Transparency Myanmar

transparency.myanmar@gmail.com

မြောက်ကိုရီးယား ခေါင်းဆောင်ကြီး ကင်ဂျုံအီလ်၏ နေရာကို ၎င်း၏ တတိယမြောက်နှင့် အငယ်ဆုံး သားဖြစ်သူက ရယူလိမ့်မည် ဖြစ်သည်ဟု အမေရိကန် ပြည်ထောင်စုက ကြိုတင် မျှော်မှန်းထားကြောင်း ကာကွယ်ရေး ဝန်ကြီး Robert Gates က အောက်တိုဘာလ ၈ ရက်နေ့တွင် ထုတ်ဖော် ပြောကြားလိုက်သည်။

"ဒီလို ဖြစ်လာလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့် တွက်ဆထားပါတယ်။ ကင်ဂျုံအီလ်ရဲ့ အငယ်ဆုံးသားသာ သူ့ရဲ့ နေရာကို ရရှိပါလိမ့်မယ်" ဟု မစ္စတာ Robert Gates က တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီး ကင်တေးယောင်နှင့် ပူးတွဲ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုခြင်း ဖြစ်သည်။

         မြောက်ကိုရီးယား အာဏာရှင် ခေါင်းဆောင် ကင်ဂျုံအီလ်၏ တတိယ သားဖြစ်သူ ကင်ဂျွန်အန်သည် ကွန်မြူနစ် ပါတီ ဆွေးနွေးပွဲ မတိုင်မီ ကြယ်လေးပွင့် အဆင့်ရှိ ဗိုလ်ချုပ်ကြီး အဖြစ် ရာထူး တိုးမြှင့်ခံခဲ့ရသည်။ ထို့အတူ ၎င်းသည် ကိုရီးယား ဗဟိုစစ်ရေး ကော်မရှင်၊ အလုပ်သမား ပါတီ၏ ဒုတိယ ဥက္ကဌ အဖြစ်လည်း တာဝန် ပေးအပ်ခြင်း ခံခဲ့ရသည်။

         "မြောက်ကိုရီးယား နိုင်ငံမှာ ခေါင်းဆောင် ဆက်ခံမှုနဲ့ ပတ်သက်ပြီး သွားနေတဲ့ ဦးတည်ချက်ကို ကျွန်တော်တို့ တွေ့မြင်နေရပါတယ်" ဟု အမေရိကန် ကာကွယ်ရေး ဝန်ကြီးက ဆိုသည်။ ပြီးခဲ့သည့် စက်တင်ဘာ လကုန်ပိုင်းက ကျင်းပ ပြုလုပ်သော မြောက်ကိုရီးယား အလုပ်သမားပါတီ တွေ့ဆုံ ဆွေးနွေးပွဲတွင် ရာထူး ခန့်အပ်မှုသစ်များ ပြုလုပ်ခဲ့ကြသည်။

မည်သို့ပင်ဆိုစေ အသက် အရွယ်အားဖြင့် ၂၇ သို့မဟုတ် ၂၈ နှစ်မျှသာ ရှိသေးသည်ဟု ယူဆရသော သားဖြစ်သူအား တရားဝင် အာဏာ လွှဲပြောင်းမည့် ကိစ္စနှင့် ပတ်သက်သော တရားဝင် အရိပ် လက္ခဏာကို မိမိအနေဖြင့် မသိရှိပါကြောင်း မစ္စတာ Robert Gates က ဆိုသည်။

ကင်ဂျွန်အန်သည် ဖခင်ကြီး ကင်ဂျုံအီလ်ထက် စီးပွားရေး ကိစ္စများကို ပိုမို အာရုံစိုက် လာဖွယ် ရှိသည်ဟု ဝေဖန် သုံးသပ်မှုများ ရှိခဲ့ရာ ၎င်းအား ယခုကဲ့သို့ စစ်ဘက်ရေးရာ အဆင့်မြင့် ရာထူး ခန့်အပ်လိုက်ခြင်းကြောင့် ဒွိဟများ ဖြစ်ရကြောင်း မြောက်ကိုရီးယား ရေးရာ လေ့လာ ဆန်းစစ်သူများက ဆိုသည်။

"တကယ်တော့ သူ့ကို စစ်ဘက်ရေးရာ ဗိုလ်ချုပ်ကြီး ရာထူး ပေးအပ်လိုက်တာဟာ သူ့အဖေ တုန်းကလိုပါပဲ။ ပြည်တွင်းနဲ့ ပြည်ပကို တရားဝင် မိတ်ဆက်ပေးလိုက်တဲ့ သဘောပါ" ဟု The Cleanest Race စာအုပ် ရေးသားသူ Brain Myers က ပြောကြားသည်။ ကင်ဂျုံအီလ်သည် ၂၀၀၈ ခုနှစ်အတွင်းက လေသင်တုန်းဖြတ် ရောဂါ ခံစားခဲ့ရပြီး ယခုအခါတွင်လည်း ကျန်းမာရေး ညံ့ဖျင်းလျက် ရှိသည်ဟု ထင်ကြေးပေး ပြောခံနေရသည်။

CNN သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment