Transparency Myanmar

transparency.myanmar@gmail.com

မြန်မာနိုင်ငံသို့ တရုတ် စစ်သင်္ဘောများ ပထမဆုံး အကြိမ် လာရောက် လည်ပတ်မှု ခရီးစဉ် အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း သိရှိရသည်။

ပင်လယ်ဓားပြ နှိမ်နင်းရေး တပ်ဖွဲ့များ ဦးဆောင်သည့် တရုတ် စစ်သင်္ဘော နှစ်စင်း၏ ငါးရက်တာ မြန်မာနိုင်ငံ ခရီးစဉ်သည် တရုတ်-မြန်မာ အနီးကပ် ချစ်ကြည် ရင်းနှီးမှုနှင့် တရုတ် ရေတပ်၏ ခြေတံ လက်တံ ဆန့်နိုင်မှုကို ပြသနိုင်ခဲ့သည်။ ထို့အတူ မကြာမီ ရက်ပိုင်းတွင် တရုတ်နိုင်ငံသို့ မြန်မာ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လာရောက် လည်ပတ်ရန်လည်း ရှိကြောင်း ဘေဂျင်း အစိုးရက ဆိုသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် လေးရက်တာ ခရီးစဉ်အတွင်း တရုတ် ဝန်ကြီးချုပ် ဝမ်ကျားပေါင်နှင့် တွေ့ဆုံပြီး ဘေဂျင်း၊ ရှန်ဟိုင်းနှင့် ဇီကျန်းမြို့များသို့ သွားရောက်မည် ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အဆိုပါ ခရီးစဉ်သည် တရုတ်နှင့် အိမ်နီးချင်း မြန်မာ အကြား ချစ်ကြည် ရင်းနှီးမှု တိုးပွားလာခြင်းကို ထပ်မံ ဖော်ကျူးပြရာ ရောက်သလို အာရှ အစိုးရ အများစု၏ သံသယဖြင့် ရှုမြင်ခြင်းကို ခံရမည် ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ပြီးခဲ့သည့် လပိုင်းအတွင်း အိမ်နီးချင်း အိန္ဒိယ နိုင်ငံများသို့ သွားရောက် လည်ပတ်ခဲ့သေးသည်။ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ Jiang Yu က ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ခရီးစဉ်သည် စက်တင်ဘာလ ၇ ရက်နေ့မှ ၁၁ ရက်နေ့အထိ ဖြစ်သည်ဟု ဆိုသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လာရောက် လည်ပတ်မှုကြောင့် တရုတ်-မြန်မာ နှစ်နိုင်ငံ၏ အစဉ်အလာ ချစ်ကြည် ရင်းနှီးမှုကို ပိုမို ခိုင်မာ တောင့်တင်းစေမည် ဖြစ်ပြီး ဒေသတွင်း ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးရေးကိုလည်း မြှင့်တင် ပေးနိုင်မည် ဖြစ်သည်ဟု ယုံကြည်ကြောင်း ၎င်းက ပြောဆိုသည်။ နိုဝင်ဘာလ ၇ ရက်နေ့ မြန်မာ နိုင်ငံတွင် ကျင်းပမည့် ဒီမိုကရေစီ ရွေးကောက်ပွဲနှင့် ပတ်သက်၍ မေးမြန်းရာတွင် ၎င်းက "မြန်မာ နိုင်ငံ ရွေးကောက်ပွဲကို ချောချောမွေ့မွေ့ ကျင်းပပေးနိုင်ပြီး ဒီမိုကရေစီ ဖော်ဆောင်ရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေးတွေကို ဆက်လက် လုပ်ကိုင်သွားနိုင်မယ်လို့ တရုတ်နိုင်ငံက မျှော်လင့်မိပါတယ်" ဟု ဆိုသည်။

မဟာမိတ်နိုင်ငံ

မြန်မာ နိုင်ငံသို့ လာရောက်ခဲ့သော Guangzhou နှင့် Caogu စစ်သင်္ဘော နှစ်စီးမှာ ရန်ကုန်မြို့ အနီးရှိ သီလဝါ ဆိပ်ကမ်းတွင် ဆိုက်ကပ်ခဲ့ပြီး အခမ်းအနားဖြင့် ကြိုဆိုခြင်း ခံခဲ့ရသည်။ တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (ရေ) သည် နိုင်ငံတကာ ပင်လယ်ဓားပြ နှိမ်နင်းရေး ဆောင်ရွက်ချက်များတွင် ပူးပေါင်း ဆောင်ရွက်ခဲ့ပြီး အခြားသော ဆိပ်ကမ်းများသို့လည်း စစ်သင်္ဘောများ ထပ်မံ စေလွှတ်ရန် အစီအစဉ် ရှိသည်။

အဆိုပါ စစ်သင်္ဘော နှစ်စီးသည် အီတလီ၊ ဂရိနှင့် အီဂျစ် နိုင်ငံများသို့ သွားရောက်ခဲ့ပြီး ယခုအခါ တရုတ်ပြည်သို့ ပြန်သွားပြီ ဖြစ်သည်။ ယင်းသင်္ဘော နှစ်စီးအတွက် မြန်မာပြည် ခရီးစဉ်မှာ ပထမဆုံး ဖြစ်ပြီး တရုတ်က မြန်မာကို မဟာမိတ် နိုင်ငံ တစ်နိုင်ငံအဖြစ် သတ်မှတ် ရှုမြင်သည်ကို ဖော်ကျူးရာလည်း ရောက်သည် ဟု ဟောင်ကောင် စီးတီး တက္ကသိုလ်မှ ပေါမောက္ခ Nick Thomas က BBC သတင်းဌာနသို့ ပြောကြားသည်။

"မြန်မာနိုင်ငံမှာ မကြာမီ ကာလအတွင်း ရွေးကောက်ပွဲ ကျင်းပတော့မှာ မို့လို့ နိုင်ငံတကာရဲ့ အာရုံစိုက်မှုတွေ ရှိလာတော့မှာပါ။ အဲဒီ အချိန်မှာ မြန်မာနိုင်ငံကို တရုတ်က ထောက်ပံ့ပေးနေတယ် ဆိုတဲ့ အချက်ကို ပေါ်လွင်စေချင်တာမျိုး ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ အထီးကျန် ဖြစ်နေတယ်လို့ မရှုမြင်သင့်ပါဘူး" ဟု ၎င်းက ဆိုသည်။

BBC သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment