Transparency Myanmar

transparency.myanmar@gmail.com

လာမည့် ရက်သတ္တပတ် အတွင်း ဗီယက်နမ်နိုင်ငံ မြို့တော် ဟနွိုင်းတွင် ကျင်းပပြုလုပ်မည့် အရှေ့တောင် အာရှ နိုင်ငံ (အာဆီယံ) အဖွဲ့ဝင် နိုင်ငံများ၏ ကာကွယ်ရေး ဝန်ကြီးများ တွေ့ဆုံ ဆွေးနွေးပွဲတွင် တရုတ် ကာကွယ်ရေး ဝန်ကြီး နှင့် အမေရိကန် ပြည်ထောင်စု ကာကွယ်ရေး ဝန်ကြီးတို့ တွေ့ဆုံ ဆွေးနွေးကြမည် ဖြစ်ကြောင်း တရုတ် နိုင်ငံပိုင် မီဒီယာက ရေးသား ဖော်ပြသည်။

တရုတ် ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီး Liang Guanglie သည် အမေရိကန် ကာကွယ်ရေး ဝန်ကြီး Robert Gates နှင့် အာဆီယံ ကာကွယ်ရေး ဝန်ကြီးများ ဆွေးနွေးပွဲ၌ တွေ့ဆုံ ဆွေးနွေးမည် ဖြစ်ကြောင်း တရုတ် ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ Guan Yooufei ၏ ပြောကြားချက်ကို ကိုးကား၍ Xinhua သတင်းဌာနက ရေးသား ဖော်ပြသည်။ ယခုလို တရုတ်နှင့် အမေရိကန် ကာကွယ်ရေးဝန်ကြီး နှစ်ဦး တွေ့ဆုံ ဆွေးနွေးခြင်းအားဖြင့် နှစ်နိုင်ငံ အကြား ရှစ်လကြာမျှ ရပ်ဆိုင်းခဲ့သော စစ်ရေး အပြန်အလှန် ပူးပေါင်း ဆောင်ရွက်မှု ပြန်လည် စတင်နိုင်ဖွယ် ရှိသည်။

အမေရိကန် ပြည်ထောင်စုက ထိုင်ဝမ်သို့ လက်နက် ရောင်းချမှုကို ကန့်ကွက်သည့် အနေဖြင့် တရုတ်နိုင်ငံက ပြီးခဲ့သည့် ဇန်နဝါရီလတွင် စစ်ဘက်ရေးရာ ဆက်သွယ်မှုများ အားလုံးကို ရပ်ဆိုင်း ပစ်ခဲ့သည်။ ပြီးခဲ့သည့် ဇွန်လအတွင်း အာရှ ဒေသသို့ Robert Gates ရောက်ရှိနေစဉ် အတွင်း ဘေဂျင်း အစိုးရက ၎င်းအား တရုတ်ပြည်သို့ လာရောက် လည်ပတ်ရန် ဖိတ်ကြားမှု မပြုခဲ့ပေ။

သို့အတွက်ကြောင့် အမေရိကန် အစိုးရ အရာရှိကြီးများက တရုတ် စစ်တပ်သည် အရေးပါ အရာ ရောက်သော အဆက်အသွယ်များကို မသိကျိုးနွံ ပြုလုပ်သည်ဟု စွပ်စွဲ ပြောဆိုခဲ့ကြသည်။

သို့သော် တရုတ် ကာကွယ်ရေး ဝန်ကြီးဌာန၊ နိုင်ငံခြား ရေးရာ အကြီးအကဲ ဗိုလ်ချုပ် Qian Lihua က အမေရိကန် လက်ထောက် ကာကွယ်ရေး ဝန်ကြီး Michael Schiffer အား ပုံမှန် ဒိုင်ယာလော့ခ်များ၊ ပင်လယ်ပြင် လုံခြုံရေးအတွက် စစ်ရေး ပူးပေါင်း လုပ်ဆောင်မှုများ အပါအဝင် အခြားသော အရေး ကိစ္စများကို ပြန်လည် စတင်မည်ဟု ထုတ်ဖော် ပြောဆိုပြီး နှစ်နိုင်ငံ စစ်ဘက်အကြား ကာလ အတန်ကြာ ဆက်ဆံရေး အေးခဲနေမှုကို အဆုံးသတ်ရန် အရိပ်လက္ခဏာ ပြခဲ့သည်။

ပင်တဂွန် စစ်ဌာနချုပ် ပြန်ကြားရေး တာဝန်ခံ Geoff Morrell က အမေရိကန် ပြည်ထောင်စုနှင့် တရုတ် နိုင်ငံတို့သည် ယခုအခါ ကာလ ကြာရှည်စွာ ကြန့်ကြာခဲ့ရသော ကာကွယ်ရေး ဝန်ကြီး Robert Gates ၏ တရုတ်ပြည် ခရီးစဉ် စတင်နိုင်ရန် နှစ်ဦးနှစ်ဖက် အဆင်ပြေ ချောမွေ့မည့် အချိန်ကို ရှာဖွေလျက် ရှိကြောင်း၊ လာမည့် ၂၀၁၁ ခုနှစ်၊ အစောပိုင်း ကာလတွင် ခရီးစဉ် စတင်နိုင်ဖွယ် ရှိကြောင်း ပြောကြားသည်။

တရုတ် အမေရိကန် အကြား စစ်ဘက် ရေးရာ အပြန်အလှန် ဆက်ဆံမှုမှာ ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်၊ Robert Gates က ဗိုလ်ချုပ်ကြီး Xu Caihou အား အမေရိကန် ပြည်ထောင်စုသို့ လာရောက် လည်ပတ်ရန် ဖိတ်ကြား လိုက်ချိန်တွင် စတင်ခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်ကြီး Xu Caihou သည် တရုတ် တပ်မတော်ကို ထိန်းချုပ်သော ကွန်မြူနစ်ပါတီ ကော်မတီ၏ ဒုတိယ ဥက္ကဌ နှစ်ဦး ရှိသည့် အနက် တစ်ဦး ဖြစ်ရာ ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီး Liang Guanglie ထက် ရာထူးအရ ပိုမို အဆင့်မြင့်သူ ဖြစ်သည်။

AP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment