Transparency Myanmar

transparency.myanmar@gmail.com

         တောင်ကိုရီးယား နိုင်ငံတွင် အခြေချ နေထိုင်လျက် ရှိသော မြောက်ကိုရီးယား ပြည်ပြေး ဦးရေမှာ ယခုလ အစောပိုင်း ကာလတွင် နှစ်သောင်းကျော်သို့ ရောက်ရှိသွားပြီ ဖြစ်ကြောင်း Yonhap သတင်းဌာနက ရေးသား ဖော်ပြသည်။

ပြီးခဲ့သည့် သြဂုတ်လအတွင်း တောင်ကိုရီးယား နိုင်ငံ ပြန်လည် သင့်မြတ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်သော စာရင်းဇယားများအရ ကိုရီးယားစစ်ပွဲ ပြီးဆုံးချိန်မှ စ၍ တောင်ကိုရီးယား နိုင်ငံသို့ ထွက်ပြေးလာသော မြောက်ကိုရီးယား ပြည်ပြေး စုစုပေါင်း ၁၉၅၆၉ ရှိသွားပြီ ဖြစ်သည်။ လစဉ် လတိုင်း မြောက်ကိုရီးယားဘက်မှ ထွက်ပြေးလာသူ ၂၀၀ ကျော် ရှိသည်ဟု ဆိုသည်။

မြောက်ကိုရီးယား နိုင်ငံသားများသည် အိမ်နီးချင်း တရုတ်နိုင်ငံသို့လည်း ထွက်ပြေး နေထိုင်လျက် ရှိသည်။ သို့သော် တရားမဝင် နေထိုင်မှု ပုံစံဖြင့် နေထိုင်ရသောကြောင့် တရုတ်နိုင်ငံတွင်း မြောက်ကိုရီးယား နိုင်ငံသားဦးရေ မည်ရွေ့ မည်မျှ ရှိသည် ဟူသည်ကို အတိအကျ မသိရှိနိုင်ပေ။ တရုတ် အစိုးရက မြောက်ကိုရီးယား ပြည်ပြေးများအား နေရပ်သို့ ပြန်ပို့လေ့ ရှိပြီး ၎င်းတို့သည် အမိနိုင်ငံသို့ ပြန်ရောက်သောအခါ အပြစ်ပေး ခံကြရကြောင်း ပြန်လည် သင့်မြတ်ရေး ဝန်ကြီးဌာနက ဆိုသည်။

ဆင်းရဲ နွမ်းပါးသော အမိနိုင်ငံမှ ထွက်ပြေး လွတ်မြောက်ရန် ကြိုးပမ်းကြသော မြောက်ကိုရီးယား နိုင်ငံသား အများစုမှာ ဖမ်းဆီး ချုပ်နှောင်ခံနေကြရသည်။

၁၉၅၃ ခုနှစ်က ပြီးဆုံးသွားသော ကိုရီးယား စစ်ပွဲကြောင့် တောင်-မြောက်ကိုရီးယားမှ မိသားစု အများစုမှာ တစ်ကွဲတစ်ပြားစီ ဖြစ်ခဲ့ကြရသည်။ တောင်နှင့်မြောက် ကိုရီးယား နှစ်နိုင်ငံသည် တရားဝင် ငြိမ်းချမ်းရေး စာချုပ် မပါဘဲ အပစ်အခတ် ရပ်စဲခဲ့ကြခြင်း ဖြစ်သည်။

ကိုရီးယား စစ်ပွဲ ပြီးဆုံးပြီးနောက် ဆယ်စုနှစ်များ အတွင်း တောင်ကိုရီးယားမှာ အာရှတွင် စီးပွားရေး အင်အား ကောင်းသော ကျားတစ်ကောင် အဆင့်သို့ ရောက်ရှိခဲ့သည်။ တောင်ကိုရီးယားသည် မြောက်ကိုရီးယား နိုင်ငံထက် စီးပွားရေးအရ များစွာ သာလွန်ခဲ့သည်။

မြောက်ကိုရီးယား ကွန်မြူနစ် အစိုးရ ခေါင်းဆောင်များက နျူကလီးယား စစ်လက်နက်နှင့် ဒုံးကျည် တပ်ဆင်ရေး အစီအစဉ်များတွင် ငွေကြေး မြောက်မြားစွာ သုံးစွဲကြရာ ပြည်သူများမှာ ဆင်းရဲ နွမ်းပါးမှု၊ ငတ်မွတ် ခေါင်းပါးမှု တို့ဖြင့် ရင်ဆိုင်လာကြရသည်။ အဆိုပါ လက်နက် တပ်ဆင်မှုများကြောင့် မြောက်ကိုရီးယားသည် နိုင်ငံတကာ အသိုင်းအဝိုင်းတွင် စီးပွားရေး ပိတ်ဆို့မှုများနှင့်လည်း ရင်ဆိုင်နေရသည်။

မြောက်ကိုရီးယား နိုင်ငံသား အတော် များများသည် ယခုအခါ ရာသီဥတု ဖောက်ပြန်မှုကြောင့် ဖြစ်ပေါ်သော စားနပ်ရိက္ခာ ပြတ်လပ်မှုကို ခါးစည်း ခံနေကြရသည်။

CNN သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment