Transparency Myanmar

transparency.myanmar@gmail.com

VOA news, by Michael Bowman, 21st October 2010

ယခုမှ စလျှင် နှစ်ပတ်ပင် မပြည့်တော့သော အချိန်၌ မြန်မာနိုင်ငံတွင် နှစ်ပေါင်း (၂၀) အတွင်း ပထမဆုံး အကြိမ် ရွေးကောက်ပွဲကို ကျင်းပတော့မည် ဖြစ်သည်။ အဆိုပါ ရွေးကောက်ပွဲတွင် အရပ်သားများ၊ အတိုက်အခံများကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် ပြုထားသော်လည်း စစ်တပ်က အာဏာ ဆုပ်ကိုင်ထားမှုကိုမူ ပြောင်းလဲပစ်နိုင်မည် မဟုတ်ကြောင်း သုံးသပ် ဝေဖန်သူများက ပြောသည်။

မြန်မာ စစ်အစိုးရကမူ နိုဝင်ဘာ (၇) ရက် ရွေးကောက်ပွဲများအား ဒီမိုကရေစီသို့ သွားရာလမ်းတွင် ခြေလှမ်း တစ်ရပ် ဖြစ်သည်ဟု ဆိုသည်။

Human Rights Watch မှ Kenneth Roth က ရွေးကောက်ပွဲသည် အလိမ်အညာသာ ဖြစ်လိမ့်မည်ဟု သတိပေး ပြောကြားခဲ့သည်။ "စစ်တပ်မှာ အရပ်သား အုပ်ချုပ်ရေးနဲ့ ပတ်သက်တဲ့ အရာတွေကို ဖန်တီးပေးဖို့ ရည်ရွယ်ချက် ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ စစ်တပ် အုပ်ချုပ်မှု အဓွန့်ရှည်ရေး အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းက လက်ခံနိုင်မယ့် အရပ်သား အုပ်ချုပ်မှု ပုံစံနဲ့ ပြသလိုတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဝင်ရောက်လာမယ့် အရပ်သားများကိုမူ ချုပ်ကိုင်နိုင်တဲ့ အာဏာ အနည်းငယ်မျှ ပေးလိမ့်မယ် မဟုတ်ပါဘူး" ဟု ၎င်းက ဆိုသည်။

စစ်တပ်၏ တင်းကြပ်စွာ ထိန်းချုပ်ထားမှု

Roth သည် John Hopkins တက္ကသိုလ်၏ School of Advanced International Studies မှ ကျင်းပသော မြန်မာ နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်မှုများ တစ်နေ့တာ ဆွေးနွေးပွဲတွင် ကြီးကြပ်သူ အဖြစ် ဆောင်ရွက်ခဲ့သည်။

မေးခွန်းများကို ဖြေကြားသူ Centre for Constitutional Democracy မှ David Williams က အရပ်သား အစိုးရ ဖြစ်ပေါ်လာသောအခါ စစ်တပ်သည် ပါလီမန်၏ ၂၅ % သော နေရာကို ရယူထားပြီး ဖြစ်သည့်အပြင် ကျန်သည့် ၇၅ % အပေါ် ဗီတိုအာဏာ ရှိသည်ဟု မှတ်သားမိသည်ဟု ဆိုပါသည်။ "ရွေးကောက်ပွဲ ကော်မရှင်ဟာ ကိုယ်စားလှယ် တစ်ဦးချင်းကို စိစစ်လျက် ရှိပါတယ်။ ဒါကြောင့် အစိုးရက လက်မခံတဲ့သူ ရွေးကောက်ပွဲ ၀င်လို့ မရနိုင်ပါဘူး"ဟု David က ပြောသည်။

ရွေးကောက်ပွဲ ပြီးလျှင် အစိုးရသည် စစ်တပ် ဖြစ်ချင်သည်များကို အခြေခံ ဥပဒေအရ လုပ်ပေးရ တော့မည် ဖြစ်ကြောင်း David က ဆိုသည်။

"ရွေးကောက်ပွဲ ပြီးသွားရင် ကျွန်တော် ထင်တယ်၊ မြန်မာ နိုင်ငံဟာ အခုလိုပဲ စစ်အာဏာရှင် နိုင်ငံ ဖြစ်နေဦးမှာပဲ။ စစ်တပ်ဟာ အခြေခံ ဥပေဒအရ အာဏာ ရှိနေမှာ ဖြစ်ပြီး သူလုပ်ချင်တာကို အရပ်သား အစိုးရက ဘာမှ စွက်ဖက်လို့ ရမှာ မဟုတ်ဘူး။ တစ်ခါ အရပ်သား အစိုးရကို မျက်စိနောက် လာရင်လည်း အရေးပေါ် အခြေအနေ ကြေညာပြီး အားလုံးကို အိမ်ပြန် ပို့ဦးမှာပါပဲ" ဟု David William က ပြောသည်။

ဒေသ ဆိုင်ရာများတွင် အတိုက်အခံ ကိုယ်စားပြုမှုများ

မြန်မာ နိုင်ငံတွင် ရွေးကောက်ပွဲ အပြီးတွင် စစ်တပ်သည် အကြွင်းမဲ့ အာဏာ ဆက်လက် ရှိနေဦးမည် ဆိုသည်ကို ယခု ကွန်ဖရင့်မှ မည်သူမျှ ယုံမှား သံသယ ရှိလိမ့်မည် မဟုတ်ပေ။ သို့သော် ဂျော့ခ်ျတောင်း တက္ကသိုလ်မှ David Steinberg က ပြောရာတွင် အရပ်သားများနှင့် အတိုက်အခံများကို ကိုယ်စား ပြုမှုကို ခွင့်ပြုခြင်းသည် အားနည်းသည် ဖြစ်စေ၊ လက်နက်ကိုင်များ၏ လက်အောက်ခံပင် ဖြစ်စေ၊ ဆယ်စုနှစ်များစွာ အုပ်ချုပ်ခဲ့သော စစ်တပ်အုပ်စိုးမှု၏ အဓိက ပြောင်းလဲမှုကြီးပင် ဖြစ်သည်ဟု ဆိုသည်။

"ဒေသဆိုင်ရာ လွှတ်တော်တွေမှာ အတိုက်အခံတွေ နေရာ ရလာခြင်းဟာ နှစ်ပေါင်း (၅၀) အတွင်း ပထမဆုံး ရွေးကောက်ပွဲ ဖြစ်ပါလိမ့်မယ်။ ဒါဟာ တကယ့်ကို အရေးကြီးပါတယ်။ သူတို့ဟာ အနည်းစု ဖြစ်ပါလိမ့်မယ်။ တကယ်ပါ။ သူတို့ဟာ ကန့်သတ် ချုပ်ချယ်ထားမှု အားလုံးကို ကန့်ကွက် ကြပါလိမ့်မယ် "ဟု Steinberg က ပြောသည်။

Steinberg သည် နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေဖြင့် မြန်မာနိုင်ငံနှင့် မည်သို့ ညှိနှိုင်းသင့်ပုံနှင့် ပြောင်းလဲမှုအတွက် ထိရောက်သော ဖိအားပေးမှုများ မည်သို့ ပြုလုပ်နိုင်မည် ဆိုသည်ကို ယင်းစဉ်းစားထားမှု များအား ပြောကြားခဲ့သည်။ ယင်းက ပြောကြားရာတွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ကိစ္စများကို ဝေဖန်ရုံမျှဖြင့် လည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ အစိုးရ ဆန့်ကျင်သူများ အပေါ် ညှင်းပန်းမှုများကို ဝေဖန်ရုံမျှဖြင့် လည်းကောင်း၊ ထိရောက်မှု မရှိသည်ကို ပြောကြားခဲ့သည်။ ပို အလုပ်ဖြစ်စေမည့် အချက်မှာ စစ်တပ်၏ အပြုအမူများသည် အမျိုးသား စည်းလုံး ညီညွတ်ရေးကို မည်သို့ အားနည်းအောင် ပြုလုပ်လျက် ရှိသည် ဆိုသည်များကို ထောက်ပြရမည်ဟု ဆိုသည်။

စစ်အစိုးရ၏ ငွေကြေးကိစ္စများကို အာရုံပြုရန် တောင်းဆို

နိုဘယ်ဆုရ စီးပွားရေး ပညာရှင် Amartya Sen ကလည်း နိုင်ငံတကာ ခေါင်းဆောင်များနှင့် သံတမန်များက မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး တရားမျှတမှု မရှိပုံများကို စာရင်းရှည်ကြီး ပြုစု ပြောကြားနေမှုများ၏ ထိရောက်မှု ရှိမရှိကို မေးခွန်းထုတ်ခဲ့သည်။ "စကား ပြောဆိုရာတွင် မပေါက်ရောက်သည့် ကုလသမဂ္ဂ ကိုယ်စားလှယ်များက ကျွန်တော်တို့ကို မြန်မာ အစိုးရကတော့ သူတို့ရဲ့ ရက်စက် ကြမ်းကြုပ်မှုတွေကို ရုတ်သိမ်းတော့မယ်လို့ ကတိ ပေးထားတယ်လို့ လာပြောရုံနဲ့ မလုံလောက်တော့ပါဘူး။ ထိုနည်းတူပဲ အာဆီယံ ခေါင်းဆောင်များကလည်း မြန်မာ ခေါင်းဆောင်တွေကို နားမဆံ့အောင် ကန့်ကွက်စကားတွေ ပြောပြီး အောင်ပွဲ ခံရုံမျှဖြင့် မလုံလောက်တော့ပါဘူး။ လူသတ်သမား စစ်အစိုးရကတော့ အပြောခံရပေမယ့်လည်း ပျော်ပျော်ပဲ လုပ်ချင်ရာ ဆက်လုပ်နေ တုန်းပါပဲ"ဟု Steinberg က ပြောသည်။

Sen ၏ အဆိုအရ မြန်မာ နိုင်ငံအပေါ် အရေးယူမှုများသည် အုပ်စိုးသူများ၏ စီးပွားရေး အကျိုး စီးပွားကိုသာ ပစ်မှတ်ထားသင့်ပြီး၊ ပြည်သူလူထု ပင်ပန်း ဆင်းရဲအောင်မူ မလုပ်သင့်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် ဖြစ်လာနိုင်သည့် အခြေအနေများနှင့် ပတ်သက် အာရှတိုက်သို့ လာမည့်လ အမေရိကန် သမ္မတ Barack Obama လာရောက်မည့် ခရီးစဉ်တွင် ဆွေးနွေးကြမည် ဖြစ်သည်။ Obama သည် အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်နှင့် တောင်ကိုးရီးယားသို့လည်း ၀င်ရောက်မည် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment