Transparency Myanmar

transparency.myanmar@gmail.com

နှစ်နိုင်ငံ နယ်နိမိတ် ပိုင်ဆိုင်မှုဖြင့် အငြင်းပွားလျက် ရှိသော ရေပြင်အတွင်း ဂျပန် ကင်းလှည့်သင်္ဘော နှစ်စင်းအား တရုတ် ငါးဖမ်းသင်္ဘောက တိုက်မိခဲ့သည့် ကိစ္စအတွက် ဂျပန်နိုင်ငံက တရုတ်နိုင်ငံကို လျော်ကြေး တောင်းခံမည်ဟု တိုကျိုက ဆိုသည်။

"ကျွန်ုပ်တို့ အနေဖြင့် အတိုက်ခံလိုက်ရသော ကင်းလှည့် သင်္ဘောများ နဂိုမူလ အခြေအနေ အတိုင်း ပြန်ဖြစ်နိုင်ရေး အတွက် တောင်းဆိုပါမည်" ဟု ဂျပန်အစိုးရ ပြောရေးဆိုခွင့် ရှိသူ Yoshito Sengoku က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားလိုက်ခြင်း ဖြစ်သည်။

ယခုလ အစောပိုင်း ကာလတွင် ဖြစ်ပေါ်ခဲ့သော အဆိုပါ တရုတ် ငါးဖမ်းသင်္ဘောနှင့် ဂျပန် ကင်းလှည့်သင်္ဘော နှစ်စင်း တိုက်မိမှုကြောင့် နှစ်နိုင်ငံ ဆက်ဆံရေးမှာ နှစ်များစွာအတွင်း အဆိုးရွားဆုံး အဆင့်သို့ ရောက်ရှိခဲ့သည်။

ဂျပန်နိုင်ငံက အဆိုပါ တရုတ် ငါးဖမ်းသင်္ဘော ကပ္ပတိန်ကို ရက်သတ္တ နှစ်ပတ်ကြာမျှ ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီးနောက် ပြီးခဲ့သည့် ရက်သတ္တပတ်က ပြန်လွှတ်ပေးလိုက်သည်။

အဆိုပါ သင်္ဘော တိုက်မိမှုမှာ နယ်နိမိတ် ပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားနေရသော အရှေ့ တရုတ် ပင်လယ်ရှိ လူသူ မနေထိုင်သော ကျွန်းစုများ အနီးတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ထိုကျွန်းများကို ဂျပန်နိုင်ငံတွင် ဆန်ကာကူ ကျွန်းများဟု ခေါ်ဆိုပြီး တရုတ်နိုင်ငံတွင် ဒန်အိုယူ ကျွန်းများဟု ခေါ်ကြသည်။

ထိုကိစ္စ ဖြစ်ပွားပြီးနောက် တရုတ်အစိုးရက နှစ်နိုင်ငံ အဆင့်မြင့် အရာရှိကြီးများ ဆက်ဆံမှုကို ဖြတ်တောက်ပစ်လိုက်ပြီး ဂျပန်သို့ သွားရောက် လည်ပတ်မည့် တရုတ် တိုးရစ်များ၏ ခရီးစဉ်ကိုလည်း ဖျက်သိမ်းလိုက်သည်။

ရှန်ဟိုင်းမြို့တွင် သွားရောက် ဖျော်ဖြေမည့် ဂျပန် ထိပ်တန်း တေးဂီတ တီးဝိုင်း SMAP ၏ အစီအစဉ်ကိုလည်း တရုတ်ဘက်မှ ကြီးမှူးသူများက ဖျက်သိမ်းလိုက်သည်။

ဤအတောအတွင်း ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်း ဂျပန်နိုင်ငံသား လေးဦးကို တရုတ်နိုင်ငံက ဖမ်းဆီးလိုက်ရာ တင်းမာမှုမှာ ပို၍ ကြီးထွားသွားရသည်။ အဆိုပါ ဂျပန်လေးဦးသည် စစ်ဘက် တားမြစ် နယ်မြေထဲသို့ ဝင်ရောက်ပြီး ဗီဒီယို ရိုက်ကူးသည် ဟူသော စွပ်စွဲချက်ဖြင့် ဖမ်းဆီး ထိန်းသိမ်းခံလိုက်ရခြင်း ဖြစ်သည်။

BBC သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment