Transparency Myanmar

transparency.myanmar@gmail.com

ပြန်လည် နာလန်ထူအောင် ရုန်းကန်နေရသည့် ဂျပန်နိုင်ငံ စီးပွားရေးအတွက် ဒေါ်လာ ၆၀ ဘီလီယံ သုံးစွဲမည့် အစီအစဉ်ကို အစိုးရ ကက်ဘိနက် အဖွဲ့က သဘော တူညီလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ အစီအစဉ်၏ အဓိက ဦးတည်ချက်မှာ စီးပွားရေး တိုးတက်မှု မြှင့်တင်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ထွက်ရေးနှင့် သုံးစွဲမှု မြင့်တက်ရေးတို့ ဖြစ်ကြောင်း၊ သို့သော် ပါလီမန်၏ အတည်ပြုချက် ရယူရန် လိုအပ်နေသေးကြောင်း BBC သတင်းက ဆိုသည်။

ဂျပန် စီးပွားရေးသည် အထွေထွေ ကုန်ဈေးနှုန်းများ ကျဆင်းခြင်း၊ ကုန်ထုတ်လုပ်မှု ကျဆင်းခြင်း နှင့် အလုပ်လက်မဲ့ ဦးရေ တိုးတက်မှုတို့ ဖြစ်ပေါ်နေပြီး ပြည်တွင်းသုံး ယန်းငွေကြေး တန်ဖိုးမှာလည်း မြင့်တက်လျက် ရှိသည်။

စီးပွားရေး ကျွမ်းကျင်သူများ အဆိုအရ ယန်းငွေ တန်ဖိုးသည် ၁၅ နှစ်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့ရာ ပြည်ပသို့ ကုန်ပစ္စည်း တင်ပို့သည့် အခန်းကဏ္ဍကို များစွာ ထိခိုက်လျက် ရှိသည်။

ယခု ရက်သတ္တပတ် အစောပိုင်းတွင် ဂျပန် ဗဟိုဘဏ်က အတိုးနှုန်းထားကို ပြင်ဆင် သတ်မှတ်ခဲ့ကြောင်း၊ ယခု စီးပွားရေးတွင် အစိုးရက ငွေကြေး စိုက်ထုတ်ပေးမည့် အစီအစဉ်သည် ဂျီဒီပီ တိုးတက်မှုနှုန်းကို ၀ ဒဿမ ၆ ရာခိုင်နှုန်း အထိ ရောက်ရှိလာအောင် ပြုလုပ်ပေးနိုင်ကြောင်း၊ အလုပ်လက်မဲ့ ဖြစ်သည့် ပြဿနာများကိုလည်း အကာအကွယ် ပေးနိုင်ကြောင်း The Nikkei သတင်းစာက ရေးသား ဖော်ပြသည်။

စီးပွားရေး နာလန်ထူမည့် အဆိုပါ အစီအစဉ် အတွက် ပါလီမန်က ပေးမည့် အပို ဘတ်ဂျက်ငွေ လိုအပ်လျက် ရှိသည်။ သို့အတွက်ကြောင့် လာမည့် အောက်တိုဘာလတွင် ပါလီမန် အတွင်း အငြင်းပွားမှုများ ဖြစ်ပေါ်လာမည်ဟု မျှော်လင့်ရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းက အလုပ်အကိုင်ပေါင်း နှစ်သိန်းခန့် ဖန်တီးပေးရန် ရည်ရွယ်သည့် ပြန်လည် နာလန်ထူရေး အစီအစဉ် တစ်ရပ်ကို ဂျပန် အစိုးရက ကြေညာခဲ့သည်။ သို့သော် မျှော်မှန်းထားသလောက် ဖြစ်မလာသည့် အတွက် များစွာ ပြစ်တင် ဝေဖန် ခံလိုက်ရသည်။

လက်ရှိ လုပ်ကိုင်နေသော ဂျပန် စီးပွားရေး ပြန်လည် နာလန်ထူရေး အစီအစဉ်၏ အဓိက ပစ်မှတ်မှာ အဆမတန် မြင့်တက်သွားသော ယန်းငွေတန်ဖိုး ပြန်လည် တည်ငြိမ်မှု ရရှိရေးပင် ဖြစ်သည်။ ဂျပန် ယန်းငွေသည် ၂၀၀၇ ခုနှစ် မှစ၍ ၅၀ ရာခိုင်နှုန်းမျှ မြင့်တက်လာခြင်း ဖြစ်သည်။

BBC သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment