Transparency Myanmar

transparency.myanmar@gmail.com

The New York Times, by Neil MacFarqyhar, 21st October 2010

အနှစ် နှစ်ဆယ် အတွင်း မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ်ကျင်းပမည့် ရွေးကောက်ပွဲ ကျင်းပရန် နှစ်ပတ်ကျော်သာ လိုသည့် အချိန်တွင် ကုလသမဂ္ဂ ကိုယ်စားလှယ်က ကြာသပတေးနေ့က ရွေးကောက်ပွဲ တရား မျှတမှုနှင့် ပတ်သက်၍ မေးခွန်း ထုတ်ခဲ့သည်။

တစ်ချိန်တည်းမှာပင် မြန်မာ အစိုးရသည် စစ်တပ်မှ အရပ်သား အစိုးရအဖြစ် အပေါ်ယံ အသွင်ပြောင်းခြင်းကို ဖိအားပေး လုပ်ဆောင်နေပြီး နိုင်ငံတော် အလံသစ်၊ သီးချင်း စသည်တို့ကို ဗေဒင်ဆရာ ပြောသည့်ရက်၊ အချိန် တို့နှင့်အညီ ထုတ်ဖော်ခဲ့သည်။

ကာလကြာရှည် ထိန်းသိမ်း ခံနေရသော နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကံကြမ္မာမှာလည်း ပြောင်းလဲရေးအတွက် ဆွေးနွေးမှု၊ တရားရုံး အယူခံ လျှောက်ထားမှုများနှင့် ပတ်သက်၍ အားရစရာ မကောင်းလှဟု သတင်း ဖော်ပြမှုများ အရ သိရှိရသည်။ စစ်ဗိုလ်ချုပ်များသည် ၁၉၉၀ ခုနှစ်က သူမ၏ ပါတီ အနိုင် ရရှိမှုအား တရား မဝင်တော့ကြောင်း ပြောခဲ့ကြပြီး ဖြစ်သည်။

လာမည့် သောကြာနေ့တွင် တရားရုံးမှ ကြားနာမှု ရှိသော်လည်း သူမသည် နေအိမ်အကျယ်ချုပ် ကာလ ပြည့်မြောက်သည့် နိုဝင်ဘာ (၁၃) ရက်နေ့တွင် လွတ်မြောက်လိမ့်မည်ဟု ခန့်မှန်းနေကြပြီး၊ ထိုအချိန်တွင် ရွေးကောက်ပွဲလည်း ပြီးစီးပြီ ဖြစ်သည်။ ရွေးကောက်ပွဲတွင် သူမပါဝင်မှု မရှိခြင်းကြောင့် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ကိစ္စများအတွက် ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် Toma's Ojea Quintana က ရွေးကောက်ပွဲ၏ မသေချာ မရေရာမှု အချက်တစ်ခု အဖြစ် ထောက်ပြခဲ့သည်။

"ရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာ ကြီးမားတဲ့ မှားယွင်းမှုတွေ ပါနေတယ်ဆိုတာ ရှင်းနေပါတယ်" ဟု Quintana က နယူးယောက် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ လွတ်လပ်စွာ ထုတ်ဖော်ခွင့်နှင့် စုဝေးခွင့်များကိုလည်း ထပ်မံ ကန့်သတ်ထားပြီး ဖြစ်ကြောင်း ဆိုသည်။ စနစ်တကျ နှိပ်စက် ညှဉ်းပမ်းမှုများ ရှိပြီး၊ ၁၉၈၈ မှစ၍ (၁၄၄) ဦးသည် ထောင်ထဲတွင် သေဆုံးရကြောင်း ၎င်းက ပြောသည်။

"အခု အခြေအနေတွေ အရ ကတော့ ရွေးကောက်ပွဲဟာ အားလုံး ပါဝင်ပြီး၊ လွတ်လပ်၍ တရားမျှတမယ် ဆိုတာ ပြသခြင်း မရှိသေးပါဘူး" ဟု Quintana က ထပ်လောင်း ပြောကြားခဲ့သည်။ "ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံမှာ အဓိပ္ပာယ် ရှိတဲ့ ပြောင်းလဲမှုတွေနဲ့ လူ့အခွင့်အရေး အခြေအနေ တိုးတက်မှုတွေအတွက် အလားအလာ ကောင်းတွေ ဆောင်ယူလာမည် ဆိုတဲ့ ကိစ္စကတော့ သံသယ ဖြစ်ဖွယ် ရှိနေဆဲပါပဲ" ဟု ၎င်းက ပြောသည်။

ရွေးကောက်ပွဲတွင် ပါဝင်မည့် အတိုက်အခံ ပါတီများကလည်း ၎င်းတို့အပေါ် စော်ကားမှုများ၊ ခြိမ်းခြောက်မှုများ ရှိခဲ့သည်ဟု ကန့်ကွက်မှုများ ရှိကြောင်း၊ အချို့ တိုင်းရင်းသား ကိုယ်စားပြု ရွေးကောက်ပွဲ ဝင်မည့် သူများကို ခွင့်မပြုမှုများ ရှိကြောင်း Quintana က မှတ်သားမိသည်ဟု ဆိုသည်။ ရွေးကောက်ပွဲ ဝင်မည့် ကိုယ်စားလှယ်များသည် မှတ်ပုံတင်ကြေး ဒေါ်လာ (၅၀၀) ပေးရခြင်းသည်လည်း လူတစ်ဦးလျှင် တစ်နှစ် ဝင်ငွေ ဒေါ်လာ (၄၅၉) သာ ရှိသော တိုင်းပြည်အတွက် များပြားသော ပမာဏ ဖြစ်သည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းသည် မြန်မာအစိုးရနှင့် ဆက်ဆံရေး ပြုလုပ်ရန် ကြိုးစားမှုများ မအောင်မြင်ခဲ့ရုံမျှမက ၎င်းသွားရောက် လည်ပတ်ခဲ့သည့် ၂၀၀၉ ဇူလိုင်လက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် တောင်းဆိုမှုကို ငြင်းပယ်ခံခဲ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးခြင်း မရှိပါက ရွေးကောက်ပွဲသည် လွတ်လပ်၍ တရား မျှတလိမ့်မည် မဟုတ်ကြောင်း ၎င်းက အကြိမ်ကြိမ် ပြောခဲ့သည်။

မြန်မာ အစိုးရသည် Quintana ၏ အစီရင်ခံစာတွင် ဖော်ပြထားမှုများကို ကန့်ကွက်ခဲ့ပြီး၊ နိုင်ငံရေး အကျဉ်းသားများ မရှိကြောင်း ငြင်းဆိုခဲ့သည်။ ယခုနှစ် အစောပိုင်းက ကက်ဘိနက်မှ စစ်တပ် အရာရှိကြီးများသည် စစ်တပ်မှ နုတ်ထွက်၍ လူမှုရေး အဖွဲ့အစည်းကြီးမှ အသွင်ပြောင်းထားသော ပါတီသစ်သို့ ဝင်ရောက်ခဲ့ကြသည်။

နိုဝင်ဘာ ရွေးကောက်ပွဲသည် အစိုးရ၏ ဒီမိုကရေစီ လမ်းပြမြေပုံ (၇) ချက်၏ နံပါတ် (၅) ခြေလှမ်း ဖြစ်သည်။ ပါလီမန် ခေါ်ယူရေးနှင့် သမ္မတ ရွေးချယ် တင်မြှောက်ရေး တို့မှာ ကျန်သော အဆင့်နှစ်ခု ဖြစ်သည်။ သို့သော် အခြေခံအားဖြင့် ယခု အစိုးရပင် ယူနီဖောင်း ချွတ်ပြီး ပြန်လည် နေရာယူမည်ဟု ခန့်မှန်းရသည်။

အဆိုပါ လုပ်ငန်းစဉ် အရ အစိုးရသည် ၂၀၀၈ အခြေခံ ဥပဒေသစ်အရ နိုင်ငံတော် အလံသစ်ကို ကြိုတင် သတိပေးခြင်း မရှိပဲ ကြာသပတေးနေ့က ရုတ်တရက် ကြေညာခဲ့သည်။

အလံသစ်တွင် အလျားလိုက် အဝါရောင်၊ အစိမ်းရောင်နှင့် အနီရောင် အစင်းသုံးခု ပါပြီး အလယ်တွင် ကြယ်ဖြူ ရှိသည်။ အရောင်များသည် ကြံ့ခိုင်မှု၊ ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုတို့ကို ကိုယ်စားပြုပြီး ရဲရင့်မှုနှင့် ဆုံးဖြတ်ချက် ခိုင်မာမှုတို့ကိုလည်း ဖော်ညွှန်းကြောင်း ဆိုသည်။ ဂျပန်ခေတ် ၁၉၄၃ မှ ၁၉၄၅ ထိ အဆိုပါ အရောင်ပါသော အလံ ရှိခဲ့ဖူးသည်။ နိုင်ငံ၏ တရားဝင် အမည်သစ်မှာလည်း ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် (Republic of the Union of Myanmar) ဖြစ်ကြောင်း သတင်းများက ဆိုသည်။

မြန်မာနိုင်ငံတွင် ၁၉၆၂ ကတည်းက အုပ်ချုပ်ခဲ့သော စစ်ခေါင်းဆောင်များတွင် တူညီသော အကျင့်နှစ်ခု ရှိသည်။ တစ်ခုမှာ ၎င်းတို့၏ အထီးကျန် ဆန်မှုနှင့် နောက်တစ်ခုမှာ အဓိက ဆုံးဖြတ်ချက်များအတွက် ဗေဒင်ဆရာများနှင့် ကိန်းဂဏန်းများ အပေါ် မှီခိုခြင်းပင် ဖြစ်သည်။ အစိုးရ ဝန်ထမ်းများကို နိုင်ငံတော် အလံဟောင်းကို အတိအကျ ညနေ (၃) နာရီ အောက်တိုဘာ (၂၁)၊ ၂၀၁၀ တွင် ဖြုတ်ချရန် ညွှန်ကြားထားကြောင်း၊ ထိုဂဏန်းများကို ပေါင်းလျှင် (၉) ဂဏန်း ရရှိပြီး၊ မြန်မာကြိုက် ဂဏန်း ဖြစ်သည်ဟု ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment