Transparency Myanmar

transparency.myanmar@gmail.com

VOA News, 19th January 2010

          အိုဘားမား အစိုးရ၏ မြန်မာနိုင်ငံနှင့် ထိတွေ့ ဆက်ဆံရေး လမ်းစဉ်သည် ယခုအချိန်အထိ မရှင်းလင်း ရလဒ်များသာ ထွက်ပေါ်ခဲ့ပြီး ပြုပြင် ပြောင်းလဲရေး ဆောင်ရွက်မှုများကို စောင့်ဆိုင်း ပေးနေသည့် အမေရိကန်၏ စိတ်ရှည်မှုသည် အကန့်အသတ်မဲ့ မဟုတ်ဟု နိုင်ငံခြားရေးဝန် ကြီးဌာနမှ အာရှဆိုင်ရာ ထိပ်တန်း သံတမန်က ပြောကြားလိုက်ပါသည်။

အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell က မကြာမီ အတောအတွင်း နှစ်ဖက် တွေ့ဆုံ ဆွေးနွေးမှုများ ပိုမို ပြုလုပ်သွားရန် မျှော်လင့်ထားသည် ဟုလည်း ဆိုပါသည်။

          ပြီးခဲ့သော နိုဝင်ဘာလက မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သော Campbell ၏ မစ်ရှင်သည် ၁၄ နှစ်တာ ကာလအတွင်း စစ်ဖက် အစိုးရနှင့် အမေရိကန် ပြည်ထောင်စုအကြား အမြင့်ဆုံးအဆင့် ဆက်ဆံမှု ဖြစ်သည်။

          မြန်မာ အာဏာပိုင်များ၏ ကနဦး လိုက်လျောမှု အချို့သာ ထွက်ပေါ်ခဲ့သေးသည့် အချိန်တွင် Campbell က အမေရိကန်၏ ဆက်ဆံ နွေးထွေးမှုသည် ယခုအချိန်အထိ မရှင်းမလင်း ရောထွေးနေသော ရလဒ်များသာ ရရှိခဲ့ကြောင်းနှင့် ပြုပြင် ပြောင်းလဲရေးကို ရှေ့ရှုသော ရှင်းလင်းသည့် ဆောင်ရွက်ချက် အချို့ကို မြင်တွေ့ရန် လိုအပ်သည်ဟု ပြောကြားခဲ့ပါသည်။

          အင်္ဂါနေ့ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သော လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး၏ မှတ်ချက်များသည် အမေရိကန်၏ ပြိုင်ဘက် ရန်သူများနှင့် ဆွေးနွေး ညှိနှိုင်းရေး မူဝါဒအရ အိုဘားမား အစိုးရ၏ ကျယ်ကျယ်ပြန့်ပြန့် အားထုတ်မှုများ၏ အပိုင်းတစ်ခု ဖြစ်သော မြန်မာနိုင်ငံနှင့် ထိတွေ့ ဆက်ဆံရေး ကိစ္စနှင့် ပတ်သက်ပြီး အတတ်နိုင်ဆုံး ရှင်းလင်း ဖော်ပြခဲ့ခြင်းပင် ဖြစ်သည်။

          Campbell ၏ ခရီးစဉ် အပြီးတွင် မြန်မာ အာဏာပိုင်များသည် အထိန်းသိမ်းခံ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သူမ၏ NLD ပါတီ လုပ်ဖော်ကိုင်ဘက် အချို့နှင့် တွေ့ဆုံရန် ခွင့်ပြုခဲ့ ပါသည်။

          သို့ရာတွင် နိုင်ငံရေး အတိုက်အခံ အများစုကို ဖယ်ထုတ်ရန် အတွက် ယခုနှစ် ရွေးကောက်ပွဲများ မတိုင်မီ ကျယ်ကျယ်ပြန့်ပြန့် ဖိနှိပ်မှုများ လုပ်ဆောင်လိမ့်မည်ဟု လတ်တလော ပြောဆိုမှုများ ထွက်ပေါ်နေပါသည်။

          ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင် ရရှိသော်လည်း အာဏာ လွဲပြောင်းယူမှုကို တားမြစ် ခံခဲ့ရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော် အာဏာပိုင်များ၏ အဆင့်မြင့် တွေ့ဆုံ ဆွေးနွေးမှုနှင့် အခြား အားတက်ဖွယ် တိုးတက်မှု အချို့ကို Campbell က ရည်ညွှန်း ပြောကြားခဲ့ပါသည်။

          သို့ရာတွင် တိုင်းရင်းသား လူမျိုးစုများ အပေါ် ပြုမူ ဆက်ဆံပုံများ၊ နိုင်ငံရေးအရ ဖိနှိပ် ချုပ်ချယ်မှု များနှင့် ဒီမိုကရေစီ လိုလားသူ မြန်မာပြည်ဖွား အမေရိကန် နိုင်ငံသား တစ်ဦးကို ဖမ်းဆီးမှု အပါအဝင် အမှန်တကယ် စိုးရိမ်စရာ ကောင်းသည့် ကိစ္စများ ရှိနေသည်ဟုလည်း အမေရိကန် သံတမန်က ဆိုပါသည်။

          နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန်နှင့် သူမ၏ မူဝါဒ အဖွဲ့သားများသည် လာမည့် သီတင်းပတ်များအတွင်း မြန်မာ အစိုးရ၏ လုပ်ဆောင်မှုများ ပို၍ ရှင်းလင်း သဲကွဲလာခြင်းကို စောင့်ကြည့် နေသည့် အနေအထားတွင် ရှိသည်ဟု Campbell က ပြောကြားပါသည်။

          မြန်မာ အစိုးရနှင့် ဆက်ဆံရေးအတွက် မဟာဗျူဟာနှင့် ကြိုးစားမှု တိုင်းတွင် ကြီးမားသော စိန်ခေါ်မှုများ ထွက်ပေါ်လာသည်ကို မိမိတို့ သိရှိ နားလည်ခဲ့ပြီး စိတ်ရှည် သည်းခံပေးခဲ့ကြောင်း၊ စိန်ခေါ်မှုများကို ရှင်းလင်းစွာ နားလည် သဘောပေါက် လာသည်နှင့် အမျှ ပြန်လည် သုံးသပ်မှုနှင့် ဦးစားပေး မူဝါဒ အသစ်များကို နှစ်ခုစလုံး တပြိုင်နက် လုပ်ဆောင်ခဲ့ပါသည်ဟု Kurt Campbell က ပြောကြားပါသည်။ သို့ရာတွင် အဆုံးမရှိ သည်းခံစိတ်ရှည်နေမည် မဟုတ်ကြောင်း၊ ချမှတ်ထားသော လမ်းကြောင်းအတိုင်း ရှင်းလင်း သဲကွဲသော ဆောင်ရွက်ချက် အချို့ကို မြင်တွေ့ရဖို့ လိုအပ်ကြောင်းလည်း ၎င်းက ပြောဆိုခဲ့ပါသည်။

          Campbell က ဆက်လက် ပြောကြားရာတွင် ၎င်း၏ နိုဝင်ဘာ ခရီးစဉ် နောက်ပိုင်းတွင် မြန်မာ အာဏာပိုင်များနှင့် နောက်ဆက်တွဲ ဆွေးနွေးမှု အချို့ ရှိခဲ့ကြောင်းနှင့် မကြာမီ အတောအတွင်း နောက်ထပ် ဆွေးနွေးမှုများ ပြုလုပ်ရန် ၎င်းအနေနှင့် မျှော်လင့်ထားသည်ဟု ဆိုခဲ့သော်လည်း အသေးစိတ် ပြောကြားခြင်း မရှိပါ။

          ပြည်သူတို့၏ ဒီမိုကရေစီ ရည်မှန်းချက်များ ပြည့်ဝစေရန် အစိုးရ၏ မှန်ကန်သော အားထုတ်မှု များနှင့် အပြန်အလှန် ဆောင်ရွက်သင့်သော ကိစ္စများအပေါ် အခြေခံ၍ ဆက်ဆံရေး တိုးတက် စေမည့် အဆင့်များကို ဆောင်ရွက်ရန် အမေရိကန် ပြည်ထောင်စုက အဆင်သင့် စောင့်နေကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက လွန်ခဲ့သည့် ၃ ပတ် မြန်မာ့ လွတ်လပ်ရေးနေ့ အခါ သမယတွင် ထုတ်ဖော် ပြောကြားခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Irrawaddy News, 20th January 2010

          မြန်မာ အာဏာပိုင်များသည် အကြမ်းဖက်မှု နှိမ်နင်းရေး ဥပဒေသစ်ကို ရေးဆွဲပြီး ဖြစ်၍ ယခုနှစ်တွင် စတင် ကျင့်သုံးရန် အစီအစဉ် ရှိသည်ဟု ယခု အပတ်ထုတ် မြန်မာတိုင်းမ် ဂျာနယ်တွင် ဖော် ပြချက်အရ သိရှိရပါသည်။

          မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ နိုင်ငံ ဖြတ်ကျော် မှုခင်းများအကြောင်း ဌာန အကြီးအကဲ ရဲမှူးကြီး စစ်အေး၏ ဒီဇင်ဘာ ၁၈ ရက်တွင် ပြောကြားမှုကို အခြေခံ၍ ဖော်ပြထားသော သတင်းတွင် ပြည်ထဲရေး ဝန်ကြီးဌာနသည် အခြားဌာန များစွာနှင့် ပူးပေါင်း၍ အဆိုပါ ဥပဒေကို အကောင်အထည် ဖော်သွားမည်ဟု ဆိုပါသည်။

          အကြမ်းဖက် ဝါဒကို ငွေကြေးနှင့် ပစ္စည်း ထောက်ပံ့ ကူညီသူများကို အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ပြီး ယခု ဥပဒေသည် ပြည်သူလူထု၏ လုံခြုံရေးအတွက် အလွန် အရေးကြီးသည့် ဆောင်ရွက်ချက်တစ်ခု ဖြစ်သည်ဟု ရဲမှူးကြီး စစ်အေးက ပြောကြားခဲ့သည်ဟု သိရပါသည်။

          ဗုဒ္ဓဟူးနေ့တွင် ဧရာဝတီမှ ဆက်သွယ် မေးမြန်းခဲ့သော အကဲခတ်သမားများနှင့် ရှေ့နေများက မြန်မာ စစ်ဖက် အစိုးရသည် အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုများကို ထိန်းချုပ်ရန် ကိရိယာ တစ်ခု အဖြစ် ယင်းဥပဒေကို အသုံးပြုလိမ့်မည်ဟု စိုးရိမ်ပူပန် နေကြပါသည်။

          ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် လှုပ်ရှားမှု အပြီးတွင် ထိုင်းနိုင်ငံသို့ ထွက်ပြေးလာသူ မြန်မာရှေ့နေ စောကျော်ကျော်မင်းက အဆိုပါ ဥပဒေသည် အစိုးရကိုသာ အကျိုးရှိ စေလိမ့်မည်ဟု ဗုဒ္ဓဟူးနေ့တွင် ဧရာဝတီသို့ ပြောကြားခဲ့ပါသည်။

          အကယ်၍ ယခု ဥပဒေသည် စတင် ကျင့်သုံးပါက စစ်အာဏာရှင် အုပ်ချုပ်ရေးကို အမြစ်တွယ် စေမည့် ကိရိယာ တစ်ခုအဖြစ် အသုံးပြုလိမ့်မည်ဟု ၎င်းက ဆိုပါသည်။

          "ဗုံးခွဲမှုတွေ၊ ပစ်ခတ်မှုတွေကြောင့် သေကြေ ဒဏ်ရာရမှုတွေ ဖြစ်စေတယ် ဆိုရင်တော့ အကြမ်းဖက်မှုလို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ အကြမ်းမဖက်ဘဲ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး၊ လုပ်ဆောင်နေတဲ့ အတိုက်အခံတွေနဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေကို ငွေကြေးပစ္စည်း ထောက်ပံ့တာကိုတော့ အကြမ်းဖက်မှုလို့ သတ်မှတ်လို့ မရပါဘူး" ဟု ၎င်းက ပြောကြားပါသည်။

          "တကယ်လို့ လက်နက်ကိုင် လှုပ်ရှားမှု ဆောင်ရွက်နေတဲ့ အဖွဲ့ဆီက ထောက်ပံ့ ကူညီမှုကို လက်ခံတယ် ဆိုရင်တော့ ဒါက နောက်ထပ် သီးခြား စဉ်းစားရမယ့် ကိစ္စတစ်ခုပါ" ဟု ရန်ကုန်မြို့နေ ရှေ့နေတစ်ဦးက ဗုဒ္ဓဟူးနေ့တွင် ပြောကြားပါသည်။

          "မြန်မာအစိုးရက အကြမ်းဖက်မှုကို ဘယ်လို အဓိပ္ပါယ် ဖွင့်ဆိုမလဲ ဆိုတဲ့ အချက်ပေါ်မှာ အားလုံး မူတည်နေပါတယ်" ဟုလည်း ၎င်းက ဆိုပါသည်။

          "တရားမဝင် အဖွဲ့တွေနဲ့ နာမည်ရ လက်နက်ကိုင် အဖွဲ့တွေကို အကြမ်းဖက် သမားတွေ အဖြစ် အစိုးရက ပုံမှန် ပြောကြားလေ့ ရှိသော်လည်း ယခုတိုင် အကြမ်းဖက် အဖွဲ့အစည်းများနှင့် အကြမ်းဖက်မှု နှိမ်နင်းရေး ဥပဒေကို တရားဝင် ကြေညာခြင်း မရှိသေးပါ" ဟု အဆိုပါ ရှေ့နေက ပြောဆိုခဲ့ပါသည်။

          "အကြမ်းဖက်မှု တားဆီး နှိမ်နင်းရေး ဥပဒေကို အစိုးရက ထုတ်ပြန် ကြေညာတော့မှာပါ။ သူတို့ အဆင့်သင့် ဖြစ်တယ် ဆိုရင်ပေါ့လေ" ဟု ၎င်းက ဖြည့်စွက် ပြောကြားပါသည်။

          KNU နှင့် All Burma Student's Democratic Front တို့ ကဲ့သို့သော အဖွဲ့များသည် အကြမ်းဖက်မှုနှင့် ဆက်နွယ် ပတ်သက်နေကြောင်း၊ ၎င်းတို့ထဲမှာ ငွေကြေး အကူအညီနှင့် သင်တန်း ပေးမှုများကို အကြမ်းဖက်မှုနှင့် အကြုံးဝင်သည် ဟု သတ်မှတ်မည် ဖြစ်ကြောင်း မြန်မာတိုင်းမ် သတင်းတွင် ဖော်ပြထားပါသည်။

          မည်သို့ပင်ဖြစ်စေ အကြမ်းဖက်မှု တားဆီး နှိမ်နင်းရေး ဥပဒေသည် ပြည်ပရောက် အတိုက်အခံ အဖွဲ့များနှင့် ဆက်သွယ်သည့် အစိုးရ ဆန့်ကျင်ရေး အဖွဲ့များ၊ နိုင်ငံရေး၊ လူမှုရေး လှုပ်ရှားသူများကို ရည်ရွယ်ခြင်း ဖြစ်ပုံ ရသည်ဟု အကဲခတ်သမား အချို့က ပြောကြားပါသည်။

          ၂၀၁၀ ရွေးကောက်ပွဲ ကာလအတွင်း လူထု စည်းဝေးပွဲများ အခြား လူမှုရေး မငြိမ်သက်မှုများ အပါအဝင် အစိုးရ ဆန့်ကျင်ရေး အတိုက်အခံများကို တားဆီးရေးအတွက် ယခု ဥပဒေကို အသုံးပြုရန် အစိုးရက ရည်ရွယ်ခြင်း ဖြစ်သည်ဟု အချို့က ထောက်ပြ ပြောဆိုပါသည်။

          KNU အထွေထွေ အတွင်းရေးမှူး ဇစ်ပိုရာစိန်က ပြောကြားရာတွင် အစိုးရ၏ အကြမ်းဖက်မှု တားဆီး နှိမ်နင်းရေး ဥပဒေသည် အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုများကို တင်းကြပ်ရန်၊ အတိုက်အခံ ထောက်ခံ အားပေးသူများနှင့် ဒီမိုကရေစီ လှုပ်ရှားသူများကို ရွေးကောက်ပွဲကြို နိုင်ငံရေး လှုပ်ရှားမူများမှ တားဆီးရန် ရည်ရွယ်ခြင်း ဖြစ်သည်ဟု ဆိုပါသည်။

          မြန်မာနိုင်ငံတွင် တစ်ဦးချင်း ဖြစ်စေ၊ အဖွဲ့အစည်းဖြင့် ဖြစ်စေ ပြည်ပရောက် အတိုက်အခံ အဖွဲ့များနှင့် လက်နက်ကိုင် အဖွဲ့များထံမှ ဆက်သွယ်ခြင်း (သို့မဟုတ်) အကူအညီ လက်ခံခြင်း ပြုလုပ်ပါက တရားမဝင် အဖွဲ့အစည်း ဆိုင်ရာ ဥပဒေပုဒ်မ ၁၇/၁ အရ တရားစွဲဆိုခြင်း ခံရနိုင်ပြီး ဥပဒေ ချိုးဖောက်သူ များသည် ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ပြစ်ဒဏ် ကျခံရနိုင်သည်ဟု ရှေ့နေများထံမှ သိရှိရပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Irrawaddy, By Wai Moe, 20th January 2010

မြန်မာအစိုးရသည် နှစ်ပေါင်း လေးဆယ် အတွင်း ပထမဆုံး အကြိမ် အဖြစ် အရှေ့တောင် အာရှ၏ အရေးကြီးဆုံးသော အားကစားပွဲကြီးကို အိမ်ရှင် အဖြစ် လက်ခံ ကျင်းပနိုင်ရန် ရည်ရွယ်လျက် နေပြည်တော်တွင် အားကစားရုံကြီး ဆောက်လုပ်မှုကို စတင်ခဲ့ကြောင်း ပြည်တွင်း မီဒီယာများ၏ အဆိုအရ သိရှိရပါသည်။

မြန်မာ Web Site တစ်ခု ဖြစ်သော Soccer Myanmar.com တွင် ဖော်ပြထားချက်အရ လူ (၃၀,၀၀၀) ဆန့် အားကစားရုံကြီး တစ်ခုမှာ တည်ဆောက်လျက် ရှိပြီး၊ ဒုတိယ တစ်ခုမှာ မကြာခင် စတင်တော့မည် ဖြစ်ကြောင်း၊ ၂၀၁၃ တွင် (၂၇) ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ ကျင်းပနိုင်ရန် ကြိုးစားနေကြောင်း သိရှိရပါသည်။

နှစ်နှစ် တစ်ကြိမ် ကျင်းပသော အဆိုပါ အားကစားပွဲကို ကျင်းပခွင့် ရရန် မြန်မာ အစိုးရသည် ဗီယက်နမ်၊ ဖိလစ်ပိုင်တို့ဖြင့် ယှဉ်ပြိုင်ရမည် ဖြစ်ပါသည်။ နောက်တစ်ကြိမ် SEA Games တို့ဖြင့် ယှဉ်ပြိုင်ရမည် ဖြစ်ပါသည်။ နောက်တစ်ကြိမ် SEA Games သည် ၂၀၁၁ တွင် အင်ဒိုနီးရှား နိုင်ငံတွင် ကျင်းပမည် ဖြစ်ပါသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလက စင်္ကာပူနိုင်ငံသည် ၂၀၁၃ တွင် ကျင်းပမည့် အဆိုပါ SEA Games ကို ဆောက်လုပ်ရေး လုပ်ငန်းများ မပြီးနိုင်ဟု အကြောင်းပြလျက် ကျင်းပရန် ငြင်းဆိုခဲ့သဖြင့် မြန်မာနိုင်ငံက ကျင်းပလိုကြောင်း လျှောက်ထားခဲ့ခြင်း ဖြစ်ပါသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ အဆင့်မြင့် တာဝန်ရှိသူ၏ ပြောကြားချက်ကို ကိုးကား၍ SoccerMyanmar.com က 2013 SEA Game ကျင်းပရန် မြန်မာနိုင်ငံအား ရွေးချယ်ထားပြီး ဖြစ်ကြောင်း ဖော်ပြထားပါသည်။ သို့သော် အဆိုပါ သတင်းကိုမူ အတည်မပြု နိုင်သေးပါ။

ရန်ကုန်မြို့ရှိ အားကစား ဝန်ကြီးဌာနသို့ အင်္ဂါနေ့က ဧရာဝတီက ဆက်သွယ် မေးမြန်းရာတွင် မိမိတို့ အနေဖြင့် ၂၀၁၃ တွင် အိမ်ရှင်အဖြစ် ကျင်းပခွင့် ရရှိကြောင်း မည်သည့် အတည်ပြုချက်မျှ မရသေးကြောင်း ဆိုပါသည်။ သို့သော် အစိုးရ အနေဖြင့် အိမ်ရှင်အဖြစ် ကျင်းပခွင့် ရလိမ့်မည်ဟု ယုံကြည် နေပါသည်။

လာအို နိုင်ငံပိုင် KPL လာအို သတင်းဌာနက လာအိုတွင် ဒီဇင်ဘာလက SEA Game ကျင်းပစဉ်က ဖော်ပြရာတွင် ပွဲတက်ရောက်လာသော မြန်မာအားကစား ဝန်ကြီး ဗိုလ်မှူးချုပ် အေးမြင့်က လာအို ဝန်ကြီးအား နေပြည်တော်သို့ အတွေ့အကြုံများ ပြောပြရန် ဖိတ်ကြားခဲ့ကြောင်း၊ မြန်မာက ၂၀၁၃ တွင် အိမ်ရှင်အဖြစ် လက်ခံ ကျင်းပရန် ရှိသောကြောင့်ဟု ဆိုပါသည်။

SEA Games ကျင်းပရေးအတွက် ကြီးကြပ်ရာတွင် ပါဝင်သော အာရှ အိုလံပစ် ကောင်စီက ဖော်ပြရာတွင် ၂၀၁၃ တွင် အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပခွင့်ပြုမည့် နိုင်ငံအား ရွေးချယ်နိုင်ရန် လာမည့် မတ်လတွင် ဘန်ကောက်၌ ဆွေးနွေးပွဲ ပြုလုပ်မည် ဖြစ်ကြောင်း ဖော်ပြပါသည်။

မြန်မာနိုင်ငံသည် ၁၉၆၁ ခုနှစ်က တစ်ကြိမ်၊ ၁၉၆၉ ခုနှစ်က တစ်ကြိမ် အိမ်ရှင်အဖြစ် ကျင်းပခဲ့ပြီး၊ ၁၉၆၉ ခုနှစ် စစ်အာဏာရှင် ဗိုလ်ချုပ်ကြီး နေဝင်း လက်ထက်တွင် ကျင်းပစဉ်က ကျောင်းသားများက ဆန္ဒပြမှုကို ကြုံတွေ့ခဲ့ရပါသည်။

မြန်မာနိုင်ငံ၏ အားကစား အဆင့်အတန်းသည် ကမ္ဘာ့အလယ်တွင် ၁၉၈၀ ခုနှစ်များမှ စ၍ အံ့သြဖွယ် ကောင်းအောင် ကျဆင်းလာခဲ့ပါသည်။

မြန်မာနိုင်ငံသည် အိမ်ရှင်အဖြစ် ကျင်းပစဉ် ၁၉၆၁ ခုနှစ်က ရွှေတံဆိပ် (၂၅) ခု၊ ၁၉၆၉ ခုနှစ်က ရွှေတံဆိပ် (၅၇) ခု ရရှိပြီး နိုင်ငံအလိုက် ဗိုလ်စွဲခဲ့ပြီး၊ ၁၉၇၉ ခုနှစ်မှ စ၍ ထိပ်ဆုံး သုံးသင်း စာရင်းမဝင်ခဲ့တော့ဘဲ၊ ပြီးခဲ့သည့် ဒီဇင်ဘာလ ကစားပွဲတွင် (၁၁) နိုင်ငံ အနက် နံပါတ် (၈) နေရာတွင်သာ ရှိနေခဲ့ပါသည်။

ရန်ကုန်မြို့ရှိ စီးပွားရေးသမား တစ်ဦးက ပြောကြားရာတွင် နေပြည်တော်ရှိ အားကစားရုံ နှစ်ခုကို မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်ပိုင် Max Myanmar ကုမ္ပဏီ အုပ်စုက ဆောက်လုပ်ကြောင်း ဆိုပါသည်။

Max Myanmar သည် နေပြည်တော် မြို့တော်သစ် ဆောက်လုပ်ရာတွင် ပါဝင်ခဲ့ပြီး၊ မြန်မာ စစ်အစိုးရနှင့် နီးကပ်သော ဆက်ဆံရေးကြောင့် နိုင်ငံတကာ အရေးယူ ပိတ်ဆို့မှုများ စာရင်းတွင် ပါဝင်ခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

          မြန်မာပြည်က ယခင် စာတိုက် စာရေးဟောင်း တစ်ယောက်နဲ့ ကျွန်တော်တို့ တတွေ ပြဿနာတစ်ခု တက်ထားတယ် ဆိုတဲ့ ကိစ္စကို စာဖတ်သူများ သိနှင့်ပြီးသားလည်း ဖြစ်မှာပါ။

          အဲဒီ စာပို့ လုလင်လေးဟာ ၁၉၅၀ ပြည့်နှစ် အစောပိုင်း ကာလတွေ လောက်က မြန်မာပြည် အလယ်ပိုင်း မြေလတ် ဒေသမှာ တပ်မတော်ထဲကို ဝင်ရောက် အမှုထမ်း ခွင့်ရမယ့် သူတွေ ဆီကို စာနဲ့ ပါဆယ်ထုပ်တွေ အရောက် ပို့ပေးရတဲ့ တာဝန် ယူခဲ့ဖူးပါတယ်။ နိုင်ငံ့ တမန်တော်ကဲ့သို့ ဖြစ်နေခဲ့တဲ့ အဲဒီ စာပို့ လုလင်လေးဟာ လူတစ်ဦးနဲ့ တစ်ဦး အပြန်အလှန် အဆက်အသွယ် လုပ်တဲ့ ကိစ္စဟာ ဘယ်လောက် အတိုင်းအတာအထိ အရေးကြီးတယ် ဆိုတာကို နားလည် သဘောပေါက် ခဲ့မယ်လို့ ယူဆမိပါတယ်။

          ယနေ့ အချိန်မှာတော့ စစ်အစိုးရရဲ့ အကြီးအကဲ တစ်ဦး ဖြစ်နေပြီ ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေနဲ့ စာအစောင် ပေါင်း များစွာကို မလွဲမသွေ လက်ခံ ရရှိနေမှာ ဖြစ်ပါတယ်။ စာတွေထဲမှာ တရားဝင် ထုတ်ပြန်ချက်တွေ၊ လျှို့ဝှက် သတင်း ပေးပို့ချက်တွေ၊ အမှုတွဲတွေ၊ စစ်ရေး သုံးသပ်ချက်တွေ၊ နိုင်ငံတကာကို ထုတ်ပြန်တဲ့ ကြေညာချက်တွေ၊ အသနားခံစာတွေ ပါမှာ ကျိန်းသေပါတယ်။ ဆွေတော် မျိုးတော်တွေ ပို့လိုက်တဲ့ မွေးနေ့ ဆုတောင်းကတ် တွေတောင် ပါချင် ပါဦးမှာပါ။

မနှစ်တုန်းက စက်တင်ဘာလနဲ့ နိုဝင်ဘာလမှာ ဖမ်းဆီး ထိန်းသိမ်းခံ ထားရတဲ့ နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည် စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဆီကို စာနှစ်စောင် ရေးသား ပေးပို့ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးနဲ့ ထိုင်ပြီး စကားလက်ဆုံ ပြောဖို့ ဆန္ဒရှိတဲ့ အကြောင်း အဲဒီ စာတွေထဲမှာ ရေးသား ဖော်ပြခဲ့တယ်လို့ သိရပါတယ်။

          ဒါတင် မကသေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည်က ကောင်းမွန်တဲ့ စိတ်သဘောထားကို ဖော်ပြတဲ့ အနေနဲ့  မြန်မာနိုင်ငံ အမျိုးသား စည်းလုံး ညီညွတ်ရေးကို ပြန်လည် အကောင်အထည် ဖော်ဖို့ ဗိုလ်ချုပ်မှူးကြီးနဲ့ လက်တွဲ ဆောင်ရွက်လိုတဲ့ အကြောင်း၊ အနောက်ကမ္ဘာရဲ့ ပိတ်ဆို့ အရေးယူမှု တွေကို ဖယ်ရှားနိုင်ဖို့ အတွက်လည်း ဗိုလ်ချုပ်မှူးကြီးနဲ့ ဆွေးနွေးလိုတဲ့ အကြောင်း စာထဲမှာ ရေးသားခဲ့ပါသေးတယ်။ (အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော် နားလည် ထားတာကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူမနဲ့ အတူ အခြားသော နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကို စစ်အစိုးရက မလွှတ်ပေးဘဲ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှုတွေကို ဖယ်ရှားဖို့ အနောက် ကမ္ဘာ နိုင်ငံတွေကို တောင်း ဆိုမှာ မဟုတ်ပါဘူး ဆိုတာပါ)

          ကျွန်တော် ယုံကြည်တာ ပြောရရင်တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကမ်းလှမ်းချက်ဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အနေနဲ့ အတိုက်အခံတွေနဲ့ ပွင့်လင်းမှုရှိတဲ့ ဒိုင်ယာလော့ခ် လုပ်နိုင်ဖို့ အခွင့်အလမ်း တစ်ခု ပါပဲ။ နောက်ပြီး အဲဒီ ကမ်းလှမ်းချက်ဟာ မြန်မာနိုင်ငံ အနေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းမှာ အထီးကျန်ဖြစ်နေတဲ့ ပြဿနာကို အကူအညီပေး ဖြေရှင်းပေးမယ့် ဖိတ်မန္တက ပြုမှု တစ်ခု ပါပဲ။

          ဒေါ်အောင်ဆန်းစုကြည်ရဲ့ စာကို စာပို့လုလင် ဟောင်းကြီးက တုံ့ပြန်မှု မပြုလုပ်ခဲ့ပါဘူး။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ သိမ်သိမ်မွေ့မွေ့ပါပဲ။ အလျှော့ပေး အညံ့ခံတာမျိုးလည်း မလုပ်ခဲ့ပါဘူး။ ဒုတိယအကြိမ် ပေးပို့တဲ့ စာမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပေါ် ထားရှိတဲ့ သူမရဲ့ သဘောထားကို ထပ်မံ ထုတ်ဖော် ရေးသားခဲ့ပြန်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၀၉ ခုနှစ်အတွင်း နေအိမ် အကျယ်ချုပ် သက်တမ်း တိုးမြှင့်ခြင်း ခံခဲ့တာတွေ၊ အကွက်ဆင်ပြီး တရားစွဲခံ ခဲ့ရတာတွေ ရှိနေပေမယ့်လည်း အခုလို မြှောက်ပင့် ပြောဆိုမှသာ ဗိုလ်ချုပ်မှူးကြီးရဲ့ အတ္တတွေ၊ မာနတွေ၊ ခေါင်းမာတာတွေ ကို ပျော့ပျောင်းလာအောင် လုပ်နိုင်မယ်လို့ မျှော်လင့်ခဲ့တာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

          အလိုလိုက် ခံထားရတဲ့ ကလေးငယ် တစ်ဦး သူ့အခန်းထဲကို ပြန်ပို့ ခံလိုက်ရသလိုပင် ဗိုလ်ချုပ်မှူးကြီးဟာ သုန်သုန်မှုန်မှုန်နဲ့ အသံတိတ် လုပ်ပြီး အာခံပြ နေခဲ့ပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် ကတော့ ဇွဲမလျှော့ပါဘူး။ နောက်ထပ် တောင်းဆိုမှု တစ်ခု ထပ်လုပ်ပြန်ပါတယ်။ အဲဒါကတော့ အမျိုးသား ဒီမိုကရေစီ ပါတီ (NLD) က စီနီယာ ခေါင်းဆောင် သုံးယောက်နဲ့ တွေ့ဆုံခွင့် ပြုဖို့ပါ။ ဒီတစ်ကြိမ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆန္ဒတွေ ပြည့်ခဲ့ပါတယ်။ ရန်ကုန်မြို့က နိုင်ငံတော် ဧည့်ဂေဟာမှာ NLD ပါတီ ခေါင်းဆောင် ကြီး သုံးဦးကို တွေ့ဆုံဂါရဝ ပြုခွင့် ရရှိခဲ့ပါတယ်။

          ဒါပေမဲ့လည်း ဒေါ်စုကြည်အနေနဲ့ သူမ စာထဲမှာ တောင်းဆိုထားသလို NLD ပါတီ ခေါင်းဆောင်တွေ အားလုံးနဲ့တော့ တွေ့ခွင့် မရရှိခဲ့ပါဘူး။ ကျွန်တော် ထင်တာ ပြောရရင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ နောက်ဆုံးမှာ ဒေါ်စုကြည်ရဲ့ စာတွေ အားလုံးကို မလွဲမသွေ ဖတ်နေမှာပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အပေးအယူ လုပ်တဲ့ နေရာမှာ စစ်အစိုးရရဲ့ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအဖို့ အခုလို ပြောစရာစကား မရှိဘဲ ဖြစ်နေတဲ့ ကိစ္စဟာ ပထမဆုံး အကြိမ် မဟုတ်ပါဘူး။

၂၀၀၃ ခုနှစ် မေလအတွင်း ဒီပဲယင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမကို ထောက်ခံတဲ့သူတွေ လိုက်ပါလာတဲ့ ယာဉ်တန်းကို ရက်ရက်စက်စက် အကြမ်းဖက် တိုက်ခိုက်မှု အပြီး တစ်နှစ်ခွဲလောက် အကြာမှာ ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ စာတစ်စောင် ရေးပို့ခဲ့ပါသေးတယ်။  NLD အနေနဲ့ အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ အသင့် အနေအထားမှာ ရှိနေပါတယ် ဆိုတာကို စာရေးပို့ခဲ့တာ ဖြစ်ပါတယ်။ အဲဒီတုန်းကလည်း စာပို့သမား ဟောင်းကြီးက တုံ့ပြန်ဖို့ ငြင်းပယ်ခဲ့ပါသေးတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ မရင့်ကျက်မှု၊ သဘောထား သေးသိမ်မှု၊ ရန်ငြိုး အာဃာတ ထားမှုနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတ္တိရှိမှု၊ ကိုယ်ကျိုး မငဲ့ကွက်မှုနဲ့ လူသား ဆန်မှုတွေကို ကွက်ကွက်ကွင်းကွင်း တွေ့မြင်လိုက်ရပါတယ်။

          အခု ရက်သတ္တပတ်ထဲမှာပဲ ဗိုလ်ချုပ်မှူးကြီးက ဒေါ်အောင်ဆန်းစုကြည်ကို သူမရဲ့ ရှေ့နေတွေနဲ့ တွေ့ဆုံခွင့် ပေးခဲ့တာ တွေ့ရပါတယ်။ နေအိမ် အကျယ်ချုပ်အတွက် အယူခံဝင်ဖို့ ကိစ္စအတွက် ရှေ့နေတွေနဲ့ ဆွေးနွေးခွင့် ပေးတာ ဖြစ်ပါတယ်။  

ဤသို့ ဆိုတော့ ပြောရရင် ဗိုလ်ချုပ်မှူးကြီးဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စာတွေ အားလုံးကို ဖတ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်းပဲ တွေ့မြင်ရပါတယ်။ ဗိုလ်ချုပ်မှူးကြီးဟာ ဒေါ်စုရဲ့ စာကို ဖွင့်ဖတ်ရင်းနဲ့ ဇောချွေးတွေ ပြန်နေမယ်ဆိုတာ ခန့်မှန်းလို့ ရပါတယ်ခင်ဗျာ။ ပြန်ပြောဖို့ စကားလုံး ရှာမရတဲ့အဆုံး ရေငုံ နှုတ်ပိတ်ပြီး တေမိဇာတ် ကဖို့ပဲ စဉ်းစားနေပါလိမ့်မယ်။

          ဒီနှစ်ထဲမှာ စာပို့လုလင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တစ်ယောက် ဒေါ်အောင်ဆန်းစုကြည်ဆီက စာတွေ အများကြီး လက်ခံ ရရှိမယ့် သဘောမှာ ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ စဉ်းစားရမှာက စာပို့ လုလင်ဟောင်းကြီး တစ်ယောက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆိုလိုရင်းကို အမှန်တကယ် ရနိုင်ခြင်း ရှိ၊မရှိ ဆိုတဲ့ ကိစ္စပဲ ဖြစ်ပါတော့တယ်။

 Bangkok Post သတင်းစာမှ You've got mail, Gen Than Shwe ကို ဘာသာပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

VOA News, 20th January 2010

အာဏာသုံး ခိုင်းစေမှုများကို စောင့်ကြည့် လေ့လာရန် ကုလသမဂ္ဂအား ခွင့်ပြုသည့် သဘောတူညီချက်ကို မြန်မာ တပ်မတော် အစိုးရက (၁) နှစ် သက်တမ်းတိုး ပေးခဲ့ပါသည်။

နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ် (ILO) တာဝန်ရှိ ပုဂ္ဂိုလ်များ လာရောက်စဉ် အတွင်း အင်္ဂါနေ့က သဘောတူညီမှု ရရှိခဲ့ခြင်း ဖြစ်သည်ဟု နိုင်ငံပိုင် သတင်းဌာနက ထုတ်ပြန်ပါသည်။

နိုင်ငံပိုင် ရုပ်သံဌာနက ထုတ်လွှင့်ရာတွင် ကုလသမဂ္ဂ အေဂျင်စီ အမှုဆောင် ဒါရိုက်တာ ကာရီတက်ပီယိုလာ ဦးဆောင်သည့် (ILO) ကိုယ်စားလှယ် အဖွဲ့သည် မြန်မာ အလုပ်သမား ဝန်ကြီး ဦးအောင်ကြည် နှင့်တွေ့ဆုံခဲ့သည်ဟု ဆိုပါသည်။

မြန်မာနိုင်ငံတွင်း (၁) ပတ် ကြာမြင့်သည့် ခရီးစဉ်အတွင်း (ILO) ကိုယ်စားလှယ် အဖွဲ့သည် အလုပ်သမား အကျိုးဆောင် အဖွဲ့များနှင့်လည်း တွေ့ဆုံလိမ့်မည်ဟု နော်ဝေး အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ (DVB) ဒီမိုကရက်တစ် မြန်မာ့အသံက ပြောကြားပါသည်။

ဂျီနီဗာ အခြေစိုက် (ILO) အဖွဲ့ချုပ်သည် မြန်မာနိုင်ငံအတွင်း ပြဌာန်းထားသော ဥပဒေများကို အခြေခံ၍ အာဏာသုံး ခိုင်းစေမှုများကို ထိန်းချုပ် ဟန့်တားရန် ရည်ရွယ်ချက်ဖြင့် ၂၀၀၇ ခုနှစ်တွင် မြန်မာနိုင်ငံနှင့် သဘောတူ လက်မှတ် ရေးထိုးခဲ့ပါသည်။

အာဏာသုံး ခိုင်းစေမှုများကို တိုင်ကြားသူများအား အပြစ်မပေးရန် မြန်မာနိုင်ငံက သဘောတူ ခဲ့ပါသည်။

သို့သော်လည်း မြန်မာ အာဏာပိုင်များသည် ရေနံ နှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ကဲ့သို့သော အခြေခံ အဆောက်အဦး စီမံကိန်းများတွင် အာဏာသုံး ခိုင်းစေမှုများ အသုံးပြုနေဆဲ ဖြစ်သည်ဟု ကုလသမဂ္ဂ အေဂျင်စီက နိုဝင်ဘာလတွင် အစီရင်ခံစာ ထုတ်ပြန်ပါသည်။ အတင်းအကျပ် ခိုင်းစေခြင်းနှင့် ပတ်သက်၍ တိုင်ကြားမှုများ တိုးပွားလာသည်ဟု အစီရင်ခံစာက ဆိုပါသည်။

အာဏာသုံး ခိုင်းစေမှုများကို ဖယ်ရှားရန် တာဝန်ရှိသူများက ကြိုးစား လုပ်ဆောင်နေကြောင်းနှင့် အဆိုပါ ကိစ္စကို ဆန့်ကျင်သည့် ပြည်သူတို့၏ အခွင့်အရေးကိုလည်း အသိအမှတ် ပြုထားကြောင်း မြန်မာအစိုးရက ခုခံ ပြောကြားခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

DVB, 20th January 2010

မြန်မာနိုင်ငံရှိ မီဒီယာများတွင် ရွေးကောက်ပွဲ သတင်းများကို ဖော်ပြ ခွင့်ပြုထားသော်လည်း နိုင်ငံရေးအဖွဲ့များ ရွေးကောက်ပွဲ အတွက် ပြင်ဆင်နေသည့် သတင်းများကိုမူ ဖော်ပြခွင့် မပြုဘဲ ပိတ်ပင် ထားပါသည်။

ဆင်ဆာ ပြုလုပ်ခြင်းသည် မြန်မာ့ နိုင်ငံရေးတွင် ပေါ်ထွက်လာသော "တတိယ အင်အားစု" (Third Force) မှ နိုင်ငံရေး ပါတီများကို အဓိက ပစ်မှတ်ထားကြောင်း မကြာသေးမီက ရန်ကုန်မြို့တွင် မြန်မာ့နိုင်ငံရေး နှင့်ပတ်သက်၍ ဆွေးနွေးပွဲ စီစဉ် ကျင်းပခဲ့သူ ဖြိုးမင်းသိန်းက ပြောကြားပါသည်။ တတိယ အင်အားစုသည် တာဝန်ရှိသူများဘက်မှ သော်လည်းကောင်း၊ အတိုက်အခံများဘက်မှ သော်လည်းကောင်း ဘက်မလိုက်ဘဲ ကြားနေသူ ဖြစ်ပါသည်။

အစိုးရသည် အတိုက်အခံများ၏ နိုင်ငံရေး လှုပ်ရှားမှုများကို ပိတ်ဆို့ပြီး၊ အခြေအနေကို ၎င်းတို့ ကိုယ်ကျိုးအတွက် ကြိုးကိုင်ရန် ကြိုးစားနေပုံ ရကြောင်း ၎င်းက ဆိုပါသည်။

ရန်ကုန်မြို့ရှိ အယ်ဒီတာဟောင်း တစ်ဦးက ပြောကြားရာတွင် အစိုးရသည် ရွေးကောက်ပွဲ ဥပဒေ မထွက်မီအထိ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပါတီများ၏ လှုပ်ရှားမှု သတင်းများကို ထည့်သွင်း ဖော်ပြ ခွင့်ပြုလိမ့်မည် မထင်ကြောင်း ဆိုပါသည်။

"ရွေးကောက်ပွဲ ဥပဒေ ထွက်လာပြီးရင်တောင်မှ ဒီသတင်းတွေကို အကန့်အသတ်နဲ့သာ ခွင့်ပြုလိမ့်မယ်လို့ ထင်ပါတယ်" ဟု အဆိုပါ အယ်ဒီတာဟောင်းက ဖြည့်စွက် ပြောကြားခဲ့ပါသည်။

Burma Media Association မှ အတွင်းရေးမှူး စန်းမိုးဝေ ကလည်း ရွေးကောက်ပွဲ ဥပဒေနှင့် ကျင်းပမည့် ရက်ကို ကြေညာရန် နှောင့်နှေးနေရခြင်းမှာ တမင် ရည်ရွယ်၍ လုပ်ထားပုံ ရကြောင်း၊ မီဒီယာများကိုလည်း နိုင်ငံရေး လှုပ်ရှားမှု သတင်းများကို အကန့်အသတ်ဖြင့်သာ လွတ်လပ်စွာ ခွင့်ပြုလိမ့်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အစိုးရသည် ၁၉၉၀ ရွေးကောက်ပွဲ ပြုလုပ်စဉ်က ရှုံးနိမ့်ခဲ့ရမှုကြောင့် ယခု ထိုသို့ အမှားမျိုး မကျူးလွန်ရန် သတိထား ဆောင်ရွက်နေပုံရကြောင်း ၎င်းက ဆိုပါသည်။

ရန်ကုန်မှ နိုင်ငံရေး လှုပ်ရှားသူများက ခန့်မှန်းရာတွင် မီဒီယာများတွင် ကန့်သတ်မှုများ လုပ်ထားရခြင်းမှာ အစိုးရသည် နိုင်ငံရေးအရ သြဇာရှိသူများ၊ ထင်ရှားသူများကို တသီးပုဂ္ဂလိ အမတ် အဖြစ် အရွေးခံရန် စည်းရုံးနေခြင်းမှာ မပြီးပြတ်သေး၍ ဖြစ်နိုင်ကြောင်း ဆိုပါသည်။

နိုင်ငံရေးသမားဟောင်းအဖြစ်သာမက၊ တရုတ်နိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး အဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးသူ သခင်ချန်ထွန်းက မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်း နိုင်ငံများ ကြားတွင် စံပြ ရွေးကောက်ပွဲ အဖြစ် ကျင်းပသင့်ကြောင်း ဆိုပါသည်။

"စစ်တပ် အနေနဲ့ ဘင်္ဂလားဒေ့ရှ်မှာ လုပ်သလိုမျိုး နိုင်ငံတကာက လွတ်လပ်ပြီး တရားမျှတတယ်လို့ ချီးမွမ်းခံရသလိုမျိုး လုပ်ဖို့ တိုက်တွန်းလိုပါတယ်" ဟု သခင်ချန်ထွန်းက ပြောကြားခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Nation, By Petchanet Pratruangkrai, 21st January 2010

          အာဆီယံ လွတ်လပ်စွာ ကုန်သွယ်မှု သဘော တူညီချက် Asean Free Trade Agreement (AFTA) သည် နယ်စပ် ကုန်သွယ်ရေးတွင် တိုးတက် သက်ရောက်လာမည် ဖြစ်ရာ ထိုင်းနိုင်ငံသည် ၎င်း၏ အိမ်နီးချင်း နိုင်ငံများ ဖြစ်သော ကမ္ဘောဒီးယား၊ လာအို၊ မလေးရှားနှင့် မြန်မာတို့ဖြင့် ကုန်သွယ်ရေးသည် ယခု လက်ရှိ ဘတ် (၈) ဘီလီယံမှ ၂၀၁၃ တွင် ဘတ် (၁) ထရီလီယံ အထိ တိုးမြှင့်ရန် မျှော်မှန်း ထားပါသည်။

ထိုင်း ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး Porntiva Nakasai သည် ယမန်နေ့က တာဝန်ရှိသူများနှင့် မီဒီယာများကို ဇန်နဝါရီလ တစ်ရက်နေ့တွင် စတင်ခဲ့သည့် AFTA အတွက် ဖြစ်လာနိုင်သည့် ပြဿနာများကို လေ့လာနိုင်ရန် Aranyaprathet ရှိ နယ်စပ် ကုန်သွယ်ရေးတွင် တိုင်းတာမှုများ ပြုလုပ်နိုင်ရန် စီစဉ် ပေးခဲ့ပါသည်။

အဆိုပါ ဒေသရှိ ကုန်သည်များက ပြောကြားရာတွင် အဆိုပါ ဒေသတွင် AFTA ၏ အကောက်ခွန်မဲ့ စီမံချက်နှင့် ပတ်သက်၍ မည်သည့် မကောင်းသည့် အကျိုးဆက်များ မတွေ့ရသေးကြောင်း ပြောကြား ခဲ့ပါသည်။ တိတိကျကျ ဆိုရလျှင် ကမ္ဘောဒီးယားမှ လယ်ယာ ထွက်ကုန်များ ပိုမို တိုးတက်ပြီး ရောင်းချလာသည်ကို မတွေ့ရသေးကြောင်း ဆိုပါသည်။

အစိုးရသည် ကမ္ဘောဒီယားနှင့် နယ်စပ် တလျှောက် အမြဲတမ်း စစ်ဆေးရေး စခန်းများ တိုးချဲ့ ဖွင့်လှစ်ရန် စီစဉ်လျက် ရှိပြီး၊ ကမ္ဘောဒီးယားနှင့် ကူးသန်း ရောင်းဝယ်မှု ပိုမို တိုးတက် လာစေရန် ရည်ရွယ်ခဲ့ပါသည်။

ယခု လက်ရှိအားဖြင့် နယ်စပ် စစ်ဆေးရေး စခန်းများမှ ထိုင်း ပို့ကုန်များသည် သွင်းကုန် လက်မှတ် ထုတ်ပေးမှု လိုအပ်ချက်ကြောင့် တိုးတက်မှု အတွက် အဟန့်အတား ဖြစ်လျက် ရှိပါသည်။ ထို့ကြောင့် ကမ္ဘောဒီးယား အစိုးရအား နယ်စပ် အာဏာပိုင်များကို သွင်းကုန် လက်မှတ်များ ထုတ်ပေးရန် ညွှန်ကြားရေး အတွက် တောင်းဆိုခဲ့ပါသည်။

ယခု လက်ရှိအားဖြင့် ထိုင်း နှင့် ကမ္ဘောဒီးယား နယ်စပ်တွင် အမြဲတမ်း စခန်း (၂) ခု နှင့် ယာယီ စခန်း (၃) ခု ရှိပါသည်။

ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး Porntiva ကိုယ်တိုင် Sa Kaew နယ်ရှိ Klong Luk ရှိ နယ်စပ် စစ်ဆေးရေး စခန်းတွင် AFTA အကောင်အထည် ဖော်မှုကို ကြည့်ရှု့ စစ်ဆေးခဲ့ပါသည်။

အခြား အမြဲတမ်း နယ်စပ် စစ်ဆေးရေး စခန်းတစ်ခုမှာ Si Sa Ket နယ်ရှိ Chong Sra – njam တွင် ရှိပါသည်။

အခြား ယာယီ စစ်ဆေးရေး စခန်းများမှာ Sa Kaew နယ်ရှိ Ta Phraya ၊ Baan Nong Prue နှင့် Baan Khao Din တို့တွင် ရှိပါသည်။

ထိုင်း - ကမ္ဘောဒီးယား နှစ်နိုင်ငံ ကုန်သွယ်ရေး၏ (၅၀%) သည် နယ်စပ် ကုန်သွယ်ရေးမှ ဖြစ်ရာ ကမ္ဘောဒီးယားနှင့် နယ်စပ် ကုန်သွယ်ရေး စီးဆင်းမှု ချောမွေ့ရေးကို ထိုင်း အစိုးရက အလေးထား ပါသည်။

နယ်စပ် စစ်ဆေးရေး စခန်းများ တိုးချဲ့ ဖွင့်လှစ်ခြင်းသည် ကုန်သွယ်မှုကို တိုးတက်စေရုံ သာမက၊ ရင်းနှီး မြှုပ်နှံမှုနှင့် ခရီးသွားလာမှုကိုလည်း တိုးတက်စေပါသည်။

နိုင်ငံခြား ကုန်သွယ်ရေး ဌာန၏ အဆိုအရ ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံ နယ်စပ် ကူးသန်း ရောင်းဝယ်ရေးသည် မနှစ်က ဘတ် (၂၉.၆၉) ဘီလီယံ ရှိခဲ့ရာ၊ ထိုင်းနိုင်ငံ ပို့ကုန်သည် ဘတ် (၂၆.၆၅) ဘီလီယံ ရှိပြီး၊ သွင်းကုန်သည် ဘတ် (၃.၀၄) ဘီလီယံသာ ရှိပါသည်။

ကမ္ဘောဒီးယားသို့ ထိုင်းနိုင်ငံ၏ နယ်စပ် အဓိက ပို့ကုန်မှာ ဝက်များ၊ စားသောက်ကုန်များ၊ ဘိလပ်မြေ၊ ရာဘာတာယာများ နှင့် မော်တော်ဆိုင်ကယ်များ ဖြစ်ပြီး အဓိက နယ်စပ် သွင်းကုန်မှာ ပဲပိစပ်၊ ပီလောပီနံဥ နှင့် သံထည် အဟောင်းများ (Scrap Metal) ဖြစ်ပါသည်။

ထိုင်း နှင့် ကမ္ဘောဒီးယား၏ ကုန်သွယ်မှု တစ်ခုလုံးသည် ယမန်နှစ်က ဘတ် (၅၆.၅၇) ဘီလီယံ ရှိခဲ့ပြီး၊ ထိုင်း ပို့ကုန်သည် (၁၉.၅၆ %) ကျဆင်းပြီး ဘတ် (၅၃.၉၁) ဘီလီယံ ရှိကာ၊ သွင်းကုန်မှာလည်း (၁၁.၅၅ %) လျော့သွားကာ ဘတ် (၂.၆၆) ဘီလီယံ ရှိခဲ့သဖြင့်၊ ကုန်သွယ်ရေး ပိုငွေ ဘတ် (၅၁.၂၅) ဘီလီယံ ရှိခဲ့ပါသည်။

ကမ္ဘောဒီးယားသို့ ထိုင်းနိုင်ငံ၏ အဓိက ပို့ကုန်များမှာ လောင်စာဆီ၊ သကြား၊ ဘိလပ်မြေ၊ ဖျော်ရည်များနှင့် ဓာတုပစ္စည်းများ ဖြစ်ပြီး၊ အဓိက သွင်းကုန်များမှာ ဟင်းသီးဟင်းရွက်၊ သစ်သီးများ၊ သံရိုင်းများနှင့် သံထည်ဟောင်းများ၊ သံ၊ စတီး နှင့် ပျော့ဖတ်များ ဖြစ်ပါသည်။

ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက ပြောကြားရာတွင် AFTA ကြောင့် ကမ္ဘောဒီးယားတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ထိုင်း ရင်းနှီးမြှုပ်နှံသူများက တိုးတက် စိတ်ဝင်စား နေသည်ဟု ဆိုပါသည်။

ယခု လက်ရှိအားဖြင့် ကမ္ဘောဒီးယားတွင် အချို့ ထိုင်း ကုန်ပစ္စည်းများသည် ထုတ်လုပ်မှု စရိတ် မြင့်မားမှုကြောင့် တရုတ် ပစ္စည်းများနှင့် ယှဉ်ပြိုင်ရာတွင် အခက်အခဲ တွေ့လျက် ရှိပါသည်။ ထို့ကြောင့် အဆိုပါ ပစ္စည်းများကို လုပ်အားခ သက်သာပြီး၊ ကုန်ကြမ်းရသော ကမ္ဘောဒီးယားတွင် ရင်းနှီးမြှုပ်နှံ ထုတ်လုပ်ရန် စဉ်းစားသင့်ကြောင်း ဝန်ကြီးဌာနက အကြံပြုလျက် ရှိပါသည်။

ကမ္ဘောဒီးယားတွင် ရင်းနှီးမြှုပ်နှံသင့်သော ကဏ္ဍများမှာ လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှုများ၊ အဝတ်အထည် နှင့် ဝန်ဆောင်မှု လုပ်ငန်းများ ဖြစ်ကြောင်း သိရှိရပါသည်။

ပြီးခဲ့သည့် စက်တင်ဘာ စာရင်းများအရ ထိုင်းနိုင်ငံသည် ကမ္ဘောဒီးယား၌ ရင်းနှီးမြှုပ်နှံသူများတွင် နံပါတ် (၅) နေရာ၌ ရှိပြီး တန်ဖိုးမှာ အမေရိကန် ဒေါ်လာ သန်း (၃၀၀) (ဘတ် ၉.၈၈ ဘီလီယံ) ရင်းနှီးမြှုပ်နှံ ထားပါသည်။

ထိပ်ဆုံး နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူ လေးဦးမှာ မလေးရှား၊ တရုတ်၊ ထိုင်ဝမ် နှင့် အမေရိကန် ပြည်ထောင်စုတို့ ဖြစ်ပြီး၊ မလေးရှားက ဒေါ်လာ (၂.၁) ဘီလီယံ၊ တရုတ်က ဒေါ်လာ (၈၀၁) မီလီယံ၊ ထိုင်ဝမ်က ဒေါ်လာ (၈၇) မီလီယံ နှင့် အမေရိကန်က ဒေါ်လာ (၃၃၆) မီလီယံ ရင်းနှီးမြှုပ်နှံ ထားပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.