Transparency Myanmar

transparency.myanmar@gmail.com

ယခု ၂၀၁၀ ပြည့်နှစ်အတွက် ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆုကို ဖမ်းဆီး အကျဉ်းချ ခံထားရသော တရုတ် အစိုးရ ဆန့်ကျင်ရေးသမား Liu Xiaobo ရရှိသွားကြောင်း နော်ဝေအခြေစိုက် နိုဘယ်ဆု ရွေးချယ်ရေး ကော်မတီက ထုတ်ပြန် ကြေညာသည်။ မစ္စတာ Liu Xiaobo သည် တရုတ် နိုင်ငံတွင်း အခြေခံ လူ့အခွင့်အရေး ရရှိရေးအတွက် ကာလ ကြာရှည်စွာ အကြမ်းမဖက်သော နည်းလမ်းဖြင့် ကြိုးပမ်း လုပ်ကိုင်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ ၂၀၁၀ နိုဘယ် ငြိမ်းချမ်းရေးဆု ချီးမြှင့်လိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေး ဟူသည့် အကြောင်းကိစ္စ နှစ်ရပ်သည် တစ်ခုနှင့် တစ်ခု နီးနီးကပ်ကပ် ချိတ်ဆက်လျက် ရှိသည်ဟု ကာလ ကြာရှည်စွာ ယုံကြည်ထားခဲ့ကြောင်း ကော်မတီက ဆိုသည်။ မစ္စတာ Liu Xiaobo အား ယင်းသို့ ဆုချီးမြှင့်ခြင်းကြောင့် တရုတ်နိုင်ငံ အစိုးရအနေဖြင့် များစွာ မကျေမနပ် ဖြစ်ဖွယ် ရှိသည်။ အကြောင်းမှာ တရုတ် အစိုးရက ၎င်းအား နိုဘယ်လ်ဆု ချီးမြှင့်မည့် ကိစ္စနှင့် ပတ်သက်၍ ကော်မတီကို သတိပေး ပြောဆိုခဲ့သောကြောင့် ဖြစ်သည်။

ယခုကဲ့သို့ မစ္စတာ Liu Xiaobo အား နိုဘယ် ငြိမ်းချမ်းရေးဆု ချီးမြှင့်ခြင်းသည် တရုတ် အစိုးရက စီးပွားရေး လွတ်လပ်ခွင့် ပြုခဲ့ပြီး နောက်ပိုင်း တရုတ်အစိုးရ အတိုက်အခံ အသိုင်းအဝိုင်း အတွက် ပထမဆုံး ဖြစ်သည်။ တရုတ် အစိုးရက စီးပွားရေး လွတ်လပ်ခွင့် ပေးခဲ့သည့်တိုင် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများ မပြုလုပ်ခဲ့ပေ။ ယခု မစ္စတာ Liu နိုဘယ်ဆု ရရှိသွားသောကြောင့် တရုတ် အစိုးရ ခေါင်းဆောင်ပိုင်းများနှင့် အီလစ် အလွှာများ အကြား ဒီမိုကရေစီ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု စတင် လုပ်ကိုင်သင့်၊ မသင့် ကိစ္စနှင့် ပတ်သက်၍ အငြင်းပွားမှုများ ထွက်ပေါ်လာဖွယ် ရှိသည်။

မစ္စတာ Liu Xiaobo သည် ပြီးခဲ့သည့် ခရစ္စမတ်နေ့က ထောင်ဒဏ် ၁၁ နှစ် ပြစ်ဒဏ် ချမှတ်ခြင်း ခံခဲ့ရသည်။ ယခုနှစ် နိုဘယ်လ်ဆုအတွက် လျာထားခြင်း ခံရသူပေါင်း ၂၃၇ ဦးအထိ လက်ခံ ရရှိခဲ့ကြောင်း ကော်မတီက ဆိုသည်။

Wall Street Journal မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment