောင်းများ ထွက်ပေါ်လာခြင်း မရှိသည့်အတွက် မြန်မာနိုင်ငံ အပေါ် စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရေးကို ထောက်ခံရန် ဆုံးဖြတ်ခဲ့ရသည်။

အဆိုပါ စုံစမ်းရေး ကော်မရှင်ကို ကုလ လူ့အခွင့်အရေး ကောင်စီ၊ ကုလသမဂ္ဂ အထွေထွေ ညီလာခံ ဆုံးဖြတ်ချက်၊ ကုလအထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (သို့) ကုလလုံခြုံရေး ကောင်စီ မဲခွဲ ဆုံးဖြတ်မှုတို့ဖြင့် အကောင်အထည် ဖော်ဖွယ် ရှိနေပြီး နောက်ဆုံးတွင် စစ်ရာဇဝတ်မှုများ ကျူးလွန်မှုဖြင့် တရားစွဲဆိုသည့် အဆင့်သို့ ရောက်ရှိနိုင်သည်။

ကုလ လုံခြုံရေး ကောင်စီ၌ ကြိုးပမ်းမှု မှန်သမျှကို ဗီတို အာဏာ သုံးစွဲခွင့် ရှိသူ တရုတ်နှင့် ရုရှားတို့က ကန့်ကွက်ဖွယ် ရှိနေသည်။ ၁၉၉၀ ခုနှစ်များ အစောပိုင်းက ဘော့စနီးယား စစ်ရာဇဝတ်မှုများ စုံစမ်းရေး ကော်မရှင်မှာ သာဓက တစ်ခုပင် ဖြစ်သည်။

မြန်မာ အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား တရား စွဲဆိုရန် စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရေး အလားအလာများမှာ မသေချာသေးသော်လည်း ယခု ဆောင်ရွက်မှုကြောင့် မြန်မာ စစ်အစိုးရ မျိုးဆက်သစ် ခေါင်းဆောင်များ ၎င်းတို့၏ ပြည်သူများ အပေါ် ရာဇဝတ်မှုများ ထပ်မံ ကျူးလွန်စေရန် တားဆီး ပေးနိုင်ဖွယ် ရှိနေသည်။

လိုက်ဘေးရီးယား သမ္မတဟောင်း ချားစ်တေလာသည် ဟိဂ်မြို့တွင် စစ်ရာဇဝတ်မှု ကျူးလွန်မှုများနှင့် ပတ်သက်၍ တရားစွဲဆိုခြင်း ခံနေရသည်။ ဆူဒန် ခေါင်းဆောင် အိုမာဟတ်ဆန် အာမက်အယ်ဘာရှားသည်လည်း ၂၀၀၈ ခုနှစ်က တရားစွဲဆိုခြင်း ခံရပြီး ၎င်းကိုမူ ဖမ်းဆီးမိခြင်း မရှိသေးပါ။ ဆားဘီးယား ခေါင်းဆောင်ဟောင်း ဆလိုဘိုဒန်မီလိုဆီဗစ်သည်လည်း ရာထူးမှ အနားယူ အပြီး အဖမ်းခံရကာ တရားစွဲဆိုထားစဉ် အတွင်း သေဆုံးသွားခဲ့သည်။

စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရေးကို ထောက်ခံရန် ဆုံးဖြတ်ခဲ့သော အိုဘားမား အစိုးရ အနေဖြင့် ထိုအစီအစဉ် ပြီးဆုံးသည်အထိ တွန်းအားပေးရလိမ့်မည် ဖြစ်သည်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၊ လူ့အခွင့်အရေး ကောင်စီနှင့် ကုလ အထွေထွေ ညီလာခံတို့၏ တာဝန်သိသိ ဆောင်ရွက်မှု၊ နိုင်ငံတကာ အသိုင်းအဝိုင်း၏ ဝိုင်းဝန်း ထောက်ခံမှုတို့သည်လည်း ကော်မရှင် ဖွဲ့စည်းရေး ကိစ္စ အောင်မြင်ရန် အတွက် မရှိမဖြစ် လိုအပ်သည့် အရာများ ဖြစ်သည်။

ဤအတော အတွင်း၌ အမေရိကန် ပြည်ထောင်စု အနေဖြင့် ၎င်း၏ ညှိနှိုင်းရေး မူဝါဒကို စွန့်လွှတ်၍ မရသေးပါ။ ၂၀၀၈ ခုနှစ်တွင်း ကွန်ဂရက် လွှတ်တော်က ခန့်အပ်ခဲ့ဖူးသော မြန်မာနိုင်ငံ ဆိုင်ရာ အထူး ကိုယ်စားလှယ် ရာထူးကို အိုဘားမား အစိုးရ အနေဖြင့် ပြန်လည် ခန့်အပ်ရန် လိုအပ်နေသည်။

အဆိုပါ အထူး ကိုယ်စားလှယ် အနေဖြင့် တရုတ်၊ ဂျပန်၊ ရုရှား၊ အိန္ဒိယ၊ အာဆီယံနှင့် အီးယူ စသော သက်ဆိုင်ရာ အင်အားကြီး အုပ်စုများနှင့် တိုင်ပင် ညှိနှိုင်းကာ မြန်မာနိုင်ငံ အပေါ် နိုင်ငံတကာ တွန်းအား ပေးမှုများကို ညှိနှိုင်း လုပ်ဆောင်သွားရန် လိုအပ်သည်ဟု တင်ပြလိုက်ရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment