Transparency Myanmar

transparency.myanmar@gmail.com

The Japan Times, By Vaclav Havel ETAL, 7th Oct 2010

(Vaclav Havel သည် ချက်သမ္မတဟောင်း ဖြစ်သည်)

နိုဝင်ဘာလ (၇) ရက်နေ့တွင် မြန်မာနိုင်ငံတွင် နှစ်ပေါင်း နှစ်ဆယ် အတွင်း ပထမဦးဆုံး ရွေးကောက်ပွဲကို ကျင်းပတော့မည် ဖြစ်ရာ အသေအချာ ဇာတ်တိုက်ထားသော ပြဇာတ် တစ်ပုဒ်ကို တင်ဆက်တော့မည် ဖြစ်သည်။ မြန်မာ ဗိုလ်ချုပ်များသည် ဒီမိုကရေစီ လုပ်ငန်းစဉ် ဟူသော အဓိပ္ပာယ်ကို လက်တစ်လုံးကြား လုပ်ကြဦးမည် ဖြစ်ပြီး ပြည်သူ အများမှာ မျှော်လင့်ချက် မရှိဘဲ ကြောက်ကြောက် ရွံ့ရွံ့နှင့် မဲပေးကြရဦးမည် ဖြစ်သည်။

နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် မြန်မာ ဗိုလ်ချုပ်များကို ၎င်းတို့၏ စားလုံးများ၊ ကတိများကို မကြည့်ဘဲ ၎င်းတို့၏ လုပ်ဆောင်ချက်ကို ကြည့်၍ အကဲဖြတ် ကြရမည် ဖြစ်သည်။ ဗိုလ်ချုပ်များက လွတ်လပ်စွာ မဲပေးနိုင်မည်ဆိုသော ပြောဆိုသံများ၊ ဒီမိုကရေစီအသွင် ကူးပြောင်းရေး ဟူသော ပြောဆိုသံများထက် စာလျှင် မြန်မာနိုင်ငံတွင် ပကတိ ဖြစ်ပျက်နေသော အသံများက ပိုမို ကျယ်လောင်သည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသား (၂၁၀၀) ကျော်သည် ထောင်ထဲတွင်ပင် ရှိနေသေးသည်။ အများစုမှာ နှိပ်စက်ခံရခြင်း၊ ဆိုးရွားသော အခြေအနေများတွင် နေနေရခြင်း၊ ကျန်းမာရေး ဆေးကုသရန် ငြင်းပယ်ခံရခြင်းများ ရှိနေသည်။ နိုင်ငံတွင်း တိုင်းရင်းသားများအား တိုက်ခိုက်မှုများ ဆက်ရှိနေပြီး၊ မြန်မာ စစ်တပ်နှင့် ရဲကလည်း ကလေးများ အပါအဝင် အရပ်သားများအပေါ် ပစ်မှတ်ထား၍ တမင် နှိပ်စက်ခြင်းများ ပြုလုပ်သည်။ တိုင်းပြည်၏ မီဒီယာများအပေါ် ဆင်ဆာ ကန့်သတ်ချက်များ ရှိနေဆဲ ဖြစ်ပြီး၊ လွတ်လပ်စွာ ဖော်ထုတ်ခွင့်ကိုလည်း ငြင်းဆိုထားသည်။ လူအများ နှစ်သက်သော ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင် ရရှိခဲ့သော နိုင်ငံရေးပါတီ ဖြစ်သည့် အမျိုးသား ဒီမိုကရေစီအ ဖွဲ့ချုပ်မှာလည်း ရွေးကောက်ပွဲ ဝင်ရေး မှတ်ပုံ မတင်ရန် ဆုံးဖြတ်ခဲ့မှုကြောင့် ဖျက်သိမ်းခံခဲ့ရသည်။

ထိုသို့သော အခြေအနေမျိုးတွင်  လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများ မဖြစ်နိုင်ပေ။ ယခု ဒီမိုကရေစီ အသွင် ကူးပြောင်းရေး လုပ်ငန်းစဉ်ဟု ခေါ်သော လုပ်ငန်းစဉ်မှာလည်း လက်ရှိ စစ်အာဏာရှင် များကသာ ရေးဆွဲပြီး ၎င်း၏ သစ္စာခံများနှင့်သာ လုပ်ကြဦးမည် ဖြစ်ရာ၊ ရလဒ်မှာ အာဏာရှင်စနစ် သက်ဆိုးရှည်ရေးသာ ဖြစ်တော့မည် ဖြစ်သည်။

ထို့ကြောင့် မြန်မာနိုင်ငံ၏ ကံကြမ္မာသည် ပုံစံသစ် အာဏာရှင် စနစ်နှင့် မညားမီ ကုလသမဂ္ဂ အနေဖြင့် ဤဒုက္ခရောက်နေသော တိုင်းပြည်အပေါ် ဒီမိုကရေစီနှင့် အမျိုးသား ပြန်လည် စည်းလုံးမှုကို ဖြစ်စေမည့် လုပ်ငန်း ဒီဇိုင်းအသစ်ကို ချက်ခြင်း၊ လုံ့လရှိရှိ စတင် အဆိုပြုကြဖို့ ဖြစ်သည်။ အရှေ့ရော အနောက်ရော အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် တွေ့ဆုံ ဆွေးနွေးမှု အစစ်အမှန် ဖြစ်စေရေးအတွက်  ကုလ သမဂ္ဂ၏ ဦးဆောင်မှု နောက်တွင် တညီတညွှတ်တည်း ရှိကြရမည် ဖြစ်သည်။

သို့သော် အဆိုပါ တွေ့ဆုံ ဆွေးနွေးမှု တရားဝင် အစစ် အမှန်ဖြစ်ရေး အတွက် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ပါတီ NLD တို့ ပါဝင်ရမည် ဖြစ်သည်။ အဆိုပါ လုပ်ငန်းစဉ်တွင် အခြား ဒီမိုကရက်တစ် အတိုက်အခံ အုပ်စုများနှင့် တိုင်းရင်းသား ကိုယ်စားလှယ် အစစ်အမှန်များကိုလည်း ပြောရေးဆိုခွင့် ပေးရမည် ဖြစ်သည်။

မြန်မာ ဗိုလ်ချုပ်များကို တွေ့ဆုံညှိနှိုင်းရေး စားပွဲသို့ ရောက်လာအောင် ဆွဲခေါ်နိုင်သော ဖိအားများ ပေးရမည်ဖြစ်သည်။ နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် ထိုကိစ္စ အထ မြောက်ရေးအတွက် သုံးနိုင်သမျှသော လက်နက်များကို ထုတ်၍ သုံးရလိမ့်မည် ဖြစ်သည်။

မြန်မာ နိုင်ငံအပေါ် အကူအညီပေးရေး တာဝန် ဝတ္တရားများကို ကုလသမဂ္ဂ အပေါ်တွင်သာ ပုံမထားသင့်ပါ။ ရှိမနေပါ။ မြန်မာ စစ်ဗိုလ်ချုပ်များအပေါ် ဖိအားများသည် နှစ်နိုင်ငံရော၊ နိုင်ငံစုံကပါ ပေးကြရမည် ဖြစ်သည်။ ဖိအားပေးမှုတွင် ပစ်မှတ်ထားသော  ငွေရေးကြေးရေးနှင့် ဘဏ်ဆိုင်ရာ အရေးယူမှုများ အပါအဝင် သေချာစွာ သတ်မှတ်ထားသော စီးပွားရေး ကိစ္စများဖြင့် ပါဝင်အရေးယူ ဆောင်ရွက်သင့်သည်။

မြန်မာ စစ်ခေါင်းဆောင်များ မတရားမှုများကို တရားဝင်သဖွယ် ပြုလုပ်နေမှုများ ရပ်ဆိုင်းသွားအောင် အရေးယူ ဆောင်ရွက်ကြရမည် ဖြစ်သည်။ အာဏာရှင် အစိုးရမှာ တိုင်းရင်းသား လူမျိုး အများစုအပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်ခြင်း၊ လူသားချင်း မစာနာသော ရာဇဝတ်မှုများ ကျူးလွန်ခြင်း၊ လူမျိုးခွဲခြား ဆက်ဆံခြင်းနှင့် စစ်တပ်၏ မှားယွင်း အုပ်ချုပ်မှုများကို စွပ်စွဲခံနေရသည်။ ကုလသမဂ္ဂ အထွေထွေ ညီလာခံ အနေဖြင့် ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် အဆိုပြုထားသော စစ်ရာဇဝတ်မှုများ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရေး ကိစ္စကို ဆက်လုပ်သင့်သည်။

ထို့အပြင် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီသည် မြန်မာနိုင်ငံအပေါ် လက်နက် ရောင်းဝယ်ရေး ကိစ္စ ကန့်သတ် အရေးယူသင့်သည်။

မြန်မာ နိုင်ငံတွင် နိုဝင်ဘာ (၇) ရက် အပြီးတွင်လည်း အာဏာရှင် စနစ်နှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေဦးမည် ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့ အနေဖြင့် ရွေးကောက်ပွဲအပြီး ဘာဖြစ်မည် ဆိုသည်ကို စောင့်ကြည့်နေရန် မလိုအပ်ပေ။ ဘာမျှ မလုပ်သော တိုင်းပြည်အတွက် ဘာမျှ ခွင့်လွှတ်စရာ မလိုပေ။ ယခုအချိန်သည် ကမ္ဘာကြီး တစ်ခုလုံးသည် မြန်မာပြည်သူများ နောက်တွင် ညီညွတ်စွာ ရပ်သင့်ပြီး ၎င်းတို့ ငြိမ်းချမ်းရေးနှင့် သိက္ခာရှိရှိ နေနိုင်ရေး ကူညီပေးကြရမည် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment