Transparency Myanmar

transparency.myanmar@gmail.com


မြန်မာနိုင်ငံတွင် ဖမ်းဆီး အကျဉ်းချခံထားရသော လွှတ်တော် အမတ် ၁၂ ဦးအား လာမည့် နိုဝင်လာလ ၇ ရက်နေ့ ရွေးကောက်ပွဲ မတိုင်မီ အမြန်ဆုံး လွှတ်ပေးရန် ကမ္ဘာ့ ပါလီမန် လွှတ်တော်များ ဆိုင်ရာ အသင်းက အောက်တိုဘာလ ၆ ရက်နေ့တွင် တောင်းဆိုလိုက်သည်။

နိုင်ငံတကာ ပါလီမန်များ ဆိုင်ရာ သမဂ္ဂ (IPU) ၏ လူ့အခွင့်အရေး ဆိုင်ရာ ကော်မတီက မြန်မာ စစ်အစိုးရ အနေဖြင့် ဖမ်းဆီး အကျဉ်းချထားသည့် လွှတ်တော် အမတ်များအား "အမြန်ဆုံးနှင့် ခြွင်းချက်မရှိ လွှတ်ပေးရန်" တိုက်တွန်းခဲ့သည်။

"ပါလီမန် အမတ် ၁၂ ဦးသည် အကျဉ်းထောင်တွင်း ဆက်လက် ဖမ်းဆီး အကျဉ်းချ ခံထားရပြီး ၎င်းတို့၏ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်မှာလည်း ဆုံးရှုံးလျက် ရှိသည်" ဟု IPU က ဆိုသည်။ "မိမိတို့ ကော်မတီ အနေဖြင့် အလွန်အမင်း သံသယ ဖြစ်မိသည့် အချက်မှာ မြန်မာ စစ်အစိုးရက ကျင်းပပေးမည့် သမိုင်းဝင် ရွေးကောက်ပွဲသည် မြန်မာ ပြည်သူ ပြည်သားများ၏ ဆန္ဒကို ထင်ဟပ် နိုင်ပါစေမည်လော ဟူသည်ပင် ဖြစ်၏" ဟု ဆက်လက် ဝေဖန်သည်။

IPU ၏ လူ့အခွင့်အရေး ကော်မတီ ဥက္ကဌ ဖြစ်သော မက္ကဆီကို နိုင်ငံ ဆီနိတ်တာ Rosario Green က အဆိုပါ ပါလီမန် လွှတ်တော် အမတ် ၁၂ ဦးသည် စစ်အစိုးရက ဖမ်းဆီး အကျဉ်းချ ထားသော နိုင်ငံရေး အကျဉ်းသား ၂၁၀၀ ထဲတွင် ပါဝင်သည်ဟု ထောက်ပြသည်။ "ယင်းလွှတ်တော် အမတ် ၁၂ ဦးသည် မျှတသော တရားစီရင် ခံပိုင်ခွင့် ချိုးဖောက်ထားသော တရား စီရင်မှုဖြင့် ဖမ်းဆီး အကျဉ်းချ ခံနေရခြင်း ဖြစ်သည်" ဟု ၎င်းက ဆိုသည်။

         IPU ၏ စောင့်ကြည့် လေ့လာရေး အဖွဲ့သည် မြန်မာ နိုင်ငံတွင်း အလားတူ အလားတူ အမှုကိစ္စမျိုး များစွာ ရှိနေသည်ကို စုံစမ်း ဖော်ထုတ်နိုင်ခဲ့သည် ဟုလည်း ဆိုသည်။ "အဆိုပါ ပုဂ္ဂိုလ်များ အားလုံး အနေဖြင့် လာမည့် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။ အကြောင်းမှာ ၎င်းတို့အပေါ် မတရား ချမှတ်ထားသော ပြစ်ဒဏ်များက ၎င်းတို့ အနေဖြင့် ရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရရှိအောင် အလိုအလျောက် ပြုလုပ်ထားသောကြောင့် ဖြစ်၏" ဟု IPU ၏ ကြေညာချက်တွင် ဖော်ပြ ပါရှိသည်။

အောက်တိုဘာလ  ၅ ရက်နေ့ ဘယ်လ်ဂျီယမ် နိုင်ငံ၊ ဘရပ်ဆဲလ်မြို့တွင် ကျင်းပ ပြုလုပ်သော အီးယူ-အာရှ ထိပ်သီး ဆွေးနွေးပွဲ၌ ဥရောပနှင့် အာရှ ခေါင်းဆောင်များက ဖမ်းဆီး ထိန်းသိမ်းထားသော နိုင်ငံရေး အကျဉ်းသားများကို အမြန်ဆုံး လွှတ်ပေးပြီး နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲ လွတ်လပ် မျှတမှု ရှိစွာ ကျင်းပပေးရန် စစ်အစိုးရကို တိုက်တွန်း ဆော်သြကြသည်။

အဆိုပါ ရွေးကောက်ပွဲသည် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မပါဝင်သောကြောင့် အတုအယောင်မျှသာ ဖြစ်လိမ့်မည်ဟု ဝေဖန် သုံးသပ်သူများက ဆိုသည်။ မြန်မာ စစ်အစိုးရကမူ ဒေါ်အောင်ဆန်းစုကြည်သည် လာမည့် နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲ ကျင်းပြပြီး နောက်ပိုင်း လွတ်မြောက်မည် ဖြစ်သည်ဟု ပြီးခဲ့သည့် ရက်သတ္တပတ်တွင် ကြေညာသည်။ IPU သည် ကမ္ဘာ အရပ်ရပ်မှ ပါလီမန် လွှတ်တော် ၁၅၅ ခု ပါဝင် ဖွဲ့စည်းထားသော နိုင်ငံတကာ အဖွဲ့အစည်း တစ်ခု ဖြစ်သည်။

AFP သတင်းကို ဘာသာ ပြန်ဆိုသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment