Asian Correspondent, By Zin Linn, 14th October 2010
အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ်သည် မြန်မာအစိုးရအား လာမည့် ရွေးကောက်ပွဲသည် အမျိုးသား ပြန်လည် စည်းလုံးရေး ဖြစ်စေရန် တောင်းဆိုခဲ့သည်။ ဘန်ကောက်ရှိ VOA ၏ Ron Corben ၏ အဆိုအရ ရွေးကောက်ပွဲ အပြီးတွင် မြန်မာနိုင်ငံသည် နိုင်ငံတကာနှင့် ပဋိပက္ခ ဖြစ်လျက် ရှိသော လူ့အခွင့်အရေး ချိုးဖောက်မှု ကိစ္စရပ်များ ဖြေရှင်း ပေးနိုင်လိမ့်မည်ဟု Surin Pitsuwan က မျှော်လင့်လျက် ရှိသည်။
မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်က အာဆီယံ အဖွဲ့ဝင် နိုင်ငံ ဖြစ်လာသောအခါ နိုင်ငံ အများစုက မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ကိစ္စများကြောင့် အာဆီယံ ခေါင်းဆောင်များကို ဝေဖန်ခဲ့သည်။
မြန်မာနိုင်ငံသည် ၁၉၆၂ မှ စတင်၍ စစ်ဖိနပ် အောက်တွင် ဒုက္ခများ ခံစားခဲ့ရသည်။ စစ်အစိုးရသည် ကမ္ဘာပေါ်တွင် လူ့အခွင့်အရေး အချိုးဖောက်ဆုံး နိုင်ငံဘွဲ့ကို ရယူနိုင်ခဲ့သည်။ စစ်တပ်သည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီ လှုပ်ရှားမှု၊ ၂၀၀၃ ခုနှစ် မေလ (၃၀) ရက်နေ့တွင် ဒီပဲယင်း လူသတ်မှု၊ ၂၀၀၇ စက်တင်ဘာတွင် ရွှေဝါရောင် တော်လှန်ရေးနှင့် အခြားကိစ္စများတွင် ရက်ရက်စက်စက် ချေမှုန်းခဲ့သည်။
အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် Surin Pitsuwan က အောက်တိုဘာ (၁၃)ရက်နေ့က ပြောကြားရာတွင် ရွေးကောက်ပွဲများသည် အမျိုးသား ပြန်လည် စည်းလုံးရေးအတွက် အခွင့်အလမ်း ပေးနိုင်မည့် အပြင် နိုင်ငံတကာ၏ ပစ်ပယ်ထားမှုကို အဆုံးသတ် နိုင်လိမ့်မည်ဟု မျှော်လင့်မည်ဟု မျှော်လင့်ကြောင်း ပြောခဲ့သည်။
သို့သော် ပြီးခဲ့သည့် ဇူလိုင်လက မြန်မာနိုင်ငံရှိ ကရင် အသိုင်းအဝိုင်းနှင့် လူ့အခွင့်အရေး အဖွဲ့များက ပြောကြားရာတွင် မြန်မာ စစ်တပ်သည် ကရင်ပြည်နယ်တွင် ရွာများကို တိုက်ခိုက်မှုများ ပိုမို လုပ်ဆောင်လာရာ ရွာများကို မီးရှို့ခြင်းကြောင့် လူရာပေါင်း များစွာကို တောထဲသို့ ထွက်ပြေးစေသည်ဟု ဆိုသည်။ အဆိုပါ တိုက်ခိုက်မှုများသည် ရွေးကောက်ပွဲ မတိုင်မီ စစ်ဆင်ရေး၏ အစ ဖြစ်လေမည်လားဟု လူ့အခွင့်အရေး အုပ်စုများက စိုးရိမ်လျက် ရှိသည်။
စစ်တပ်၏ ရွာများကို မီးရှို့ခြင်းကြောင့် လူ (၉၀၀) ကျော်ခန့်အား နီးစပ်ရာ တောထဲသို့ ထွက်ပြေးစေခဲ့သည်။ KNU အထွေထွေ အတွင်းရေးမှူး Zipporah sein က အဆိုပါ တိုက်ခိုက်မှုများသည် ယခုနှစ် နှောင်းပိုင်း ရွေးကောက်ပွဲ မတိုင်မီ စစ်တပ်၏ ခြောက်လှန့်မှု ပြုသော စစ်ဆင်ရေးသစ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်မည်ကို ကြောက်ရွံ့ကြောင်း ပြောခဲ့သည်ဟု ပြီးခဲ့သည့် ဇူလိုင် လကုန်က VOA က သတင်း ဖော်ပြခဲ့သည်။
စစ်အစိုးရသည် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအရ အစိုးရ ဆန့်ကျင်သူ (၂၂၀၀) ကျော်အား ဖမ်းဆီးထားသည်။ အာဆီယံ အထွေထွေ အတွင်းရေးမှူးက မြန်မာ အစိုးရအား လာမည့် ရွေးကောက်ပွဲများသည် အမျိုးသား ပြန်လည် ပေါင်းစည်းရေး အတွက် အထောက်အကူ ပြုလာစေရန် အာမခံရေး တောင်းဆိုခဲ့သည်။ သို့သော် နိုင်ငံရေး အကျဉ်းသားများကို မလွတ်ဘဲ ပြန်လည် ပေါင်းစည်းရေးကို အိပ်မက် မက်ခြင်းသည် လေထဲတွင် တိုက်အိမ် ဆောက်ခြင်းပင် ဖြစ်သည်။
မြန်မာ နိုင်ငံသည် အာဆီယံ နိုင်ငံများ ကြားတွင် သဘောထား ကွဲပြားမှုများကို ဖြစ်စေသည်။ ဖိလစ်ပိုင်၊ မလေးရှားနှင့် စကာင်္ပူစသော အဖွဲ့ဝင် နိုင်ငံများက စစ်အစိုးရကို နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများ လုပ်ရန် ပြင်းပြင်းထန်ထန် ဖိအားပေးခဲ့သည်။
နှစ်အတန်ကြာ ဖိအားပေးခဲ့ရာ မြန်မာနိုင်ငံသည် နိုဝင်ဘာလ (၇) ရက်နေ့တွင် အနှစ် နှစ်ဆယ် အတွင်း ပထမဆုံး ရွေးကောက်ပွဲ ကျင်းပတော့မည် ဖြစ်သည်။
"မြန်မာနိုင်ငံဟာ အာဆီယံနဲ့ ကမ္ဘာ့ အသိုင်းအဝိုင်း ကြားမှာ ပူးပေါင်း ဆောင်ရွက်ရေး၊ အပြန်အလှန် ဆက်ဆံရေးမှာ အဓိက အရေးအရာ တစ်ခု ဖြစ်ခဲ့ရပါတယ်" ဟု Surin က ပြောသည်။ "ကျွန်တော်တို့ ဒီကိစ္စတွေကို ထားပစ်ခဲ့ချင်ပါပြီ။ တစ်ခုတည်းသော နည်းလမ်းကတော့ ရွေးကောက်ပွဲတွေဟာ အမျိုးသား ပြန်လည် ပေါင်းစည်းရေး အတွက် ထိရောက်တဲ့ ယန္တရား တစ်ခု ဖြစ်စေရေးပါပဲ" ဟု ၎င်းက ပြောသည်။
သို့သော် ဝေဖန်သူ အများစုက သံသယ ရှိနေဆဲဖြစ်သည်။ အစိုးရသည် အမျိုးသား ပြန်လည် ပေါင်းစည်းရေးအတွက် ကတိများ ပေးခဲ့ပြီး ကတိ မတည်ခဲ့ကြောင်း ၎င်းတို့က ပြောကြသည်။ ASEAN Inter-Parliamentary Myanmar Caucus (AIPMC) ဥက္ကဋ္ဌ Kraisak Choonhavan က ပြောကြားရာတွင် စစ်အစိုးရသည် ဒီမိုကရေစီ တန်ဖိုးများကို လေးစားကြောင်း တစ်ခါတစ်ရံ ပြောခဲ့သော်လည်း ၎င်းသည် အတိုက်အခံများ နိုင်ငံရေး ဖြစ်စဉ်တွင် လွတ်လပ်စွာ ပါဝင်ခွင့်ကို အမြဲတစေ ငြင်းဆန်ခဲ့သည်ဟု ဆိုသည်။
လေ့လာသူများက ၂၀၀၈ အခြေခံ ဥပဒေနှင့် စစ်အစိုးရ၏ အပြောင်းအလဲ ပြုလုပ်မှု မပါဝင်သည့် လမ်းညွှတ်မြေပုံ(၇)ချက်အရ ပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲများသည် မတည်ငြိမ်မှု ကြီးမားစွာ ရှိမည့် နိုင်ငံရေး ရာသီဥတုကို ဖန်တီးပေးလိမ့်မည်ဟု ဆိုကြသည်။ အမျိုးသား ရင်ကြားစေ့ရေး အတွက် သဘော တူညီမှုများ မပါဝင်ဘဲ ပြုလုပ်မည့် ရွေးကောက်ပွဲများသည် နိုင်ငံရေးအရ ရှုပ်ထွေးမှုများ ဆီသို့သာ ဦးတည် သွားနိုင်ပေမည်။
ယခုအခါ မြန်မာ ဗိုလ်ချုပ်များ၏ ရည်ရွယ်ချက်ကို ထင်ထင်ရှားရှား မြင်နိုင်နေပြီ ဖြစ်သည်။ ၎င်းတို့၏ လုပ်ဆောင်မှုများမှာ လူ့အခွင့်အရေးကို အလေး မထားကြောင်း တွေ့ရမည်။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မူတစ်ခုတွင် ရပ်တည်နေကြသော နိုင်ငံရေး အကျဉ်းသားများမှာ နိုဝင်ဘာ ရွေးကောက်ပွဲ မတိုင်မီ လွတ်လမ်း မမြင်ပေ။