Transparency Myanmar

transparency.myanmar@gmail.com

Gulf Times, 24th October 2010

မြန်မာနိုင်ငံ အနောက်ပိုင်းကို ဝင်ဆောင့်လိုက်သော ဆိုင်ကလုံး မုန်တိုင်းကြောင့် အနည်းဆုံး လူတစ်ဦး သေဆုံးကြောင်း တာဝနှ် ရှိသူများက ယမန်နေ့က ပြောကြားခဲ့ပြီး လူထောင်ပေါင်း များစွာ အကူအညီ လိုအပ်နေခြင်း နှင့်အတူ မုန်တိုင်း အပျက်အစီး သတင်းများ စတင် ပေါ်ထွက်လာသည်။

ဆိုင်ကလုံး ဂီရိသည် တစ်နာရီလျှင် ၁၉၃ ကီလိုမီတာ နှုန်းဖြင့် ရခိုင်ကမ်းခြေကို သောကြာနေ့က ဝင်ရောက် လာခဲ့သော်လည်း ထို့နောက်ပိုင်းတွင် တစ်နာရီလျှင် ၈၀ ကီလိုမီတာ နှုန်းခန့် အထိ အားလျှော့သွားသည်ဟု နိုင်ငံပိုင် မီဒီယာက ဆိုသည်။

အမည် မဖော်လိုငော တာဝန်ရှိသူ တစ်ဦးက ယခုအချိန်အထိ အသေအပျောက် တစ်ဦး ရှိကြောင်း သတင်း ရရှိသည်ဟု ပြောကြားသည်။

"မုန်တိုင်းအတွင်း မင်းပြားမှ အမျိုးသမီး တစ်ယောက် သစ်ပင်ပိလို့ သေဆုံးသွားတယ်။ ဒီကိစ္စအပြင် နောက်ထပ် ဘာမှ မကြားရသေးပါဘူး" ဟု ၎င်းက ဆိုသည်။

ကမ်းရိုးတန်း ကျောက်ဖြူမြို့နယ်မှာ ဆိုးဝါးစွာ ထိခိုက် ပျက်စီးခဲ့ပြီး လျှပ်စစ်ဓါတ်အား ပြတ်တောက်သွားကာ ကမ်းခြေ ရေထိန်း နံရံလည်း အစိတ်အပိုင်း တချို့ ပျက်စီးသွားသည်။

ရန်ကုန်မှ ကြက်ခြေနီ လုပ်သား တစ်ဦးကမူ ကျောက်ဖြူမြို့၏ ၇၀ %  ပျက်စီးသွားသည်ဟု ခန့်မှန်းခဲ့ပြီး လူသေပျောက်မှု သတင်း မကြားသိရသေးသော်လည်း အကူအညီ လိုအပ်နေသူ ၆ သောင်းခန့် ရှိသည်ဟု ပြောကြားသည်။

ဘေးအန္တရာယ် ကာကွယ်ရေး အစီအစဉ်များ လုပ်ဆောင်ပြီး ဖြစ်သည့် အတွက် တံငါသည်များနှင့် လူအများ ဘေးကင်းရာသို့ ရွှေ့ပြောင်းရန် အချိန် ရရှိခဲ့သည်ဟု ၎င်းက ပြောကြားသည်။

"ကျောက်ဖြူက ကျွန်တော်တို့ ရုံးက သစ်ပင်လဲကျလို့ ပျက်စီးသွားပါတယ်။ သယ်ယူ ပို့ဆောင်ရေးနဲ့ နောက်ဆုံး သတင်းတွေ ရဖို့ ပြဿနာတွေ ရှိနေပေမယ့် ဘေးဒဏ် ခံရတဲ့ ဒေသတွေကို ရောက်နိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားနေကြပါတယ်" ဟု ၎င်းက ဆိုသည်။

ရခိုင် ကမ်းခြေ စစ်တွေမြို့မှ ဒေသခံ တစ်ဦးက ပြောကြားရာတွင် ယမန်နေ့ ညနေပိုင်းက တစ်နာရီလျှင် ၁၂၈ ကီလိုမီတာ နှုန်းဖြင့် လေပြင်းမုန်တိုင်း ဝင်လာခဲ့ရာ မြို့ဆင်ခြေဖုံးမှ အိမ်များ ပျက်စီးသွားခဲ့ပြီး ကြီးမားသော အဆောက်အအုံများသာ ကျန်ရစ်ခဲ့သည်ဟု ဆိုသည်။

"မုန်တိုင်း အန္တရာယ် အတွက် ပြင်ဆင်ကြဖို့ အာဏာပိုင်တွေက အသံချဲ့စက်နဲ့ မနေ့က သတိပေးခဲ့တယ်။ ဒါကြောင့် ဘေးကင်းရာကို ရှောင်ဖို့ အချိန်ရခဲ့ကြတယ်" ဟု ၎င်းက ပြောကြားသည်။

သောကြာနေ့တွင် မိုးလေဝသ ဌာနက ပင်လယ်ဒီရေ ၁၂ ပေခန့် မြင့်တက်နိုင်သည်ဟု ခန့်မှန်းသော်လည်း စစ်တွေ ဒေသခံက ၎င်းတို့ ဒေသတွင် ဒီလှိုင်းများ တက်လာခြင်း မရှိဟု ပြောကြားသည်။

ရခိုင် ကမ်းခြေကို ဝင်ဆောင့်ကာ မြန်မာပြည် အလယ်ပိုင်းကို ဖြတ်သန်းပြီး အရှေ့မြောက်ဖက်သို့ ဦးတည် ဝင်ရောက်သွားသော ဂီရိသည် သာမန် မုန်တိုင်းအဖြစ် အားလျှော့ သွားခဲ့ပြီဟု မိုးလေဝသနှင့် ဇလဗေဒ ဌာန၏ ပြောကြားမှုကို New light of Myanmar သတင်းစာက ဖော်ပြခဲ့သည်။

ရန်ကုန်ရောက် ရခိုင်များက အကူအညီ လိုအပ်နေသူများ အတွက် ထောက်ပံ့ရေး ပစ္စည်းများ ဝယ်ယူရန် အတွက် ရန်ပုံငွေ စုဆောင်းလျက် ရှိကြသည်။

"ဒီနေ့မနက် ရခိုင်က မိသားစုတွေနဲ့ အဆက်အသွယ် ရပါတယ်။ သူတို့ကို ကူညီဖို့ ရန်ကုန်က တချို့ လူတွေ သွားကြလိမ့်မယ်။ ဆန်၊ သောက်ရေနဲ့ အခြား လိုအပ်တဲ့ ပစ္စည်းတွေ ဝယ်သွားကြမယ်" ဟု ရခိုင် အသိုင်းအဝိုင်းမှ အသင်းဝင် တစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံသို့ အပူပိုင်း မုန်တိုင်းများ မကြာခဏ ဝင်ရောက် တိုက်ခတ်လေ့ ရှိပြီး ၂၀၀၈ ခုနှစ်က နာဂစ်စ် မုန်တိုင်း၏ ဖျက်စီးမှုကြောင့် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသမှာ အများဆုံး ပျက်စီးသွားခဲ့ပြီး လူပေါင်း ၁၃၈,၀၀၀ ခန့် သေကျေ ပျောက်ဆုံးသွားခဲ့သည်။

နာဂစ်စ် လေတိုက်နှုန်းမှာ တစ်နာရီလျှင် ကီလိုမီတာ ၂၄၀ နှုန်း ဖြစ်ပြီး ဒီရေလှိုင်းများ ၁၂ ပေခန့် တက်လာသောကြောင့် နေအိမ် ထောင်ပေါင်းများစွာ၊ စပါးခင်းများ၊ စာသင်ကျောင်းနှင့် ဆေးရုံများကို ပြိုလှဲ တိုက်စားပစ်ခဲ့သည်။

မြန်မာ စစ်ဖက် အစိုးရမှာ သဘာဝ ဘေးအန္တရာယ်ကို ထိထိ ရောက်ရောက် တု့န်ပြန် ဆောင်ရွက်ခြင်း မရှိသဖြင့် နိုင်ငံတကာ၏ ပြစ်တင် ဝေဖန်မှုကို ရင်ဆိုင်ခဲ့ရသည်။ မြန်မာ အာဏာပိုင်များသည် အရေးပေါ် ကယ်ဆယ်ရေး အကူအညီများကို ပိတ်ဆို့ တားဆီးခဲ့ပြီး လူသားချင်း စာနာသော ကယ်ဆယ်ရေး လုပ်သားများနှင့် ထောက်ပံ့ရေး ပစ္စည်းများ ဝင်ရောက်လာမှုကို အစပိုင်းတွင် ငြင်းဆန်ခဲ့သည်ဟု နိုင်ငံတကာက အခိုင်အမာ ပြောဆို စွပ်စွဲခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment