Transparency Myanmar

transparency.myanmar@gmail.com

Reuters, AP, 14th Sept 2010

မြောက်ကိုးရီးယား ခေါင်းဆောင် ကင်ဂျုံအီ၏ ကျန်းမာရေးကြောင့် အာဏာရ ကွန်မြူနစ် ပါတီ၏ ရှားရှားပါးပါး ညီလာခံ စတင် ကျင်ပရန် နှောင့်နှေးလျက် ရှိသော်လည်း ၎င်း၏ ကျန်းမာရေး အခြေအနေမှာ ညီလာခံ ဖျက်သိမ်း ရလောက်အောင် ဆိုးဝါး ပြင်းထန်ခြင်း မရှိဟု တောင်ကိုးရီးယား ရုပ်သံက တနင်္ဂနွေနေ့တွင် ထုတ်လွှင့်ခဲ့သည်။

လျှို့ဝှက်လွန်းသော ကိုးရီးယား ကျွန်းဆွယ် နိုင်ငံ၏ အုပ်ချုပ်သူ အလွှာကို အနှစ် ၃၀ အတွင်း ပထမဆုံး အကြိမ် စုစည်းမည့် အလုပ်သမားပါတီ WPK  ညီလာခံသည် ခေါင်းဆောင်ပိုင်း အသစ် ရွေးကောက်ရန် ကျင်းပခြင်း ဖြစ်ပြီး ကင်ဂျုံအီ ၏ ကျန်းမာရေး ယိုယွင်းလာမှုကြောင့် ၎င်း၏ အငယ်ဆုံးသားအား ကင်နန်းဆက်၏ ဆက်ခံသူအဖြစ် တရားဝင် တင်မြှောက်မည့် အလားအလာ ရှိသည်။ အဆိုပါ ကွန်မြူနစ် ပါတီ ညီလာခံကို စက်တင်ဘာ ၁ရက်မှ ၁၅ရက်အတွင်း တစ်ရက်ရက်တွင် ကျင်းပရန် စီစဉ်ထားသည်ဟု သိရှိရသည်။

၁၉၅၃ ကိုးရီးယား စစ်ပွဲမှာ အပစ်အခတ် ရပ်စဲရေး စာချုပ်မျှသာ လက်မှတ် ရေးထိုးထားခြင်း ဖြစ်၍ တောင်နှင့်မြောက် ကိုးရီးယား ၂ နိုင်ငံ စစ်မပြီးသေးသည့် သဘော သက်ရောက်နေရာ၊ မည်သည့် အပြောင်းအလဲများကို ပြင်ဆင်နေသည်၊ တပ်ဖွဲ့ဝင် ၁.၂ သန်းနှင့် အရံစစ်သည် ၇.၇ သန်းရှိ စစ်အင်အားကို မည်သူက အမိန့်ပေးမည် စသည်တို့ကို သိရှိရန် ဒေသတွင်း အင်အားကြီးများက ဆန္ဒ ပြင်းပြနေကြသည်။ လက်ရှိ ခေါင်းဆောင် ကင်ဂျုံအီ (၆၈) နှစ်မှာ ၂၀၀၈ ခုနှစ်က လေဖြတ် ဝေဒနာ ခံစားခဲ့ရသည်ဟု သံသယ ရှိနေကြပြီး ၂၀၀၉ ခုနှစ်တိုင်အောင် လပေါင်းများစွာ လူလုံးပြနိုင်ခဲ့ခြင်း မရှိပါ။

လွန်ခဲ့သော အနည်းငယ် အတွင်း အပယ်ခံ မြောက်ကိုးရီးယား နိုင်ငံ၏ အဓိက ထောက်ခံသူ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သော ခရီးစဉ်များတွင်လည်း ၎င်း၏ ပုံစံမှာ ချိနဲ့နေသည့် လက္ခဏာ ရှိသည်။ ပြီးခဲ့သော လက တရုတ်နိုင်ငံ အနှံ့ ၅ ရက်ကြာ ခြေဆန့်ခဲ့ပြီးနောက် ကင်ဂျုံအီ၏ ကျန်းမာရေး ဆိုးဝါးလာသည်ဟု သိရကြောင်း ဆိုးလ်မှ ထောက်လှမ်းရေး အရာရှိ တစ်ဦးက ပြောကြားခဲ့ခြင်းကို YIN ရုပ်သံက ကိုးကား ထုတ်လွှင့်ခဲ့သည်။ သို့သော် မကြာမီ စတင် ကျင်းပတော့မည့် ကွန်မြူနစ်ပါတီ ညီလာခံ ဖျက်သိမ်းရလောက်အောင် "ကင်" ၏ ကျန်းမာရေး ဆိုးဝါးခြင်း မရှိဟုလည်း သတင်း ရင်းမြစ်က ဆိုသည်။

ဆိုးလ်မှ အစိုးရ တာဝန်ရှိသူများကမူ အဆိုပါ သတင်းအပေါ် မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့ကြသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment