Transparency Myanmar

transparency.myanmar@gmail.com

Xinhua News, 17th July 2010

မြန်မာ အာဏာပိုင်များသည် ယခုနှစ် ဇွန်လ အတွင်း မူးယစ် ဆေးဝါး ဆက်စပ် အမှုတွဲ ၁၈၉ ခုကို ဖော်ထုတ်နိုင်ခဲ့ပြီး အမျိုးသမီး ၇၃ ဦး အပါအဝင် အပြစ်ရှိသူ တရားခံ ၃၁၇ ဦးကို အရေးယူ အပြစ်ပေးခဲ့ကြောင်း မူးယစ် နှိမ်နှင်းရေး အာဏာပိုင်များ စနေနေ့က ထုတ်ပြန်သည့် လစဉ် ကိန်းဂဏန်းများ အရ သိရှိရသည်။

အမှုတွဲများတွင် စိတ်ကြွဆေးပြား အမှုတွဲ ၅၈ ခုက အများဆုံး ဖြစ်ပြီး ဘိန်းဖြူ အမှု ၄၆ မှု၊ ဘိန်း ၃၄ မှုနှင့် ဆေးခြောက် ၁၃ မှု တို့အသီးသီး ပါဝင်သည် ဟု ဆိုသည်။

ဇွန်လ အတွင်း ကိန်း ၂၃.၃ ကီလိုဂရမ်၊ ဘိန်းဖြူ ၁.၁ ကီလိုဂရမ်၊ ဆေးခြောက် ၂.၈ ကီလိုဂရမ် နှင့် စိတ်ကြွ ဆေးပြား ၁၇၆ ၅၀၂ ပြားကို အာဏာပိုင်များက သိမ်းဆည်း ရမိခဲ့သည်ဟု သတင်းများတွင် ဖော်ပြသည်။

ယခင်က မေလအတွင်း မြန်မာနိုင်ငံ၌ မူးယစ်ဆေးဝါး အမှုတွဲ ၂၃၇ မှု ဖော်ထုတ်နိုင်ခဲ့ပြီး အမျိုးသမီး ၈၅ ဦး အပါအဝင် တရားခံ ၃၉၅ ဦးကို အရေးယူ အပြစ်ပေးခဲ့သည်ဟုလည်း သိရှိရသည်။

မြန်မာနိုင်ငံသည် ဘိန်းစိုက်ပျိုးမှု လုံးဝ ပပျောက်ရန် ၁၉၉၉ မှ ၂၀၁၄ အထိ ၅ နှစ် စီမံကိန်း ၃ ဆင့်ဖြင့် ၁၅ နှစ် စီမံကိန်း ရေးဆွဲ အကောင်အထည် ဖော်ခဲ့ရာ ယခုအခါ စီမံကိန်း၏ နောက်ဆုံး ၅ နှစ် ကာလသို့ ဝင်ရောက်နေပြီ ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

IPS, 21st June 2010

ဇွန်လ၏ မုတ်သုံ မိုးရေစက်များ နှင့်အတူ တိုက်တိုက်ဆိုင်ဆိုင် စာသင်နှစ် တစ်ခု စတင်ခြင်းသည် နှစ်စဉ် ထုံးစံ တစ်ခုပင် ဖြစ်သည်။ ယခု တစ်ကြိမ် ကျောင်းများ ဖွင့်ချိန်တွင်လည်း စစ်ဖက် အုပ်ချုပ်သော မြန်မာနိုင်ငံမှ မိဘပြည်သူများမှာ အများသင် အစိုးရ စာသင်ကျောင်းများရှိ ၎င်းတို့၏ ကလေးများ အတွက် မူလတန်း ပညာရေး ကုန်ကျစရိတ်ကို တွက်ချက် ပူပန်လျက် ရှိကြသည်။

အရှေ့တောင် အာရှ မြန်မာနိုင်ငံတွင် မူလတန်း ပညာရေးသည် အခမဲ့ မသင်မနေရ ပညာရေး ဖြစ်သည်ဟု အခိုင်အမာ ဆိုထားသော ဥပဒေများ ရှိထားသော်လည်း စီးပွားရေး ခေါင်းကိုက်နေသော မိဘများမှာ နှစ်တစ်နှစ်၏ ယခုအချိန်ကို ကိုယ့်အားကိုယ်ကိုး ကိုင်တွယ်သွားရန် မှတပါး အခြားမရှိ ဟု မြို့တော်ဟောင်း ရန်ကုန်မှ အမည် မဖော်လိုသူ မိဘတစ်ဦးက ပြောကြားခဲ့သည်။

နိုင်ငံပိုင် စာသင်ကျောင်းများတွင် ကလေးများအား ကျောင်းအပ်နှံစဉ် မိဘများအား ရန်ပုံငွေ ကောက်ခံသည့် ကျောင်းများအား အရေးယူမည် ဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ခဲ့ပြီးသည့် တိုင်အောင် ကျန်ရှိနေဆဲ အကျင့်များကြောင့် ဝန်ထုပ်ဝန်ပိုး ဖြစ်နေသည်ဟု အဆိုပါ ကျောင်းသား မိဘက ပြောသည်။

"စာသင်ကျောင်း အများစုက မူလတန်း ကျောင်းသား မိဘတွေဆီက အဆောက်အဦး ထိန်းသိမ်းစရိတ်၊ ပရိဘောဂကြေးနဲ့ စာအုပ်ဖိုးတွေ ရဖို့ မျှော်လင့်ထားကြတာပါ၊ ကျောင်းဖွင့်စ ပထမဆုံးလကတော့ ကျောင်းသားမိဘတွေ အတွက် ကုန်ကျစရိတ် အများဆုံးပါ၊ တစ်နှစ်စာ အလှူငွေ ပေးကြရလို့ပါ'' ဟု ချင်းမိုင် အခြေစိုက် NGO အဖွဲ့ Human Rights Education Institute of Burma မှ ညွှန်ကြားရေးမှူး အောင်မျိုးမင်းက အတည်ပြု ပြောကြားသည်။

အစိုးရ ကတိပြုထားသော အခမဲ့ ပညာရေး စနစ်အတွက် ယခုကဲ့သို့ အလှူငွေ ကောက်ခံမှုသည် တစ်နှစ်စာ အတွက် ကျပ်တစ်သိန်း (ဒေါ်လာ ၁၀၀) ခန့် အထိ ရှိသည်ဟု ၎င်းက ခန့်မှန်းသည်။ "မတတ်နိုင်တဲ့ မိသားစု အတွက်တော့ သိပ်များတဲ့ ပမာဏပါ၊ လစာငွေ ၂ သိန်းကျပ် (ဒေါ်လာ ၂၀၀) လောက်ရတဲ့ မြန်မာ လူလတ်တန်းစား အရာရှိ တစ်ယောက်ရဲ့ တစ်လစာ လခကို တဝက်လောက် ကုန်သွားနိုင်ပါတယ်'' ဟု ၎င်းက ဆိုသည်။

မြန်မာ ပညာရေးစနစ် အတွက် ပူပန်ရသော ကုန်ကျစရိတ်မှာ ဤမျှ မကသေးပါ။ အစိုးရ ပံ့ပိုးသော ပညာရေး စနစ်တွင် အလယ်တန်း ပညာရေး တက်ရောက်သင်ကြားမည့် ကျောင်းသား တစ်ယောက် အတွက် ကျောင်းဖွင့်ချိန်၌ တစ်နှစ်စာ အလှူငွေ ကျပ် ၂သိန်း (ဒေါ်လာ ၂၀၀) ခန့် ပေးရန် မိဘများက မျှော်လင့်ထားရလိမ့်မည် ဖြစ်သည်။

"အတန်းကြီးလာလေ၊ ပိုက်ဆံ ပိုပေးရလေပါပဲ၊ ကုန်ကျစရိတ် အလှူခံမှု ပုံစံကတော့ မူလတန်း ကျောင်းတွေနဲ့ အတူတူပါပဲ၊ အဆောက်အဦး၊ ပရိဘောဂ၊ စာအုပ်ဖိုး စသဖြင့်ပေါ့" ဟု ကျောင်းသားမိဘ တစ်ဦးက ဆိုသည်။

ရန်ကုန်၊ မန္တလေး စသော မြို့ကြီးများမှာ ကျောင်းသား မိဘများ အခြေခံ ပညာရေး ကုန်ကျစရိတ်များ ဖြင့် နပန်းလုံးနေရသည့် အချိန်တွင် မြန်မာနိုင်ငံ၏ လူဦးရေ ပမာဏများသည့် ရှမ်းနှင့် ကရင်ကဲ့သို့သော တိုင်းရင်းသား လူမျိုးများ နေထိုင်ရာ ဝေးလံ ခေါင်ဖျား ဒေသများတွင် အခြေအနေ ဆိုးဝါးလျက် ရှိသည်။

မြန်မာစစ်တပ်နှင့် တိုင်းရင်းသား သူပုန်များ အကြားမှ ဆယ်စုနှစ် များစွာကြာ ပဋိပက္ခများကြောင့် တိုင်းရင်းသား ကလေးငယ်များ ပညာ သင်ကြားရေး ဆိုင်ရာ ရင်းမြစ်များ ပျက်စီးခဲ့ရသည်ဟု ထိုင်းနိုင်ငံရောက် မြန်မာ အမျိုးသမီးများ အခွင့်အရေး လှုပ်ရားသူ တစ်ဦးက ပြောကြားသည်။

"ကျေးရွာ စာသင်ကျောင်းတွေမှာ အရည်အချင်းပြည့် သင်ကြားရေး ဝန်ထမ်း အနည်းငယ်ပဲ ရှိတယ်၊ ဒီတော့ ကလေးတွေကို ကျောင်းကောင်းကောင်းကို ပို့ရတဲ့ အတွက် မိဘတွေ ပိုက်ဆံ ပိုကုန်ပါတယ်'' ဟု ချင်းမိုင် အခြေစိုက် Women's League of Burma မှ အထွေထွေ အတွင်းရေးမှူး လွယ်အေးနန်းက ဆိုသည်။ "အလယ်တန်း ကျောင်းသားတွေ အတွက် ကျူရှင် လိုအပ်ပါတယ်၊ မိဘတွေ ကုန်ကျစရိတ် ပိုများပြီပေါ့'' ဟု သူမက ပြောကြားသည်။

အကျိုးဆက်အားဖြင့် အိမ်ထောင်စုများတွင် ကျောင်းစရိတ်နှင့် ပတ်သက်၍ ဆုံးဖြတ်ချက်ချသည့် အခါ မိန်းကလေးများက တန်ဖိုးကြီးကြီး ပေးဆပ်နေရခြင်းသည် Women's League of Burma WLB ကဲ့သို့သော လူ့အခွင့်အရေး အဖွဲ့များကို စိုးရိမ်သောက ရောက်စေသည်။ "မြို့ပေါ်မှာ ဖြစ်စေ၊ နယ်မှာဖြစ်စေ ဖြစ်နိုင်ခြေ ရှိတဲ့ ထုံးစံကြီး တစ်ခုကတော့ မိဘတွေဟာာ ယောက်ျားလေးတွေကို ကျောင်းဆက်ထားပြီး မိန်းကလေးတွေကို ကျောင်းထုတ်တာပါပဲ၊ ကျောင်းစရိတ်က အကန့်အသတ် ရှိနေပြီ ဆိုရင် မိန်းကလေးတွေ ကျောင်းဆက်တက်ဖို့ မိသားစုဝင်တွေက အားမပေးကြပါဘူး'' ဟု လွယ်အေးနန်းက IPS သို့ ပြောကြားခဲ့သည်။

သက္ကရာဇ် ၂၀၀၀ ကုလသမဂ္ဂ ညီလာခံတွင် နိုင်ငံတကာ ခေါင်းဆောင်များ ချမှတ်ထားသော ပညာရေးနှင့် ကျား၊မ မခွဲခြားရေး ရည်မှန်းချက်များကို မြန်မာနိုင်ငံက ပြည့်မီအောင် ဆောင်ရွက်ရမည့် ကိစ္စကို အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူများ ကျယ်ကျယ်လောင်လောင် ပြောဆိုနေခြင်းမှာ အံ့သြစရာ မရှိလှပါ။ ထိုနှစ် ညီလာခံတွင် ကုလသမဂ္ဂ အဖွဲ့ကြီးက ၂၀၁၅ အမှီ ပြီးမြောက်ရမည့် အချိန်ကိုက် ရည်မှန်းချက် ၈ ခု ပါဝင်သည့် ထောင်စုနှစ် ဖွံ့ဖြိုးရေး ပန်းတိုင်များ (MDGs) ကို ချမှတ်ခဲ့ခြင်းကြောင့် ဖြစ်သည်။

အဆုံးစွန် ဆင်းရဲတွင်း နက်နေသူများ အရေအတွက် လျှော့ချရေး HIV/ AIDS ၊ ငှက်ဖျား၊ အဆုတ် တီဘီရောဂါ စသော လူသတ် ရောဂါများ တိုက်ဖျက်ရေး စသော ရည်မှန်းချက်များ အပြင် ကျား/မ မခွဲခြားရေးနှင့် အမျိုးသမီးများ၏ အခွင့်အရေး အပါအဝင် ကမ္ဘာလုံးကျွတ် အခြေခံ ပညာ တတ်မြောက်ရေးတို့ကို ၂၀၁၅ နောက်ဆုံးထား၍ ပြီးမြောက် အောင်မြင်အောင် အကောင်အထည် ဖော်ရန် ကမ္ဘာ့ခေါင်းဆောင်များက သဘောတူခဲ့ကြသည်။

မြန်မာနိုင်ငံတွင် လုပ်ကိုင်နေသော ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းများက ၎င်းနိုင်ငံ၏ ထောင်စုနှစ် MDG ပညာရေး ရည်မှန်းချက် ပြည့်မီနိုင်လိမ့်မည်ဟု ပို၍ မျှော်လင့်နေကြသည်။ "မြန်မာနိုင်ငံရဲ့ မူလတန်း ၏ပညာရေး စုစုပေါင်း ကျောင်းအပ်လက်ခံမှု နှုန်းက ၈၄ % ရှိတယ်လို့ ပညာရေး ဝန်ကြီး ဋ္ဌာနနဲ့ ကုလသမဂ္ဂ နောက်ဆုံးရ ကိန်းဂဏန်းတွေ အရ သိရပါတယ်" ဟု မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ ကလေးများ ရံပုံငွေ အဖွဲ့၏ ပြောရေးဆိုခွင့် ရှိသူ Zafrin Chowdhury က ပြောကြားသည်။ "MDG ကျား/မ တန်းတူညီမျှရေး ရည်မှန်းချက် အောင်မြင်ဖို့ မြန်မာနိုင်ငံဟာ လမ်းမှန်ပေါ် ရောက်နေတယ်။ အချိုးကတော့ ယောကျာင်္းလေး ၁၀၀: မိန်းကလေး ၉၈ ပါ" ဟု ၎င်းက ဆိုသည်။

ယခု တိုးတက်မှုကို ကျောင်းဆက်လက် အပ်နှံမှုနှုန်းဖြင့် စစ်ဆေးခြင်း ဖြစ်သည်ဟု သူမက အီးမေးလ် အင်တာဗျူးတွင် ပြောကြားသည်။ "အခြေခံ မူလတန်း ပညာရေး MDG ရည်မှန်းချက် ပြည့်မီဖို့က 'ကျောင်းပြီးမှု' (မူလတန်း အောင်မြင်မှု) နှုန်းပေါ်မှာ တည်မှီနေတယ်၊ လောလောဆယ်မှာတော့ ကျောင်းအပ် လက်ခံတဲ့ နှုန်းလောက် မများသေးပါဘူး" ဟု သူမက ဆိုသည်။

သို့သော်လည်း မြန်မာနိုင်ငံသည် ၁၉၄၈ ဗြိတိသျှ ကိုလိုနီ အုပ်စိုးမှု အပြီးတွင် ဒေသတွင်း နိုင်ငံများ အကြား၌ စာတတ်မြောက်မှု နှုန်းထား အမြင့်ဆုံးဖြင့် ကျော်ကြားခဲ့သော သမိုင်း ရှိခဲ့ဖူးပေရာ ပညာရေး အခွင့်အရေး လှုပ်ရှားသူများအား  လက်ရှိ အနေအထား အဆင့်လောက်ဖြင့် စည်းရုံး ဆွဲဆောင်၍ မရပါ၊ မြန်မာနိုင်ငံသည် ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်းတွင်မူ ဖွံ့ဖြိုးမှု အနိမ့်ဆုံး နိုင်ငံအဖြစ်သို့ အဆင့် လျှောကျသွားခဲ့ခြင်း ဖြစ်သည်။

ပညာရေး ကဏ္ဍ အပေါ် အစိုးရ လတ်တလော ကတိပေးမှုကို တိုင်းပြည်တွင်း ပြည်သူ့ အသုံးစရိတ် စာရင်းများအရ ဆိုလျှင် ထင်ယောင်ထင်မှား ဖြစ်စရာ ရှိသည်။ စစ်ဖက် အုပ်ချုပ်သူများသည် ထိုင်းနိုင်ငံသို့ သဘာဝ ဓါတ်ငွေ့ ရောင်းချမှုမှ ပွပေါက် တိုးလျက် ရှိကာ ၂၀၀၀ မှ ၂၀၀၈ အတွင်း ဓါတ်ငွေ့ ရောင်းချမှု ဝင်ငွေ အမေရိကန် ဒေါ်လာ ၈ ဘီလျံ ရရှိခဲ့သည်ဟု သိရှိရသည်။

တစ်ချိန်တည်းတွင် စစ်ဖက် အစိုးရသည် ၎င်း၏ အင်အား ၄ သိန်းခွဲ တပ်မတော် အတွက် လစာပေးရန် နိုင်ငံတော် ဘတ်ဂျက်၏ ၄၀ % မှ ၆၀ % အထိ သုံးစွဲနေသည်။ ယခုအချိန် အထိ ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍ အတွက် သုံးစွဲမှုမှာ နိုင်ငံတော် ဘတ်ဂျက်၏ ၀.၅ % နှင့် ၀.၄ % မျှသာ ရှိသည်ဟု လန်ဒန် အခြေစိုက် မဟာဗျူဟာ လေ့လာရေး ဆိုင်ရာ နိုင်ငံတကာ ဋ္ဌာန၏ အစီရင်ခံစာတွင် သိရှိရသည်။

"အခြေခံ ပညာရေး MDG ရည်မှန်းချက်ကို မြန်မာနိုင်ငံက အောင်မြင်အောင် ဆောင်ရွက်နိုင်လိမ့်မယ်လို့ နိုင်ငံတွင်းက ကုလသမဂ္ဂ အရာရှိတွေက ယုံကြည်နေကြတယ် ဆိုရင်တောင် ကျွန်တော်ကတော့ မမျှော်လင့်ပါဘူး" ဟု HREIB မှ အောင်မျိုးမင်းက သုံးသပ်သည်။ "ကျောင်းသား မိဘတွေ အလှူငွေ ပုံစံနဲ့ ပေးနေရတဲ့ ပိုက်ဆံထက် ပိုများတဲ့ ပမာဏကို ကျောင်းတွေ အတွက် သုံးစွဲမယ်လို့ အစိုးရက တကယ်လို့များ ကတိပေးခဲ့ရင်တော့ တစ်မျိုးပေါ့လေ'' ဟု ၎င်းက ပြောဆိုခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ပြီးခဲ့သည့် ဧပြီလက ပြဋ္ဌာန်းခဲ့သော နိုင်ငံတော် အရေးပေါ် အခြေအနေ အမိန့်ကို ထိုင်းအစိုးရ အနေဖြင့် ပြန်လည် ရုပ်သိမ်းရန် အမေရိကန် ပြည်ထောင်စု၏ ထိပ်တန်း သံတမန်က တိုက်တွန်း ပြောဆိုလိုက်သည်။

အဆိုပါ နိုင်ငံတော် အရေးပေါ် အခြေအနေ အမိန့်သည် မတည်မငြိမ်မှုများကို ထိန်းချုပ်ရန် လိုအပ်သည်ဟု ထိုင်းအစိုးရ အာဏာပိုင်များက ပြောဆိုသော်လည်း လေ့လာ သုံးသပ်သူများက ယင်းအမိန့်သည် အစိုးရ အတိုက်အခံများ အသံတိတ် ငြိမ်ဝပ် ပိပြားစေရန် ဖြစ်ပြီး လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို ကန့်သတ် ချုပ်ခြယ်ရာ ရောက်သည်ဟု ဆိုသည်။

ထိုင်းအစိုးရ အနေဖြင့် အိမ်နီးချင်း မြန်မာနိုင်ငံတွင်း ယုံကြည် စိတ်ချရသော ရွေးကောက်ပွဲ တစ်ရပ် ထွက်ပေါ်လာစေရန် ဖိအား ပေးသင့်ကြောင်းလည်း အဆိုပါ အမေရိကန် သံတမန် Bill Burns က တိုက်တွန်းလိုက်သည်။

ထိုင်းနိုင်ငံ အရေးပေါ် အခြေအနေ အမိန့်သည် ဖြစ်နိုင်လျှင် အမြန်ဆုံး ရုပ်သိမ်းသင့်နေပြီ ဖြစ်သည်ဟု ထိုင်းအစိုးရ အရာရှိကြီးများကို ပြောဆိုထားကြောင်း ၎င်းက ဆိုသည်။ အရေးပေါ် အခြေအနေ အမိန့် ဟူသည် အစိုးရ အနေဖြင့် နိုင်ငံတွင်း တရားဥပဒေ စိုးမိုးရေး အလို့ငှာ စစ်တပ်များ ဖြန့်ကြက်ချထားခွင့် ပြုပြီး မည်သူ တစ်ဦးတစ်ယောက်ကို မဆို ခြွင်းချက်မရှိ တစ်လအထိ ဖမ်းဆီး ထိန်းသိမ်းနိုင်ကာ မီဒီယာ ရေးသားမှုများကိုလည်း ဆင်ဆာ ဖြတ်တောက်နိုင်ခွင့် ရှိသည်။

ထိုင်းအာဏာပိုင်များက ပြီးခဲ့သည့် ဇွန်လတွင် မြို့တော် ဘန်ကောက် အပါအဝင် အခြား ပြည်နယ်ပေါင်း ၁၈ ခုအတွက် အရေးပေါ် အခြေအနေကို နောက်ထပ် သုံးလအထိ ဆက်လက် တိုးမြှင့် သတ်မှတ်ခဲ့သည်။ မတည်မငြိမ်မှုများကို ကာကွယ် ဟန့်တားရေးအတွက် တင်းကျပ်သော ထိန်းချုပ်မှုများ လိုအပ်သည်ဟု အစိုးရက ဆိုသည်။

ဘန်ကောက် မြို့တော်ရှိ နာမည်ကျော် ချူလာလောင်ကွန် တက္ကသိုလ်၌ ပြောကြားရာတွင် မစ္စတာ Bill Burns က အရေးပေါ် အခြေအနေ ရုပ်သိမ်းရေးသည် ထိုင်းနိုင်ငံ အကျိုးစီးပွားအတွက် ဖြစ်သည်ဟု ဆိုပြီး ယင်းအမိန့် ဒီကရီများသည် မည်သည့် ဒီမိုကရေစီ စနစ်မျိုးကိုမဆို ကောင်းကျိုး မပြုနိုင်ကြောင်း မှတ်ချက် ပေးလိုက်သည်။

"ပြောရရင် ထိုင်းခေါင်းဆောင်တွေ အားလုံး ဒိုင်ယာလော့ခ်နဲ့ ပြန်လည် သင့်မြတ်ရေး လုပ်ဖို့၊ ထိုင်းပြည်သူတွေရဲ့ နာကြည်းချက်တွေကို အသိအမှတ်ပြုဖို့ နဲ့ ညီတူမျှတူ ဖြစ်ပြီး ဘက်လိုက်မှု မရှိတဲ့ ဥပဒေ စည်းမျဉ်း စည်းကမ်းတွေ ထွက်ပေါ်ဖို့အတွက် ဒီကိစ္စဟာ အင်မတန် အရေးကြီးပါတယ်" ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ဧပြီလတွင် အစိုးရ ဆန့်ကျင်သူ ဆန္ဒပြ အုပ်စုများက ပါလီမန် အဆောက်အအုံထဲသို့ ထိုးဖောက် ဝင်ရောက်ခဲ့ရာ ထိုင်းခေါင်းဆောင်များ ရဟတ်ယာဉ်ဖြင့် ထွက်ပြေးခဲ့ရမှု ဖြစ်ပွားပြီးနောက် အစိုးရ အာဏာပိုင်များက အဆိုပါ အရေးပေါ် အမိန့်ကို စတင် ထုတ်ပြန်လိုက်သည်။

မတ်လနှင့် မေလတို့တွင် ထောင်နှင့် ချီသော ဆန္ဒပြ အုပ်စုကြီးက ဘန်ကောက်မြို့တော်၏ အချက်အချာ ကျသော နေရာများတွင် အခြေချ နေထိုင်ကာ ထိုင်းအစိုးရ အဖွဲ့ အမြန်ဆုံး ဖျက်သိမ်းပြီး ရွေးကောက်ပွဲသစ် တစ်ရပ် ကျင်းပပေးရန် တောင်းဆိုခဲ့ကြသည်။

ဆန္ဒပြ ပြည်သူများနှင့် စစ်သားများ အကြား ဖြစ်ပေါ်ခဲ့သော ပဋိပက္ခကြောင့် လူပေါင်း ၉၀ သေဆုံးခဲ့ပြီး ၂၀၀၀ ကျော် ဒဏ်ရာ ရရှိခဲ့သည်။ အများစုမှာ အရပ်သားများ ဖြစ်သည်။

ထိုင်းနိုင်ငံ အနေဖြင့် ဒေသတွင်း ဦးဆောင်မှု ပြုလုပ်ကာ အိမ်နီးချင်း မြန်မာနိုင်ငံတွင် ယခုနှစ်အတွင်း ကျင်းပရန် ရှိသည့် ရွေးကောက်ပွဲ ကာလအတွင်း နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်နိုင်ရေးအတွက် ဖိအားပေးရန် အဆိုပါ အမေရိကန် သံတမန်က တိုက်တွန်းသည်။

"နိုင်ငံရေး သမားတွေ အားလုံး ပါဝင်နိုင်ပြီး လွတ်လပ်ပြီး မျှတမှုရှိတဲ့ ရွေးကောက်ပွဲ တစ်ရပ် မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ဖို့ ထိုင်းနဲ့ အမေရိကန် နှစ်နိုင်ငံစလုံး ညီတူမျှတူ စိတ်ဝင်စားမှု ရှိပါတယ်။ ပထမ အဆင့်ကတော့ Stakeholder တွေ အားလုံး ကြားမှာ စစ်မှန်တဲ့ ဒိုင်ယာလော့ခ် တစ်ရပ် ထွက်ပေါ်လာပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွှတ်ပေးဖို့ တွန်းအား ပေးသွားရပါမယ်" ဟု ၎င်းက ဆိုသည်။

ထိုင်းနိုင်ငံ အပါအဝင် မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံ အတော်များများသည် စစ်အစိုးရနှင့် ကုန်သွယ်မှု ပြုလုပ်ပြီး လူ့အခွင့်အရေး ကိစ္စများကို မသိကျိုးနွံပြုမှုကြောင့် များစွာ ပြစ်တင် ဝေဖန်ခံနေရသည်။ အမေရိကန် ပြည်ထောင်စုသည် ၂၀၀၉ ခုနှစ်အတွင်း မြန်မာနိုင်ငံနှင့် စေ့စပ် ညှိနှိုင်းရေး မူဝါဒသစ် တစ်ရပ်ကို စတင် ကျင့်သုံးခဲ့သည်။ သို့သော် မြန်မာနိုင်ငံ အပေါ် စီးပွားရေး ပိတ်ဆို့ အရေးယူသည့် မူဝါဒကို ဥရောပ သမဂ္ဂ၊ ကနေဒါ နှင့် အခြား အနောက် နိုင်ငံများနှင့်အတူ ကျင့်သုံးနေဆဲပင် ဖြစ်သည်။

VOA သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာနိုင်ငံသည် တံခါးပိတ် စီးပွားရေးစနစ်ကို လုံးလုံးလျားလျား ဖွင့်လှစ်လိုက်ပြီး စားသုံးသူ ကုန်ပစ္စည်း ဝယ်လိုအား လွန်စွာ ကြီးမားလာပြီ ဖြစ်ရာ ယခု အချိန်သည် ဗီယက်နမ် စီးပွားရေး ကုမ္ပဏီများ အနေဖြင့် မြန်မာနိုင်ငံသို့ ကုန်ပစ္စည်းများ တင်ပို့ပြီး နိုင်ငံတွင်း ဝင်ရောက် ရင်းနှီး မြှုပ်နှံမှုများ ပြုလုပ်ရန် အကောင်းဆုံး အချိန် သမယပင် ဖြစ်ကြောင်း ဗီယက်နမ် စီးပွားရေး ကျွမ်းကျင်သူများက သုံးသပ် ပြောကြားလိုက်သည်။

မြန်မာနိုင်ငံ၏ စီးပွားရေးသည် တရားဝင် ဖွင့်လှစ်ထားပြီ ဖြစ်သောကြောင့် စီးပွားရေး ယှဉ်ပြိုင်မှု ပြင်းထန်လျက် ရှိရာ ဈေးကွက်တွင်း ဝင်ရောက်ရာ၌ အခက်အခဲများ ရှိမည် ဖြစ်သည်ဟု ဗီယက်နမ် စီးပွားရေး ကျွမ်းကျင်သူများ၏ ပြောကြားချက်များကို ကိုးကား၍ Vietnam Economic Times သတင်းစာက ရေးသား ဖော်ပြသည်။

မြန်မာနိုင်ငံ၏ ပြည်တွင်း ကုန်ထုတ်လုပ်မှုသည် ဈေးကွက် ဝယ်လိုအား၏ ၁၀ ရာခိုင်နှုန်းကိုသာ ဖြည့်စွမ်း ပေးနိုင်သည့်အတွက် ပြည်ပမှ တင်သွင်းသော ကုန်ပစ္စည်းများ အပေါ် လွန်စွာ မှီခိုနေရကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ ဗီယက်နမ် သံအမတ်ကြီး Chu Cong Phung က ပြောကြားသည်။

"ဗီယက်နမ် ထုတ်ကုန်တွေ မြန်မာနိုင်ငံ ဈေးကွက်ထဲကို ဝင်ရောက်နိုင်ဖို့ အခွင့်အရေးတွေ အများကြီး ရှိတယ်" ဟု ၎င်းက ဆိုသည်။

မြန်မာ-ဗီယက်နမ် အကောက်ခွန် ဌာနများ အဆိုအရ နှစ်နိုင်ငံ ကုန်သွယ်မှု တန်ဖိုးမှာ ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် တွင် အမေရိကန် ဒေါ်လာ ၉၃ သန်းသို့ ရောက်ရှိခဲ့သည်။ သို့သော် ၂၀၀၈ ခုနှစ်နှင့် နှိုင်းယှဉ်ကြည့်လျှင် ၁၄ ဒဿမ ၁ ရာခိုင်နှုန်း လျော့ကျခဲ့ခြင်း ဖြစ်သည်။ ဗီယက်နမ်သည် မြန်မာနိုင်ငံသို့ ကုန်ပစ္စည်း အများဆုံး တင်ပို့သည့် နိုင်ငံများ စာရင်းတွင် ၁၄ နေရာ၌ ရှိသည်။ အဓိက တင်ပို့သည့် ပစ္စည်းများမှာ စတီး၊ ဆေးဝါး၊ ကျန်းမာရေး ပစ္စည်း၊ ထုတ်ကုန် ပစ္စည်းများနှင့် အလှကုန် ပစ္စည်းများ ဖြစ်သည်။

ယခု ၂၀၁၀ ပြည့်နှစ် ပထမ ငါးလအတွင်း နှစ်နိုင်ငံ အပြန်အလှန် ကုန်သွယ်မှုမှာ ဒေါ်လာသန်း ၇၀ အထိ ရောက်ရှိခဲ့သည်။ ယင်း ပမာဏသည် ယမန်နှစ် ပထမ ငါးလပတ်ထက် နှစ်ဆခန့် မြင့်တက်လာခြင်း ဖြစ်သည်။

မြန်မာနိုင်ငံမှ ကုန်ပစ္စည်း တင်သွင်းသူများသည် ပို့ကုန် တင်ပို့သူများလည်း ဖြစ်ရာ ၎င်းတို့ အနေဖြင့် ငွေပေးချေမှုနှင့် ငွေလက်ခံ ရယူမှုတို့တွင် ပြဿနာ ရှိမည် မဟုတ်ကြောင်း သံအမတ်ကြီး Chu Cong Phung က ဆိုသည်။ သို့သော် မြန်မာနိုင်ငံ စီးပွားရေးသည် ယနေ့ အချိန်အထိ ပိတ်ပင် ခံထားရသည့်အတွက် ဈေးနှုန်းများမှာ ကမ္ဘာလုံး ဆိုင်ရာ ဈေးကွက်နှင့် နှိုင်းယှဉ်ကြည့်ပါက နိမ့်ကျနေသေးကြောင်း ၎င်းက မှတ်ချက်ပေးသည်။

ဗီယက်နမ်သည် မြန်မာနိုင်ငံရှိ စီမံကိန်း အခု ၂၀ တွင် ဒေါ်လာ ၁၇၃ သန်းဖိုး ဝင်ရောက် ရင်းနှီး မြှုပ်နှံထားသည်။ စီးပွားရေး အခွင့်အလမ်းများနှင့် အလားအလာများ မည်သို့ပင် ရှိနေစေကာမူ ထောက်ပံ့ငွေများအပေါ် အခြေပြုထားသည့် ဗျူရိုကရက်တစ် စီးပွားရေးစနစ်နှင့် ငွေပေးချေမှုများ ပြုလုပ်ရန် ဘဏ်လုပ်ငန်း စနစ်များ ကောင်မွန်မှု မရှိသည့် ကိစ္စများ အပါအဝင် အခက်အခဲများ အားလုံးကို ဗီယက်နမ် ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် အထူးပင် အာရုံစိုက်သင့်ကြောင်း ကျွမ်းကျင်သူများက ပြောသည်။

ဗီယက်နမ် ရင်းနှီးမြှုပ်နှံရေးနှင့် ဖွံ့ဖြိုးရေးဘဏ် (BID) မှ Hoang Huy Ha က ဗီယက်နမ်-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှု လွယ်ကူ ချောမွေ့စေရေးအတွက် ငွေကြေး အရင်းအနှီး ဒေါ်လာသန်း ၂၀၀ ဖြင့် မြန်မာနိုင်ငံတွင် ဘဏ်ခွဲတစ်ခု မကြာမီ ဖွင့်လှစ်တော့မည် ဖြစ်ကြောင်း ပြောကြားသည်။

Thanhnienews မှ သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Irrawaddy News, 17th July 2010

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံ အပေါ် ချမှတ်ထားသော အနောက်နိုင်ငံ အရေးယူ ပိတ်ဆို့မှုများကို လစ်လျူရှုခြင်းဖြင့် ဗီယက်နမ်၏ ခြေလှမ်းအတိုင်း လိုက်ရန် စီစဉ်လျက် ရှိသည်။

ပြည်တွင်း နိုင်ငံရေး အကျပ်အတည်းမှ  နိုးထကာစတွင် ကုန်သွယ်ရေးနှင့် ရင်းနှီမြှုပ်နှံမှု အသစ်များ ကြိုးပမ်း မြှင့်တင်ရန် အတွက် ကမ္ဘာတစ်ပတ် ခရီးထွက်မည့် ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဗဲ့ဂျာဂျီဗားသည် မြန်မာနိုင်ငံတွင် ပထမဆုံး ခရီးတစ်ထောက် ရပ်နား လိမ့်မည်ဟု ဆိုသည်။

ထိုင်း-မြန်မာ စီးပွားရေး ကောင်စီမှ တဆင့် မြန်မာနှင့် ထိုင်းကုမ္ပဏီများ အကြား ဆွေးနွေးပွဲများ ကျင်းပခဲ့ပြီးနောက် ယခုကဲ့သို့ အဘီဆစ်၏ ခရီးစဉ် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံသည် သဘာဝ ဓါတ်ငွေ့ ပမာဏ ကြီးမားစွာ အဓိက ဝယ်ယူခြင်းဖြင့် မြန်မာနိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ဖက် နိုင်ငံ အဖြစ် ရပ်တည်နေဆဲ ဖြစ်သကဲ့သို့ လယ်ယာ စိုက်ပျိုးရေး ကဏ္ဍမှသည် ခရီးသွား စီးပွားရေး လုပ်ငန်း အတွက် ဟိုတယ် တည်ဆောက်မှုများ အထိ ကျယ်ပြန့်သော ကူးသန်း ရောင်းဝယ်ရေး အကျိုး စီးပွားများတွင်လည်း ပါဝင် ပတ်သက်နေသည်။

မြန်မာ အစိုးရက ကတိပေးထားသော ရွေးကောက်ပွဲများနှင့် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အနာဂတ် စသည်တို့ကို ဆွေးနွေးရန် ရည်ရွယ်ထားသည်ဟု အဘီဆစ်က ပြောကြားခဲ့သော်လည်း အကဲခတ် လေ့လာသူများကမူ သြဂုတ် လဆန်းတွင် သွားရောက်မည်ဟု မျှော်လင့်ရသော ခရီးစဉ်၏ အဓိက ဦးစားပေး ကိစ္စမှာ ကုန်သွယ်ရေး ဖြစ်လိမ့်မည်ဟု တင်ပြခဲ့ကြသည်။

"ထိုင်းဝန်ကြီးချုပ် အတွက် မဖြစ်မနေ အရေးပါတဲ့ အရာ နှစ်ခု ရှိပါတယ်၊ နံပါတ်(၁) ကတော့ အချိန် တော်တော်ကြာအောင် ကမ္ဘာ့ခေါင်းကြီးပိုင်း သတင်းဖြစ်ခဲ့တဲ့ ဘန်ကောက်လမ်းတွေပေါ်က ရုန်းရင်း ဆန်ခတ်မှုတွေ အပြီးမှာ အခု စီးပွားရေး အတွက် တံခါး ဖွင့်ထားပါပြီလို့ သတင်းပေးချင်တာပါ၊ နံပါတ် (၂) ကတော့ အာဆီယံ အဖွဲ့အတွင်း ကုန်သွယ်ရေး အတားအဆီးတွေ ဖယ်ရှားမယ့် အစီအစဉ် စတင်ဖို့ အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေ ဆန္ဒစော ပူပန်နေတဲ့ ကိစ္စပါ'' ဟု ဘန်ကောက် မြို့တော် အနောက်နိုင်ငံ သံရုံးမှ စီးပွားရေး ကောင်စစ်ဝန် တစ်ဦးက ယခုအပတ်တွင် ပြောကြားခဲ့သည်။

"မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ထွန်းကားအောင် မြှင့်တင်ပေးဖို့ အာဆီယံ နိုင်ငံတွေ ဘယ်လို ကတိပေးခဲ့ကြတယ် ဆိုတာ ကျွန်တော်တို့ အားလုံး သိပြီးသားပါ'' ဟု အမည် မဖော်လိုသူ အရာရှိက ပြောကြားခဲ့ကြောင်းလည်း သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Weekly Business found up, 17th July 2010

မြန်မာနိုင်ငံ၏ ဆန်တင်ပို့မှုသည် ယခုနှစ် ပထမ လေးလပတ် အတွင်း အလွန်အမင်း ကျဆင်းသွားကာ ၂၀၀၉ ပထမနှစ်ဝက် တင်ပို့ခဲ့သော ပမာဏ၏ သုံးပုံ တစ်ပုံသာ တင်ပို့နိုင်ခဲ့သည်ဟု သိရှိရသည်။

အသစ် ဖွဲ့စည်းလိုက်သော မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်း အသင်း (MRIA) မှတဆင့် ဆန်တင်ပို့ကုန် ထိထိရောက်ရောက် မြှင့်တင်မည့် အစီအစဉ်များကို အစိုးရက ကြေညာခဲ့ပြီးနောက် ယခုကဲ့သို့ အလွန်အမင်း ကျဆင်းသွားခြင်း ဖြစ်သည်။

အစိုးရနှင့် မြန်မာ ကုန်သည်ကြီးများ အသင်းမှ ယခုအပတ် ထုတ်ပြန်သော ကိန်းဂဏန်းများအရ ယခုနှစ် ဇွန်လကုန် အထိ တင်ပို့ခဲ့သော ဆန်ပမာဏမှာ မက်ထရစ် တန်ချိန် ၂၇၆၁၈၀ သာ ရှိခဲ့သည်ဟု သိရှိရသည်။

၂၀၀၉ ခုနှစ် အလားတူ ကာလတွင် ဆန်တန်ချိန် ၇၅၀ ၁၀၀ တင်ပို့နိုင်ခဲ့သည်။

ယခု ဆန်ပို့ကုန် ကျဆင်းမှု အတွက် အကြောင်းရင်းကို တရားဝင် ထုတ်ပြန်ခြင်း မရှိသေးသော်လည်း "ကမ္ဘာ့ဆန် ပိုလျှံမှုကြောင့် ဈေးနှုန်းများ ကျဆင်းကာ ပို့ကုန် ကဏ္ဍကို ထိခိုက်စေခဲ့သည်'' ဟု MRIA ဥက္ကဋ္ဌ ဦးချစ်ခိုင်က ပြောကြားကြောင်း ရိုက်တာ သတင်းဋ္ဌာနက ဖော်ပြခဲ့သည်။

ယခင်နှစ် မြန်မာ ဆန်ပို့ကုန် မြင့်တက်ခဲ့ခြင်းကြောင့် ယခုနှစ် အစောပိုင်းတွင် ထိုင်း ဆန်စက် လုပ်ငန်းရှင်များ အသင်းတွင် သတိပေး ခေါင်းလောင်း မြည်ခဲ့ပြီး မြန်မာနိုင်ငံက ဆန်ပမာဏ တိုးမြှင့်တင်ပို့ ရောင်းချလာခြင်းသည် ကမ္ဘာ့အကြီးဆုံး ဆန်တင်ပို့သူ ထိုင်းနိုင်ငံ အပေါ် သက်ရောက်မှု ရှိနိုင်သည်ဟု သတိပေးခဲ့ကြသည်။

သို့သော်လည်း မြန်မာ့ ဆန်ပို့ကုန်၏ ၈၀ % ကျော်မှာ အရည်အသွေးနိမ့်၊ ဆန်ကျိုးများ ဖြစ်၍ ဆင်းရဲသော အာဖရိက တိုင်းပြည်များတွင်သာ ဖောက်သည် ရရှိနိုင်လိမ့်မည်ဟု သြစတြေးလျ Macquarie University မှ မြန်မာ့စီးပွားရေး လေ့လာသူ ပါမောက္ခ Sean Turnell က သုတေသနပြု ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.