Transparency Myanmar

transparency.myanmar@gmail.com

BBC News, 8th July 2010

တရုတ်နိုင်ငံသည် အခြေခံ သယံဇာတများကို ရောင်းချခြင်း အတွက် အခွန်ငွေကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တညီတည်း ဖြစ်စေမည် ဟု အတည်ပြု ပြောကြားခဲ့သည်။

ထို့အတွက် အနောက်ဖက် Xinjiang ပြည်နယ်တွင် အခွန် ၅ % စမ်းသပ် ကောက်ခံပြီး၊ အဆိုပါ အခွန်ငွေကို ဒေသဆိုင်ရာ အစိုးရထံသို့ ပေးသွင်းစေခဲ့သည်။

Beijing သည် အခြား ကုန်ကြမ်းပစ္စည်းများ အပေါ်တွင်လည်း အခွန်ငွေ ကောက်ခံရန် စီစဉ်လျက် ရှိရာ၊ အခွန် နှုန်းထားများကိုမူ ကွဲပြားလိမ့်မည် ဖြစ်ကြောင်း အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြားလိုက်သည်။

"အခုလို ပြုပြင် ပြောင်းလဲ လိုက်တဲ့ အတွက် သယံဇာတ ပေါတဲ့ အနောက်ဖက် ဒေသတွေက ဒေသဆိုင်ရာ အစိုးရတွေရဲ့ ဘတ်ဂျက်မှာ ဝင်ငွေ သိသိသာသာ တိုးလာမှာပါ'' ဟု တရုတ် စီမံကိန်း အေဂျင်စီမှ Du Ying က ပြောသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မကျင့်သုံးမီ၊ တရုတ်နိုင်ငံ၏ အနောက်ဖက် ဒေသ တိဗက် အပါအဝင် အခြား ပြည်နယ်များတွင် တညီတညွတ်တည်း စတင် အသုံးပြုမည် ဖြစ်ရာ၊ ကျောက်မီးသွေး ရောင်းချခြင်း အတွက်ပါ တိုးချဲ့ ကောက်ခံမည် ဖြစ်သည်။

ဒေသဆိုင်ရာ တောင်းဆိုမှုများ

ယခု သယံဇာတ အခွန်ငွေသည် ဒေသဆိုင်ရာ အစိုးရ ဘဏ္ဍာရေး ဆိုင်ရာ ကိုယ်ပိုင် ဆုံးဖြတ်ခွင့် တောင်းဆိုမှုကို ဖြည့်ဆည်းပေးသည့် သဘော ရှိသည်။

Xinjiang ပြည်နယ်သည် သယံဇာတ ရောင်းဝယ်ရေးက အရေးပါသည့် အလျောက် ယခင်က ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ရောင်းဝယ်မှု အတွက် အခွန်ငွေ ရှိပြီး ဖြစ်သော်လည်း ယခု အခွန်ငွေ စည်းမျဉ်း အသစ်ဖြင့် အစားထိုး အသုံးပြုမည် ဖြစ်သည်။

ယခု ကောက်ခံမည့် ရောင်းခွန်ကြောင့် ကြီးမားသော အနောက်မြောက် ဒေသ၏ အခွန်တော်ငွေ ပိုမို တိုးတက် ရရှိလာလိမ့်မည် ဟု Mr. Du က ပြောသည်။

Xinjiang ပြည်နယ်တွင် မွတ်ဆလင် အများစု နေထိုင်ပြီး၊ တိုင်းရင်းသား Uighur များ၏ ဒေသလည်း ဖြစ်သည်။

အိမ်နီးချင်း တိဗက်ကဲ့သို့ပင် Xinjiang တွင် မကြာသေးမီ နှစ်များအတွက် ကိုယ်ပိုင် ဆုံးဖြတ်ခွင့်နှင့် လွတ်လပ်ရေး အတွက် အကြမ်းဖက်နည်းဖြင့် တစ်မျိုး၊ အကြမ်းမဖက်သော နည်းဖြင့် တစ်ဖုံ ဆန္ဒပြမှုများ တိုးတက် ပြုလုပ်လာသည်။

ယခု အခွန်ငွေများကို စက်မှု ဖွံ့ဖြိုးရေးနှင့် မြို့ပြ တိုးတက်ရေး အတွက် မြှင့်တင်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်မည် ဖြစ်သည်။ အဆိုပါ လုပ်ငန်းစဉ်များကို ထိုဒေသသို့ လာရောက် အခြေချကြသည့် တရုတ် တိုင်းရင်းသားများနှင့် လက်တွဲ လုပ်ဆောင်ကြရမည် ဖြစ်သည်။

တစ်နိုင်ငံလုံး အတိုင်းအတာနှင့် သယံဇာတ အခွန် ကောက်ခံမှုကို ဒေသဆိုင်ရာ အစိုးရများက ကြိုဆိုကြလိမ့်မည်ဟု ယူဆရပြီး၊ ၎င်းတို့က Beijing ဗဟို အစိုးရသည် ၎င်းတို့၏ ချေးငှားမှုများတွင် ကန့်သတ်မှုများ ပြုလုပ်သည်ဟု မြင်လာကြသောကြောင့် ဖြစ်သည်။

တရုတ်က အခြေပစ္စည်း ပူဖောင်း (a real estate bubble) ပေါက်မည်ကို စိုးရိမ်နေရသည့် အချိန်တွင် တရုတ်ဒေသ ဆိုင်ရာ အစိုးရများသည် နိုင်ငံပိုင်မြေများ အပေါ်မှ ငွေချေးယူမှုများ ပြုလုပ်ခဲ့သည်။

၎င်းတို့တွင် နိုင်ငံတကာ ဘဏ်များမှ ငွေချေးယူမှုများ အချို့ကိစ္စများတွင် ရှိခဲ့ရာ Beijing အာဏာပိုင်များက တရားမဝင်ကြောင်း ပြောခဲ့သည်။

စွမ်းအင် ဈေးနှုန်းများ

မကြာသေးမီက တရုတ်ငွေ လဲလှယ်နှုန်း မူဝါဒ ပြောင်းလဲခဲ့ခြင်းကြောင့် မိမိဒေသသုံး စွမ်းအင်နှင့် ရောင်းဝယ်ရေး ပစ္စည်းများ၏ ဈေးနှုန်းတွင် သက်ရောက်မှုများ ရှိခဲ့ရာ ယခု အခွန်ငွေကြောင့် ထိုသက်ရောက်မှု အတိုင်း ဖြစ်လာဦးမည် ဟု ယူဆရသည်။

ယခု ပြောင်းလွယ် ပြုလွယ် ရှိလာသော ယွမ်မူဝါဒသည် လာမည့် လများ အတွင်း တရုတ်ငွေမှာ ဒေါ်လာထက် စာလျှင် တန်ဖိုးတက်လာမည် ဟု မျှော်လင့်ရသည်။

ထို့ကြောင့်ပင် ရောင်းဝယ်ရေး ပစ္စည်းများ တန်ဖိုးနှင့် စွမ်းအင် တင်သွင်းမှုများ တန်ဖိုး သက်သာ လာမည် ဖြစ်သည်။ တရုတ် စီးပွားရေးသည် ကုန်ပစ္စည်း ရောင်းဝယ်မှုနှင့် စွမ်းအင် တင်သွင်းမှု အပေါ်တွင် များစွာ မှီခိုနေရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AP, From Kyodo, 10th July 2010

မြန်မာ စစ်အစိုးရသည် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီအား ပြုမူပုံများနှင့် ပတ်သက်၍ ထိပ်တိုက် ရင်ဆိုင်မှုများ မပြုလုပ်ပါက မြန်မာနိုင်ငံတွင် ပြုလုပ်မည့် ရွေးကောက်ပွဲ အပေါ် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများက လက်ခံကြလိမ့်မည် ဟု အများက မျှော်လင့်နေသည်။ ယခုနှစ် နှောင်းပိုင်းတွင် ဟနွိုင်းတွင် ကျင်းပမည့် ဝန်ကြီး အဆင့် အစည်းအဝေးတွင် ထုတ်ပြန်မည့် ကြေညာချက် မူကြမ်းအရ ထိုသို့ ကောက်ချက် ချထားခြင်း ဖြစ်သည်။

ကြေညာချက် မူကြမ်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား ရွေးကောက်ပွဲတွင် မပါဝင်နိုင်အောင် ပြုလုပ်ထားခြင်းနှင့် ပတ်သက်၍ သဘော မတူမှုများနှင့် ပတ်သက်၍ လုံးဝ ဖော်ပြထားခြင်း မရှိကြောင်း Kyodo News သို့ စနေနေ့က သတင်း ပေးပို့ခဲ့သည်။

အဖွဲ့ဝင် (၁၀) နိုင်ငံ ပါဝင်သော အရှေ့တောင် အာရှ အသင်းကြီး၏ နိုင်ငံခြားရေး ဝန်ကြီး အဆင့် အစည်းအဝေးကို ဇူလိုင်လ (၂၀) ရက်နေ့တွင် ဟနွိုင်းတွင် ကျင်းပမည် ဖြစ်ရာ၊ သမားရိုးကျ အတိုင်းပင် အဖွဲ့ဝင် နိုင်ငံများ၏ ပြည်တွင်းရေးကို လက်ရှောင်ရေး မူဝါဒကို ပြန်လည် ပြောကြလိမ့်ဦးမည် ဖြစ်သည်။

မြန်မာ ရွေးကောက်ပွဲသည် NLD အား ရွေးကောက်ပွဲတွင် မပါဝင်နိုင်အောင် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ထားခြင်း ဖြစ်ရာ NLD ကလည်း အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေများသည် ဖိနှိပ်မှုများနှင့် တရားမျှတမှု မရှိခြင်းတို့ကြောင့် ရွေးကောက်ပွဲတွင် ပါဝင်ရန် ငြင်းဆိုခဲ့သည်။

ASEAN ၏ ကြေညာချက် မူကြမ်းတွင် နိုင်ငံရေး ပါတီ အားလုံး ပါဝင်ပြီး လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ကျင်းပရေး အရေးကြီးပုံကိုသာ အလေးပေး ဖော်ပြထားပြီး၊ ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် တောင်းဆိုထားခြင်း မရှိပေ။

ကြေညာချက် မူကြမ်းတွင် မတ်လက မြောက်ကိုးရီးယားနှင့် ရေနယ်နိမိတ် ထိစပ်နေသော ရေပြင်တွင် တောင်ကိုးရီးယား စစ်သင်္ဘော နစ်မြုပ်မှုအား များစွာ ဝမ်းနည်းကြောင်း ဖော်ပြထားပြီး အေးအေးဆေးဆေး ဖြေရှင်းရန်နှင့် ပဋိပက္ခ အပေါ် ငြိမ်းချမ်းသော ဆုံးဖြတ်ချက်များ ချမှတ်ရန် တောင်းဆိုခဲ့သည်။

တောင်ကိုးရီးယား ခေါင်းဆောင်သော နိုင်ငံတကာ စုံစမ်း စစ်ဆေးရေးအဖွဲ့က မြောက်ကိုးရီးယား ရေငုပ်သင်္ဘော တော်ပီဒိုကြောင့် နစ်မြုပ်ခြင်း ဖြစ်ကြောင်း ကောက်ချက်ချခဲ့သည်။ မြောက်ကိုးရီးယားကမူ ပတ်သက်မှု မရှိကြောင်း ငြင်းဆိုခဲ့သည်။

ASEAN နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး၏ ကြေညာချက် မူကြမ်းတွင် တောင်ကိုးရီးယား သင်္ဘောသား (၄၆) ဦး သေဆုံးရသော တန် (၁၂၀၀) Cheonan သင်္ဘော နစ်မြုပ်မှုနှင့် ပတ်သက်၍ ပြုံးယမ်းအား လက်ညှိုးထိုး စွပ်စွဲထားခြင်း မရှိပေ။

ASEAN နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး၏ အရန် ဆွေးနွေးပွဲ အဖြစ် ဇူလိုင်လ (၂၃) ရက်နေ့တွင် ဒေသတွင်း လုံခြုံရေး အတွက် ASEAN Regional Forum ကလည်း ဥက္ကဋ္ဌ၏ ကြေညာချက် မူကြမ်းတွင် Cheonan  ကိစ္စအတွက် အလားတူ သဘောကိုပင် ဖော်ပြထားပြန်သည်။

ASEAN Regional Forum (ARF) တွင် ဂျပန်၊ တရုတ်၊ တောင်ကိုးရီးယား၊ မြောက်ကိုးရီးယားနှင့် အမေရိကန် ပြည်ထောင်စုတို့  တက်ရောက်မည် ဖြစ်ရာ Cheonan ကိစ္စနှင့် ပတ်သက်၍ ပူညံပူညံ ဖလှယ်မှုများ မြင်တွေ့ရဖွယ် ရှိပြီး၊ ARF တာဝန်ရှိသူများ အနေဖြင့် ကြေညာချက်တွင် လေသံ မပြင်းရန် ဖိအားများနှင့် ရင်ဆိုင်ရဖွယ် ရှိသည်ဟု ဆိုသည်။

ASEAN နိုင်ငံခြားရေး ဝန်ကြီးများ၏ ကြေညာချက်တွင် မြန်မာနိုင်ငံနှင့် ပတ်သက်၍ ဖော်ပြထားမှုများကို ကျော်လွန်၍ ARF ကြေညာချက် မူကြမ်းတွင် မြန်မာနိုင်ငံရှိ နိုင်ငံရေး အကျဉ်းသားများ အားလုံးကို လွှတ်ပေးရန် တောင်းဆိုမှုအား အလေးထားကြောင်း ဖော်ပြထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AFP, 11th July 2010

တောင်ကိုးရီးယားရှိ နိုင်ငံစုံတပ်ဖွဲ့များ၏ ကုလသမဂ္ဂ ကွပ်ကဲရေး အဖွဲ့သည် တောင်ကိုးရီးယား စစ်သင်္ဘော နစ်မြုပ်မှုနှင့် ပတ်သက်၍ စစ်ဖက် ဆွေးနွေးပွဲများ ပြုလုပ်လိုသော မြောက်ကိုးရီးယား၏ အဆိုပြုချက်ကို လက်ခံနိုင်ဖွယ် ရှိသည်ဟု တနင်္ဂနွေနေ့ သတင်းများက ဆိုသည်။

ချိုနန် စစ်သင်္ဘော နစ်မြုပ်မှုနှင့် ပတ်သက်သည့် ဗိုလ်ချုပ်ကြီး အဆင့် ဆွေေးနွးပွဲများ ပြင်ဆင်ရေးကို ဆွေးနွေးရန် ၂ ဖက် အဆင့်မြင့် အရာရှိများ ဇူလိုင် ၁၃ရက်တွင် တွေ့ဆုံလိုသည်ဟု မြောက်ကိုးရီးယားက သောကြာနေ့တွင် ကမ်းလှမ်းခဲ့ကြောင်း တောင်ကိုးရီးယား ယွန်ဟတ် သတင်းဋ္ဌာနက ကြေညာလိုက်သည်။

ကိုးရီးယား ကျွန်းဆွယ် အရှေ့ဖက် အငြင်းပွားရေပြင် အနီးတွင် ချိုနန် စစ်သင်္ဘော နှစ်မြှုပ်ခံရကာ ရေတပ်သား ၄၆ ဦး အသက် ဆုံးရှုံးခဲ့ရခြင်းအတွက် တောင်ကိုးရီးယား ဦးဆောင်သော နိုင်ငံစုံ စစ်ဆေးရေး အဖွဲ့က မြောက်ကိုးရီးယားကို အပြစ်တင်ခဲ့သည်။

နယ်စပ် ကျေးရွာ ပန်မွန်ဂျုံ တွင် ဗိုလ်မှူးကြီး အဆင့် ဆွေးနွေးပွဲများ ပြုလုပ်ရန် ကမ်းလှမ်းမှုသည် ဇွန်လ အတွင်းက အမေရိကန် ဦးဆောင်သော ကုလသမဂ္ဂ ကွပ်ကဲရေး ဋ္ဌာနက မြောက်ကိုးရီးယားထံ ကမ်းလှမ်းမှုများထဲမှ တစ်ခု ဖြစ်ပြီး ထိုစဉ်က ငြင်းပယ်ခဲ့သော ပြုံးယမ်းက ယခုမှ ပြန်လည် ကမ်းလှမ်းခြင်းသာ ဖြစ်သည်ဟု ယွန်ဟတ် သတင်းဋ္ဌာနက ပြောကြားခဲ့သည်။

"မြောက်ကိုးရီးယားနဲ့ ကုလသမဂ္ဂ ကွပ်ကဲရေး အဖွဲ့ တွေ့ဆုံမှု ပြုလုပ်တော့မယ့် အလားအလာ များနေပါတယ်'' ဟု တောင်ကိုးရီးယား ကာကွယ်ရေး ဋ္ဌာန အရာရှိကြီး တစ်ဦး၏ ပြောကြားမှုကို ယွန်ဟတ်က ဖော်ပြခဲ့သည်။

"လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို 'မြောက်ဖက်' က အဆိုပြုထားတဲ့ အတိုင်း ဇူလိုင် ၁၃ ရက် ဒါမှမဟုတ် ဒီထက် နောက်ပြီး ပြုလုပ်နိုင်ပါလိမ့်မယ်'' ဟုလည်း ဆိုသည်။

တောင်ကိုးရီးယား ကာကွယ်ရေး ဝန်ကြီးဋ္ဌာနကမူ အဆိုပါ သတင်းကို အတည်ပြုရန် ငြင်းဆိုခဲ့သည်။

ချိုနန်ကို တိုက်ခိုက်ခဲ့ခြင်း အတွက် တာဝန်ရှိမှုကို ပြုံးယမ်းက စိတ်ဆိုးမာန်ဆိုး ငြင်းပယ်ခဲ့ပြီး၊ လုံခြုံရေး ကောင်စီက သောကြာနေ့တွင် ထုတ်ပြန်ခဲ့သော ဆုံးဖြတ်ချက်တွင် "တိုက်ခိုက်မှု အတွက် တိုက်ရိုက် အပြစ်တင်မှုကို မပြုလုပ်နိုင်ခဲ့ခြင်း'' ကြောင့် မိမိတို့အတွက် "ကြီးကျယ်သော သံတမန်ရေးရာ အောင်ပွဲ'' အဖြစ် ဂုဏ်ပြု ကြိုဆိုသည်ဟု ပြောကြားခဲ့သည်။

တောင်ကိုးရီးယားနှင့် ၎င်း၏ မဟာမိတ် အမေရိကန် ပြည်ထောင်စု အပါအဝင် အခြားနိုင်ငံများစွာက သင်္ဘောနစ်မြုပ်မှု အတွက် မြောက်ကိုးရီးယားကို ပြင်းထန်စွာ အပြစ်တင်ရန် ကုလသမဂ္ဂအား တိုက်တွန်းခဲ့ကြသော်လည်း မြောက်ကိုးရီးယား၏ အဓိက မဟာမိတ် တရုတ်နိုင်ငံက ထိုသို့ မပြုလုပ်ရန် ဆန့်ကျင် ကန့်ကွက်ခဲ့သည်။

တောင်ကိုးရီးယား ကာကွယ်ရေး ဝန်ကြီးဋ္ဌာနက "ပင်လယ်ဝါတွင် အမေရိကန် ပြည်ထောင်စုနှင့် ပူးတွဲ ရေတပ်စစ်ရေး လေ့ကျင့်မှု ပြုလုပ်မည့်  အစီအစဉ်ကို တရုတ်နိုင်ငံ၏ ကန့်ကွက်မှုများ ရှိနေသော်လည်း ပြောင်းလဲမည် မဟုတ်'' ဟု ပြောကြားလိုက်သည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်နှင့် ကာကွယ်ရေး ဝန်ကြီး ရောဘတ်ဂိတ်စ် တို့သည် ဆိုးလ်တွင် ဇူလိုင်လ ၂၁ရက်၌ ကျင်းပမည့် ၂ နိုင်ငံ နိုင်ငံခြားရေးနှင့် ကာကွယ်ရေး ဝန်ကြီးများ၏ ပူးတွဲ အစည်းအဝေးကို တက်ရောက်ရန် စီစဉ်ထားကြသည်။

ကလင်တန်နှင့် ဂိတ်စ်သည် တောင်ကိုးရီးယား ရေတပ်သား ၄၆ ဦးကို ဂုဏ်ပြု အလေးပြုရန် အတွက် ဆိုးလ်မြို့ စစ်သင်္ချိုင်းသို့ သွားရောက်ကြလိမ့်မည်ဟု ကာကွယ်ရေး ဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့် ရှိသူက AFP သို့ ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

www.globalpolitician.com, By Saberi Roy, 10th July 2010

ဒေါ်အောင်ဆန်းစုကြည်အား အထိန်းသိမ်းခံ ကာလအတွင်း အမေရိကန် တစ်ဦးကို သူမ၏ အိမ်သို့ ဝင်ခွင့်ပြုမှုကြောင့် တရားစစ်ဆေး စီရင်ခဲ့ခြင်းသည် သူမနှင့် သူမ၏ ပါတီကို လာမည့် ရွေးကောက်ပွဲတွင် မပါဝင်နိုင်အောင် တားဆီးရန် ရည်ရွယ်သည့် ရိုးရှင်းလွန်းသော ဆင်ခြေတစ်ခုသာ ဖြစ်သည်။ အကယ်၍ သူမသာ အစိုးရနှင့် နောက်တစ်ကြိမ် ဆန့်ကျင် ယှဉ်ပြိုင်ရန် အခွင့်အရေး ရခဲ့မည် ဆိုပါက သူမ အောင်ပွဲရမည်မှာ သေချာသလောက် ဖြစ်နေသောကြောင့် သူမအား ရွေးကောက်ပွဲတွင် ပါဝင်ခွင့် မပေးရန် မြန်မာ အစိုးရက အသေအချာ ဆုံးဖြတ်ထားပုံ ရသည်။ အစိုးရသည် အကြံအဖန် ရွေးကောက်ပွဲ အောင်ပွဲကို အလိုရှိနေပြီး မြန်မာနိုင်ငံကို ၎င်းတို့ တရားဝင် အုပ်ချုပ်ပိုင်ခွင့် ရှိကြောင်းကို နိုင်ငံတကာနှင့် ဒီမိုကရေစီ လှုပ်ရှားသူ အားလုံးကို သက်သေ ပြချင်နေခြင်း ဖြစ်သည်။ မြန်မာ အစိုးရက စိစစ် တင်းကျပ်မှုကို အရှိန်မြှင့်နေကာ နိုင်ငံရေး ပါတီများမှာလည်း ရွေးကောက်ပွဲ အတွက် မဲဆွယ်ရန် အလံ ဝှေ့ယမ်းခွင့်၊ စုဝေးခွင့်တို့ပင် မရရှိသောကြောင့် SPDC အစိုးရ အဆိုပြုထားသော ဒီမိုကရေစီ လမ်းညွှန်မြေပုံမှာ ယခုတိုင် လမ်းကြောင်း မသဲကွဲသေးပါ။ ဤသည်မှာ နိုင်ငံတကာ ဆန့်ကျင် ကန့်ကွက်မှုများ ဆက်လက် မပေါ်ပေါက်စေရန် အတွက် စစ်ဖက် အစိုးရက တိုင်းပြည်ကို ဒီမိုကရေစီ အခွံအတွင်းမှ ဆက်လက် အုပ်ချုပ်ရန် မျှော်လင့်နေသည်ဟု ထင်ရှားနေသည်။

ဒီမိုကရေစီ၏ အနှစ်သာရမှာ လွတ်လပ်မှုနှင့် တရားမျှတမှု ဖြစ်သော်လည်း ပြည်သူတို့၏ အမှန်တကယ် အာဏာ အပ်နှင်းမှု ဖြစ်သော မြန်မာ ရွေးကောက်ပွဲများမှာမူ လုပ်ကြံ ဖန်တီးကာ ဒီမိုကရေစီကို ကန့်သတ်မည့် လက္ခဏာများ ရှိနေသည်။ စစ်ဖက် အစိုးရက စစ်အုပ်ချုပ်ရေးကို ဒီမိုကရေစီ ပုံစံတစ်မျိုးဖြင့် အစားထိုးမည်ဟု အဆိုပြုကာ ရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင်မှုနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်ကို တရားစစ်ဆေး စီရင်ခြင်း ကဲ့သို့သော ကိစ္စများသည် နောက်ထပ် နိုင်ငံရေး လှည့်ဖြားမှု အစီအစဉ်တစ်ခု ဖြစ်ဖွယ် ရှိသည်။ အတုအယောင် တစ်ခု ဖြစ်ကြောင်း ထင်ရှားနေသော ဒီမိုကရေစီသည် ရန်လို ဖိနှိပ်သော စစ်အုပ်ချုပ်ရေးထက် ပိုမိုကောင်းမွန်သည့် နိုင်ငံရေး အလားအလာများ ရှိနေသော်လည်း မတရား ကြိုးကိုင် အနိုင်ယူမည့် ရွေးကောက်ပွဲများ ဖြစ်သောကြောင့် နိုင်ငံရေး စည်းကမ်း ကျင့်ဝတ် အပေါ် အခြေခံသည့် ပဋိပက္ခ အမျိုးမျိုးနှင့် မြန်မာနိုင်ငံကို နာမည်ပျက်စေမည့် လူ့အခွင့်အရေး ကိစ္စ ပြဿနာများကို ဖြစ်ပေါ်စေမည့် ကံကြမ္မာ ရှိနေသည်။

ဒီမိုကရေစီ အုပ်ချုပ်ရေး စနစ်တွင် အားသာချက်များ ရှိနေသဖြင့် စစ်ဖက် အစိုးရ အတွက် နိုင်ငံရေးအရ တရားဝင်မှု ပိုမို ရရှိလာနိုင်သလို လူမှုလှုပ်ရှားသူများ အတွက်လည်း မြန်မာနိုင်ငံ၏ လူမှုရေးနှင့် နိုင်ငံရေး လောကတွင် ပါဝင်မှု မြင့်မားလာခြင်း ဖြစ်သင့်သည်။ မြန်မာ အစိုးရ အပေါ် ဆိုးကျိုးပေးနိုင်ဆဲ အချက်မှာ အကယ်၍ ရွေးကောက်ပွဲများကို ကြိုးကိုင် ခြယ်လှယ်ခဲ့ပါက (သို့မဟုတ်) လွတ်လပ်ခွင့်နှင့် အများအကျိုး သယ်ပိုး လှုပ်ရှားမှုများကို ချုပ်ခြယ် တင်းကြပ်သည့် နည်းလမ်းများကို ပြောင်းလဲနိုင်ခြင်း မရှိပါက ဒီမိုကရေစီ၏ အနှစ်သာရနှင့် ဆန့်ကျင်သွားမည် ဖြစ်ကာ ကျင့်ဝတ်ဆိုင်ရာ အငြင်းပွားမှုများနှင့် အစိုးရ အပေါ် တကမ္ဘာလုံးက ပိုမို စိတ်ဆိုးမှုတို့ကို ဖြစ်ပေါ်စေနိုင်ခြင်းပင် ဖြစ်သည်။ ဒီမိုကရေစီ စစ်ဖက် အုပ်ချုပ်ရေး ဆိုသည်မှာ မြန်မာနိုင်ငံ အနေဖြင့် မည်သည့် လူမှုရေး ပြောင်းလဲ တိုးတက်မှုမှ မရှိဘဲ နောက်တစ်ကြိမ် နောက်ဆုတ်သွားဦးမည်ဟု ဆိုလိုဖွယ် ရှိသည်။

နိုင်ငံတကာ မီဒီယာများနှင့် လူ့အခွင့်အရေး အဖွဲ့အစည်းများမှ ရွေးကောက်ပွဲ လုပ်ငန်းစဉ် တခုလုံးကို မှန်ကန် တိကျစွာ မှတ်တမ်းတင်ခြင်း၊ ရွေးကောက်ပွဲများကို အနီးကပ် စောင့်ကြည့် လေ့လာခြင်းများ နှင့်အတူ နိုင်ငံရေး ပါတီအားလုံး နိုင်ငံရေးအရ ပိုမို ပွင့်လင်းစွာ ပါဝင်နိုင်မှုသည် အပြည့်အဝ လိုအပ်နေသော အရာ ဖြစ်သည်။ စစ်ဖက် အစိုးရသည် ဒီမိုကရေစီ အင်္ကျီဆန်းဆန်းကို ဝတ်ဆင်ကာ ယခင်အတိုင်း အာဏာရှင် အုပ်ချုပ်ရေးကို ဆက်လက် ကျင့်သုံးသွားရန် မျှော်လင့်ထားပြီး ဖြစ်သည် ဟူသော အချက်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား နိုင်ငံရေးသမားများကို ပိတ်ပင်ထားခဲ့သော တင်းကျပ် ချုပ်ချယ်မှုများက မီးမောင်း ထိုးပြနေသည်မှာ မှန်ကန်သည်။ နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့်လည်း မြန်မာနိုင်ငံ၏ လာမည့် ရွေးကောက်ပွဲများကို သတိထားရမည် ဖြစ်ပြီး အလွန်အမင်း အချိန်မနှောင်းမီတွင် စစ်အစိုးရ၏ နည်းဗျူဟာများကို လေ့လာ စိတ်ဖြာခြင်းနှင့် တင်းကြပ်စွာ စောင့်ကြည့် လေ့လာခြင်းတို့ကို ပြုလုပ်ရမည် ဖြစ်သည်။

ရွေးကောက်ပွဲများ အတွက် တိကျ သေချာသော အစီအစဉ် မရှိခြင်းမှာ သီးခြား ကိစ္စတစ်ခု ဖြစ်သည်။ နိုင်ငံတကာ အသိုင်းအဝိုင်းသည် စစ်ဖက် အစိုးရအား တိကျ သေချာသော အစီအစဉ်နှင့် လုပ်ငန်းစဉ် ထားရှိရန် ဖိအားပေးရမည်။ မည်သို့ပင်ဖြစ်စေ၊ ယခုနှစ် မကုန်မီ အလားအလာ ရှိသော ပြောင်ကျကျ ကြိုးကိုင် ခြယ်လှယ်မှုများ အပြီးတွင် ရွေးကောက်ပွဲများ ပြီးဆုံးသွားမည်မှာ သေချာသည်။ ထိုအချိန်မှ ပြစ်ဒဏ်ဘော ပေးရန် ငိုယို တောင်းဆိုနေပါက အလွန် နောက်ကျ သွားလိမ့်မည်။ စစ်ဖက် အစိုးရ အာဏာ ဆက်လက် ချုပ်ကိုင်နိုင်စေမည့် အနေအထားနှင့် ဖြစ်နိုင်ချေ ရှိသော အစီအစဉ်များကို Amnesty International နှင့် အခြား လူ့အခွင့်အရေး အဖွဲ့များက စောင့်ကြည့် လေ့လာမှု စတင်ရန် လုံးဝ လိုအပ်နေသည်။ မြန်မာ စစ်ဖက် အစိုးရ၏ တိုက်ရိုက် (သို့) ပါးနပ်သည့် မည်သည့် ဖိအား ပေးမှုကိုမဆို နိုင်ငံတကာ အသိုင်းအဝိုင်းက စိစစ် သိရှိရမည် ဖြစ်သလို နိုင်ငံတကာ သတင်းထောက်များလည်း ပိုမို ရောက်ရှိနေသင့်သည်။ လူ့အခွင့်အရေး လှုပ်ရှားသူများ အနေဖြင့်လည်း လွတ်လပ် မျှတ၍ စစ်မှန်သော ဒီမိုကရေစီ ရွေးကောက်ပွဲ ဖြစ်ကြောင်းနှင့် အစိုးရ လိုလားသော ကိုယ်စားလှယ်လောင်းများအား မဲပေးရန် ပြည်သူတို့ အပေါ် ဖိအားပေးခြင်း မရှိကြောင်း သေချာအောင် ပြုလုပ်ကြရမည်။

မြန်မာ ပြည်သူတို့ အပေါ် မြန်မာ အစိုးရ၏ ပြုမူ လုပ်ဆောင်ပုံများတွင် အစစ်အမှန် ဟူသော စကားလုံးကို ထည့်သွင်း၍ မရနိုင်ပါ။ ထို့ကြောင့် မြန်မာ ပြည်သူများသည် မှန်ကန်သော ဆုံးဖြတ်ချက် ချကာ ဒီမိုကရေစီ အစစ်အမှန်ကို မဲပေးခြင်းဖြင့် စစ်အုပ်ချုပ်ရေးကို ဖြုတ်ချရာတွင် ကူညီကြလိမ့်မည်ဟု မျှော်လင့်ရသည်။ သို့သော်လည်း နိုင်ငံရေးပါတီများ အပေါ် ပြင်းပြင်းထန်ထန် တင်းကြပ် ချုပ်ချယ်မှုများ ပြုလုပ်နေကြောင်း သတင်းများ ကြားသိရသည့် အတွက် အထက်ပါအတိုင်း မျှော်လင့်ထားမှုများမှာ အလားအလာ နည်းပြီး ရွေးကောက်ပွဲများမှာလည်း မမျှတမည့် အလားအလာ များနေသည်။ ရွေးကောက်ပွဲများကို မတရား ကြိုးကိုင် ချယ်လှယ်မည့် အလားအလာများ နေစေကာမူ တိုင်းပြည်တွင် ဒီမိုကရေစီ ဖြည်းညှင်းစွာ ပြောင်းလဲမှု စတင်ခြင်း လက္ခဏာ ဖြစ်နိုင်သည်ဟု အကဲခတ် လေ့လာသူ အချို့က တင်ပြနေသော်လည်း စစ်အုပ်ချုပ်ရေးကို ဒီမိုကရေစီ အဖြစ် ပုံဖျက် ဟန်ဆောင်ခြင်းလောက် ဆိုးသည့် အရာ မရှိတော့ပါ။

သတိပြုစရာ တစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရခဲ့သော်လည်း စစ်ဖက် အစိုးရက လုံးဝ အသိအမှတ် မပြုခဲ့ခြင်း ဖြစ်သည်။ NLD ပါတီသည် ၂၀၁၀ ရွေးကောက်ပွဲများသို့ ပါဝင်ခွင့် မရမီ အခြေအနေ များစွာကို ချမှတ် ပြင်ဆင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးရန် အခြေခံ ဥပဒေကို ပြင်ဆင်ရန် တပ်မတော်၏ လွှမ်းမိုးမှု လျှော့ချရန် လွတ်လပ် မျှတသော ရွေးကောက်ပွဲများ ဖြစ်ရန် အတွက် နိုင်ငံတကာ ကြီးကြပ်မှုနှင့် စောင့်ကြည့် လေ့လာမှုကို ပိုမို ခွင့်ပြုရန် တောင်းဆိုခဲ့သည်။ မြန်မာ စစ်အစိုးရ အနေဖြင့် စစ်မှန်သော ဒီမိုကရေစီကို အမှန်တကယ် လိုလားကြောင်း ကမ္ဘာကို ပြသလိုပါက အထက်ပါ တောင်းဆိုချက်များကို ဖြည့်ဆည်းပေးရမည် ဖြစ်သည်။

နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးခြင်း မရှိပါက ဒီမိုကရေစီ ဆိတ်သုဉ်းမည့် အလားအလာသာ များနေသည်။ မဲဆွယ် စည်းရုံးခြင်းမှ စကာ မဲရေတွက်ခြင်း၊ နောက်ဆုံးအဆင့် ဒီမိုကရေစီ အစိုးရ ဖွဲ့စည်းခြင်းအထိ ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကို နိုင်ငံတကာက အဆက်မပြတ် ကြီးကြပ်ရေးသည် မရှိမဖြစ် လိုအပ်ချက် တစ်ရပ် ဖြစ်သည်။

နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် အချိန်မနှောင်းမီ စစ်အစိုးရကို တိကျသော ရွေးကောက်ပွဲ အစီအစဉ်များ ချမှတ် ထုတ်ပြန်ရန် ဖိအားပေးကာ ယခုပင် စတင် လှုပ်ရှားကြရမည်။ Amnesty International ကုလသမဂ္ဂနှင့် အခြား လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့များ အနေဖြင့် မြန်မာနိုင်ငံတွင် ယခုထက် ပိုမို၍ တက်ကြွစွာ လှုပ်ရှားကြရမည်။ မြန်မာနိုင်ငံ၏ လာမည့် ရွေးကောက်ပွဲများသည် စစ်တပ်၏ အကျိုးစီးပွားကို ကာကွယ်ပေးသည့် ကရိယာတစ်ခု ဖြစ်လာနေခြင်းထက် မြန်မာ ပြည်သူများ၏ အကျိုးစီးပွားကို ဖြည့်ဆည်းပေးသော၊ စစ်မှန်သော ဒီမိုကရေစီကို ဆောင်ယူပေးသော အစစ်အမှန် တစ်ခု ဖြစ်ကြောင်း သေချာအောင် နိုင်ငံတကာ အဖွဲ့အစည်းများက ပြုလုပ်ရမည် ဖြစ်သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.