Transparency Myanmar

transparency.myanmar@gmail.com

တောင်နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံ အကြား ကွဲကွာနေကြသည့် မိသားစုများ ပြန်လည် ပေါင်းစည်းရေး စတင်ရန် မြောက်ကိုရီးယား ဘက်က အဆိုပြုမှုကို တောင်ကိုရီးယားက အပြုသဘော ဆောင်စွာ စဉ်းစားလျက် ရှိကြောင်း ပြန်လည် ပေါင်းစည်းရေး ဝန်ကြီးဌာနက ပြောကြားလိုက်သည်။

စက်တင်ဘာလ ပထမပတ်အတွင်း တောင်ကိုရီးယား ကြက်ခြေနီအဖွဲ့က မြောက်ကိုရီးယား ကြက်ခြေနီ အဖွဲ့အတွက် ရေဘေး ဒုက္ခသည်များ ကူညီ ထောက်ပံ့ငွေ ဒေါ်လာ ၈ ဒဿမ ၄ သန်း ပေးပို့မည်ဟု ထုတ်ဖော် ပြောဆိုပြီးနောက် မြောက်ကိုရီးယား ဘက်က ကွဲကွာနေသော မိသားစုများ ပြန်လည် ပေါင်းစည်းရေး ပြုလုပ်ရန် ကမ်းလှမ်းလာခြင်း ဖြစ်သည်။ အဆိုပါ ကမ်းလှမ်းမှုကြောင့် တောင်-မြောက် ကိုရီးယား နှစ်နိုင်ငံ ဆက်ဆံမှု ပုံစံ လုံးလုံးလျားလျား ပြောင်းလဲသွားဖွယ် ရှိသည်။

ကိုရီးယား ကောက်ရိတ်သိမ်း ပွဲတော် ရုံးပိတ်ရက်တွင် ကွဲကွာလျက် ရှိသော မိသားစုများ ယာယီ ပြန်လည် ပေါင်းစည်းရေး အစီအစဉ် တစ်ရပ် ပြုလုပ်ရန် မြောက်ကိုရီးယား ကြက်ခြေနီအဖွဲ့ တောင်ကိုရီးယား ကြက်ခြေနီ အဖွဲ့ကို အဆိုပြုထားသည်။ အဆိုပါ ရုံးပိတ်ရက်မှာ စက်တင်ဘာလ ၂၂ ရက်နေ့ မြောက်ကိုရီးယား နိုင်ငံ Geumgang တောင် အပန်းဖြေ စခန်းတွင် ပြုလုပ်မည် ဖြစ်ကြောင်း KCNA သတင်းဌာနက ဆိုသည်။

"ကွဲကွာနေတဲ့ မိသားစုတွေရဲ့ ခံစားချက်တွေ သက်သာစေဖို့ ပြန်လည် ပေါင်းစည်း တွေ့ဆုံမယ့် ကိစ္စအပေါ် တောင်-မြောက်ကိုရီးယား နှစ်ဖက်စလုံးက ကောင်းစွာ နားလည် သဘော ပေါက်ထားပါတယ်" ဟု မြောက်ကိုရီးယား ကြက်ခြေနီ အဖွဲ့ အကြီးအကဲ Chang Jae-eon က တောင်ကိုရီးယား ကြက်ခြေနီ အဖွဲ့ အကြီးအကဲထံသို့ စာတစ်စောင် ပေးပို့ခဲ့သည်။

တောင်-မြောက် ကိုရီးယား နှစ်နိုင်ငံမှ ကွဲကွာနေသော မိသားစုဝင်များ တွေ့ဆုံ ပေါင်းစည်းပွဲကို ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်၊ စက်တင်ဘာလက ကျင်းပ ပြုလုပ်ခဲ့သည်။

Korea Times သတင်းစာမှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ဖမ်းဆီး ထိန်းသိမ်းခံထားရသော မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် ပါတီအဖြစ်မှ ပျက်ပြယ်သွားပြီ ဖြစ်ကြောင်း စက်တင်ဘာလ ၁၃ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အတည်ပြု ကြေညာလိုက်သည်။ NLD နှင့်အတူ အခြား နိုင်ငံရေး ပါတီ ၉ ခုမှာလည်း တရားဝင် ပယ်ပျက်သွားပြီ ဖြစ်သည်ဟု နိုင်ငံပိုင် မီဒီယာများ၏ ရေးသား ဖော်ပြချက်အရ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ NLD အပါအဝင် နိုင်ငံရေးပါတီ ငါးခုသည် တရားဝင် ပါတီအဖြစ် ဆက်လက် ရပ်တည်ရန် လာရောက် လျှောက်ထားခြင်း မရှိခဲ့သောကြောင့် ပါတီအဖြစ်မှ ပယ်ပျက်သွားပြီ ဖြစ်သည်ဟု ရွေးကောက်ပွဲ ကော်မရှင်၏ ကြေညာချက်ကို ကိုးကားပြီး နိုင်ငံပိုင် မီဒီယာများက ရေးသား ဖော်ပြသည်။ ရွေးကောက်ပွဲ ဥပဒေများ တရား မျှတမှု မရှိသောကြောင့် ဝင်ရောက် ယှဉ်ပြိုင်မှု မပြုဘဲ သပိတ်မှောက်မည်ဟု ဆုံးဖြတ်ခဲ့ပြီးနောက် NLD ပါတီ ပျက်ပြယ်သွားပြီ ဖြစ်သည်ဟု အတည်ပြု ပြောဆိုမှုများ ရှိခဲ့သော်လည်း ယခု နိုင်ငံပိုင် မီဒီယာများက NLD ပယ်ပျက်သွားမှုကို ထုတ်ပြန်ခြင်းသည် ပထမဆုံး ဖြစ်သည်။

ရွေးကောက်ပွဲ ကော်မရှင်သို့ လာရောက် မှတ်ပုံတင်ရန် ပျက်ကွက်ခဲ့သောကြောင့် NLD နည်းတူ ဖျက်သိမ်းခံလိုက်ရသော အခြား ပါတီများမှာ ပြည်ထောင်စု ပအိုဝ်း အမျိုးသား အဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရှမ်းပြည် ကိုးကန့် ဒီမိုကရက်တစ် ပါတီ နှင့် 'ဝ' အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး ပါတီတို့ ဖြစ်သည်။

ထို့ပြင် ရွေးကောက်ပွဲ ကော်မရှင်သို့ လာရောက် လျှောက်ထားသော နိုင်ငံရေး ပါတီ ၄၂ ခုအနက် နောက်ထပ် ပါတီ ငါးခုမှာ ရွေးကောက်ပွဲတွင် လွှတ်တော် မဲဆန္ဒနယ်များ အနက် အနည်းဆုံး မဲဆန္ဒနယ် သုံးခုတွင် လွှတ်တော် ကိုယ်စားလှယ်လောင်းများ ဝင်ရောက် ယှဉ်ပြိုင်ခြင်း မပြုနိုင်သဖြင့် နိုင်ငံရေး ပါတီအဖြစ်မှ မှတ်ပုံတင်ထားမှု ပျက်ပြယ်ပြီး ပါတီကိုလည်း ဖျက်သိမ်းခံလိုက်ရသည်။

နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် ဒီမိုကရေစီ ရွေးကောက်ပွဲကို အနောက် နိုင်ငံများနှင့် အစိုးရ ဆန့်ကျင်ရေး အုပ်စုများက စစ်အာဏာရှင် စနစ် သက်ဆိုးရှည်ရန်သာ ရည်ရွယ်ပြီး အတုအယောင် သက်သက် ရွေးကောက်ပွဲသာ ဖြစ်သည်ဟု ပြစ်တင် ဝေဖန်လျက် ရှိသည်။

စစ်အစိုးရ အုပ်ချုပ်ခဲ့သည့် နှစ်ပေါင်း ၂၀ ကာလအတွင်း ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်မှာ ၁၅ နှစ်တာမျှ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသည်။ ယခု ပထမဆုံး ကျင်းပမည့် ရွေးကောက်ပွဲတွင်လည်း သူမအနေဖြင့် ပါဝင် ယှဉ်ပြိုင်ခွင့် ရရှိမည် မဟုတ်ပေ။ အကြောင်းမှာ စစ်အစိုးရ ထုတ်ပြန်သော ဥပဒေများအရ ဖမ်းဆီး အကျဉ်းချ ခံထားရသူများ ပါဝင်သည့် နိုင်ငံရေး ပါတီများ အနေဖြင့် ၎င်းတို့ကို ထုတ်ပယ်မှသာ ရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရှိမည် ဖြစ်သည်။ သို့အတွက်ကြောင့် NLD က ရွေးကောက်ပွဲကို သပိတ်မှောက်ရန် ဆုံးဖြတ်ပြီး ရွေးကောက်ပွဲ ကော်မရှင်တွင်လည်း ပါတီအဖြစ် ဆက်လက် ရပ်တည်ခွင့် လျှောက်ထားမှု မပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်သော စည်းမျဉ်း ဥပဒေအရ ဝင်ရောက် ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ် တစ်ဦး အနေဖြင့် မှတ်ပုံတင်ကြေး ငါးသိန်း(ဒေါ်လာ ၅၀၀ ခန့်) ပေးသွင်းရမည် ဖြစ်ရာ နိုင်ငံရေး ပါတီများ အခက်အခဲ ဖြစ်လျက် ရှိသည်။ အဆိုပါ ငွေကြေး ပမာဏသည် သာမန် မြန်မာ ပြည်သူ အများစုအတွက် လအတော် အတန် ကြာမှ ရနိုင်သည့် ဝင်ငွေ ပမာဏ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ခွဲထွက်သွားသူများ ဦးစီး ထူထောင်ခဲ့သည့် အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) က နိုဝင်ဘာ ၇ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။

ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ပါတီများ အနေဖြင့် ရေဒီယို သို့မဟုတ် ရုပ်မြင်သံကြား အစီအစဉ်မှ နေ၍ ၁၅ မိနစ်ကြာ မဲဆွယ် စည်းရုံးခွင့် ပြုမည်ဟုလည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာချက် ထုတ်ပြန်သည်။ သို့သော် ယင်းသို့ မဲဆွယ်မှု ပြုလုပ်ရန် ရက်သတ္တ တစ်ပတ် ကြိုတင်၍ လျှောက်ထားရမည်ဟု ဆိုသည်။

AFP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

www.time.com, 14th September 2010

ကောင်းမြင့်ထွဋ်အား စစ်ထောက်လှမ်းရေးက ရန်ကုန်ရှိ ၎င်း၏ အိမ်မှ မျက်နှာကို အဝတ် စည်း၍ တတိယအကြိမ် ခေါ်ဆောင်သွားစဉ်က ၎င်းသည် အသက် ၁၅ နှစ်သာ ရှိသေးသည်။ အချိန်မှာ ၁၉၉၀ ခုနှစ် ဒီဇင်ဘာလ ဖြစ်၍ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ရွေးကောက်ပွဲ အောင်မြင်မှုကို အစိုးရက အသိအမှတ် ပြုရန် ငြင်းဆန်ခဲ့အပြီး ခြောက်လ အကြာတွင် ဖြစ်သည်။ "သူတို့ အတော် နှိပ်စက်တာဗျ" ဟု သူက ပြောသည်။ စစ်ဆေးသူများသည် ၎င်းက ရိုက်နှက်ရင်း နိုင်ငံရေးကို စွန့်လွှတ်ရန် ပြောကြာသည်ဟု ပြန်ပြောသည်။ "ဒါပေမယ့် ကျွန်တော် မစွန့်လွှတ်နိုင်ပါဘူး" ဟု သူက ပြောလိုက်သည်။ သူသည် ထောင်ထဲတွင် ခြောက်နှစ် နေခဲ့ရသည်။

ယခု အနှစ် နှစ်ဆယ် ကြာသောအခါ ကောင်းမြင့်ထွဋ်သည် နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲ မတိုင်မီ ထိပ်တိုက် တွေ့ဆုံမှု နည်းသော လမ်းကြောင်းကို ရွေးချယ်ခဲ့သည်။ သူသည် ရန်ကုန် တောင်ဥက္ကလာပ မြို့နယ်မှ တသီး ပုဂ္ဂလ အမတ် အဖြစ် အရွေးခံမည် ဖြစ်ပြီး ရန်ကုန် မြို့တော်ဝန် အောင်သိန်းလင်းနှင့် မဲဆန္ဒနယ် တစ်ခုတည်း ယှဉ်ပြိုင်မည် ဖြစ်သည်။ "ဒီတရား မဝင်တဲ့ အစိုးရကို ဆန့်ကျင်လာတာ နှစ် ၂၀ ရှိပါပြီ။ ရွေးကောက်ပွဲမှာ ဝင်မပြိုင်ရင်၊ အခြေအနေတွေက ပိုဆိုးဖို့ပဲ ရှိတော့တယ်" ဟု ၎င်းက ပြောသည်။ NLD ၏ ဝါဒ ဖြစ်သော ရွေးကောက်ပွဲအား သပိတ် မှောက်ခြင်းသည် စစ်အစိုးရအား မပြိုင်ဘဲ အနိုင်ရသလို ဖြစ်သွားမည် ဖြစ်ကြောင်း ၎င်းက ငြင်းချက် ထုတ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပါတီနှင့် နိုင်ငံ ပြင်ပရှိ မြန်မာ့ နိုင်ငံရေး အုပ်စုများသည် ကောင်းမြင့်ထွဋ်နှင့် အခြား ရွေးကောက်ပွဲ ဝင်မည့် သူများ၏ အစီအစဉ်ကို ကန့်ကွက်နေကြသည်။ "သူတို့ရဲ့ ရွေးကောက်ပွဲမှာ ပါဝင်မှုဟာ အစိုးရရဲ့ ထာဝရ အာဏာရှင် စနစ် ဖြစ်အောင် ကြိုးစားမှုကို အကူအညီ ပေးသလို ဖြစ်သွားမှာပေါ့" ဟု သပိတ်မှောက်ရန် စည်းရုံးနေသည့် U.S Campaign for Burma မှ နိုင်ငံရေး အကျဉ်းသားဟောင်း အောင်ဒင်က ပြောသည်။ အစိုးရသည် ထိန်းသိမ်း ခံနေရသူများကို ရွေးကောက်ပွဲတွင် မပါဝင်နိုင်အောင် ပိတ်ပင်လိုက်ခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို NLD နှင့် ခွဲလိုက်သလို ဖြစ်သည်။ "ဗမာနိုင်ငံရဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေမှာ ဒေါ်အောင်ဆန်းစုကြည် မပါဝင်တာဟာ တောင်အာဖရိကရဲ့ အသားရောင် ခွဲခြားမှု တိုက်ဖျက်ရေး လုပ်ငန်းတွေကနေ Nelson Mandela ကို ဖယ်ထုတ်လိုက်တာနဲ့ အတူတူပဲ" ဟု အောင်ဒင်က ပြောသည်။ စစ်အစိုးရသည် ရွေးကောက်ပွဲ အပြီး တစ်ပတ်အကြာ နိုဘယ်ဆုရှင်၏ နေအိမ် အကျယ်ချုပ် ကာလ ကုန်ဆုံးပါက သူမအား ပြန်လွှတ်မလွှတ် စောင့်ကြည့်ကြရမည် ဖြစ်သည်။

ကောင်းမြင့်ထွဋ်နှင့် NLD မှ ခွဲထွက်လာသော အမျိုးသား ဒီမိုကရက်တစ် အင်အားစု (NDF) တို့က ပြောကြားရာတွင် မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ ပေါ်လာသော မည်သည့် အခွင့်အလမ်းမဆို လုံးဝ မရသည်ထက် စာလျှင် ပိုကောင်းပါသည်ဟု ဆိုကြသည်။ သို့သော် အတိုက်အခံ ပါတီ အများစုက သြဂုတ်လ ၁၃ ရက်နေ့က ရွေးကောက်ပွဲရက် ကြေညာအပြီး ပြင်ဆင်ရန် အချိန် အနည်းငယ်သာ ရရှိခြင်း၊ ကိုယ်စားလှယ်လောင်း မှတ်ပုံတင်ကြး ဒေါ်လာ ၅၀၀ (ငါးသိန်းကျော်) မှာ များပြားခြင်းနှင့် မဲဆွယ် စည်းရုံးမှု အတွက် ကန့်သတ်မှု များပြားခြင်းများသည် ၎င်းတို့ ကိုယ်စားလှယ်များ ကျရှုံးရန် ဆင်ထားခြင်း ဖြစ်ကြောင်း ပြောခဲ့ကြသည်။ ကောင်းမြင့်ထွဋ်၏ နိုင်ငံရေး ပါတီဖြစ်သော မြန်မာ ဒီမိုကရေစီ ကွန်ဂရက်သည် ကိုယ်စားလှယ်လောင်းများ အတွက် မှတ်ပုံတင်ကြေး မတတ်နိုင်၍ လက်လျှော့ခဲ့ရ၍ ကောင်းမြင့်ထွဋ်မှာ တစ်ဦးတည်း ဝင်ပြိုင်ရန် ဖြစ်လာခဲ့ရသည်။

ပါတီ ရန်ပုံငွေ စုဆောင်းရန် နည်းလမ်း အနည်းငယ်သာ ရှိရာ အတိုက်အခံ ပါတီကြီးများပင် တစ်ပြည်လုံး ပါဝင် ယှဉ်ပြိုင်နိုင်ရန် အတော် ရုန်းကန်ရကြောင်း NDF ဥက္ကဌ ဦးခင်မောင်ဆွေက ပြောသည်။ အတိုက်အခံ နိုင်ငံရေးသမားများ အများပြည်သူရှေ့တွင် အလှူငွေ ကောက်ခံခြင်းကို အာဏာပိုင်များက ဥပဒေနှင့် မညီကြောင်း ပြောကြသည်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း နေအိမ် အကျယ်ချုပ်ဖြင့် နေနေရပြီး၊ အတိုက်အခံကလည်း မသန်စွမ်း ဖြစ်လျက် ရှိရာ ထပ်မံ ကွဲပြဲပြီး အင်အား ချိနဲ့ခြင်း မရှိအောင် ရှောင်ကြရမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။ ရှုံးသည် ဖြစ်စေ၊ နိုင်သည် ဖြစ်စေ အတိုက်အခံ ပါတီများသည် အနာဂတ်တွင် ပို၍ အတူ လက်တွဲ အလုပ်လုပ်ကြရမည်ဟု ဦးခင်မောင်ဆွေက ပြောသည်။ "ရွေးကောက်ပွဲ ပြီးသွားရင် ပါလီမန်မှာ ကျွန်တော်တို့ ပူးပေါင်းကြရပါမယ်" ဟု ၎င်းက ဆိုသည်။

သပိတ်မှောက်ရေး မမှောက်ရေး ငြင်းခုန်နေသော နှစ်ဖက်လုံးမှ သဘော တူညီသော အချက် တစ်ခုမှာ ကောင်းသော ရလဒ်များ ထွက်ပေါ်လာရန် မဖြစ်နိုင် ဟူသော အချက်ပင် ဖြစ်သည်။ ပါလီမန်၏ အထက်လွှတ်တော်နှင့် အောက်လွှတ်တော်တွင် နေရာပေါင်း ၄၉၈ နေရာ ရှိသည့် အနက် NDF သည် ၁၅၀ ခန့်သာ ဝင်ရောက် ယှဉ်ပြိုင်နိုင်သည်။ ဝန်ကြီးချုပ် ဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရ၏ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) သည် တစ်နိုင်ငံလုံး အပြည့် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။ စစ်တပ်မှ ၂၅ % ၁၆၆ နေရာ အလိုအလျောက် ရပြီး ဖြစ်သည်။ ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတသည့်တိုင် ကိန်းဂဏန်းများအရ အတိုက်အခံဖက်မှ မျက်နှာသာ ပေးရန် ခဲယဉ်းမည် ဖြစ်သည်။

မရှင်းလင်းသော အချက်မှာ ရွေးကောက်ပွဲ အပြီး ပါလီမန် အဆင့်ဆင့် မည်သို့ လည်ပတ်ကြမည် ဆိုသည့် အချက် ဖြစ်သည်။ အတိုက်အခံ ပါလီမန် အမတ်များ ပြောရေး ဆိုခွင့်ကို မည်သည့် အတိုင်းအတာ အထိ ပေးမည်နည်း။ မြန်မာနိုင်ငံတွင် ၁၉၆၂ စစ်တပ်မှ အာဏာသိမ်းပြီး ကတည်းက သက်ဝင် လှုပ်ရှားသော ပါလီမန် ဆိုသည်မှာ ပျောက်ကွယ်ခဲ့ရသည်။ USDP ပါတီ ဧပြီလ တည်ထောင်ပြီး ကတည်းက မကြာခဏ တွေ့ဆုံခဲ့သူ ရန်ကုန် အခြေစိုက် အနောက်နိုင်ငံ သံတမန် တစ်ဦးက ၎င်း၏ ခံစားချက်ကို ဖော်ပြရာတွင် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲနှင့် ရွေးကောက်ပွဲလွန် ကာလကို ကြည့်ရသည်မှာ တိုး၍သာ မကောင်းမြင်လာရကြောင်း ဆိုသည်။ "ကျွန်တော် ထင်တယ်။ အတိုက်အခံကို သူတို့ နေရာ ပေးလိမ့်မယ် မထင်ဘူး" ဟု ၎င်းက ပြောသည်။

ကောင်းမြင့်ထွဋ် အနေဖြင့် ၎င်းအား စစ်တပ်က အတိတ်ကာလတွင် ပြင်းထန်စွာ နှိပ်စက်မှုများအား မေ့ပစ်ပြီး ရွေးကောက်ပွဲတွင် ပါဝင်ခြင်းမှာ အစိုးရ အပေါ် ယုံကြည်မှု တစ်စုံတစ်ရာသော အဆင့်အထိ လိုအပ်သည်။ အစိုးရကလည်း ယုံကြည်ရန် အနည်းငယ်သာ ထိုက်တန်သော အစိုးရ ဖြစ်သည်။ အရာရာသည် စစ်တပ်၏ လက်ထဲတွင် ရှိသည် ဆိုသော်လည်း မြန်မာနိုင်ငံတွင် အပြောင်းအလဲများ ဖြစ်လာမလားဟု လောင်းကစား ပြုနေရသလို ခံစားရကြောင်း သူက ပြောသည်။ "ကျွန်တော့် ရည်ရွယ်ချက်ကတော့ နိုင်ငံရေးသမား ဖြစ်ဖို့ မဟုတ်ပါဘူး။ ကျွန်တော် လိုအပ်တာက တရားဝင် အသိအမှတ် ပြုမှုပါပဲ။ ဒီတရားဝင် အသိအမှတ် ပြုမှုဟာ မြန်မာပြည် အတွက် အကောင်းဆုံးပါပဲ" ဟု သူက ပြောသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Straits Times, 15th September 2010

နိုဝင်ဘာ ရွေးကောက်ပွဲ မပြုလုပ်မီ အထိန်းသိမ်းခံ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီ အပါအဝင် အခြားပါတီ ၉ ခု ဖျက်သိမ်းမှုကို မြန်မာ ရွေးကောက်ပွဲ ကော်မရှင်က အတည်ပြုခဲ့သည်ဟု နိုင်ငံပိုင် မီဒီယာက အင်္ဂါနေ့ သတင်းတွင် ဖော်ပြသည်။ နိုင်ငံရေး ပါတီအနေဖြင့် ဆက်လက် လှုပ်ရှားရေး အတွက် မှတ်ပုံတင် လျှောက်ထားရန် ပျက်ကွက်ခဲ့ခြင်းကြောင့် ဥပဒေအရ ဖျက်သိမ်းခဲ့သည့် ပါတီ ၅ ခုတွင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီလည်း ပါဝင်သည်ဟု ရွေးကောက်ပွဲ ကော်မရှင်ကို ကိုးကား၍ နိုင်ငံပိုင် မီဒီယာက ကြေညာသည်။

ရွေးကောက်ပွဲ ဥပဒေများ တရားမျှတမှု မရှိသဖြင့် ရွေးကောက်ပွဲကို သပိတ်မှောက်ရန် ပါတီက ဆုံးဖြတ်ခဲ့ပြီးနောက် ယင်းကိစ္စကို တာဝန်ရှိ ပုဂ္ဂိုလ်များက အတည်ပြု ပြောဆိုမှုများ ရှိသော်လည်း NLD ပါတီ ဖျက်သိမ်းမှုကို နိုင်ငံပိုင် မီဒီယာမှ ကြေညာသည်မှာ ယခု ပထမဆုံး အကြိမ် ဖြစ်သည်။

မှတ်ပုံတင်ရန် ပျက်ကွက်မှုကြောင့် ဖျက်သိမ်းခံရသော အခြားပါတီများမှာ ပြည်ထောင်စု ပအိုဝ်း အမျိုးသား အဖွဲ့၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရှမ်းပြည်နယ် ကိုးကန့် ဒီမိုကရက်တစ် ပါတီနှင့် ဝ အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး ပါတီတို့ ဖြစ်သည်။

နိုဝင်ဘာ ရွေးကောက်ပွဲ အတွက် မှတ်ပုံတင် ခွင့်ပြုထားသော ပါတီ ၄၂ ခု အနက်မှ နိုင်ငံရေး ပါတီ ၅ ခုမှာ ကိုယ်စားလှယ်လောင်းများ မှတ်ပုံတင်ရန် လိုအပ်ချက်များကို ဆောင်ရွက်နိုင်ခြင်း မရှိသည့် အတွက် ဖျက်သိမ်းခဲ့သည်ဟု နိုင်ငံပိုင် မီဒီယာက ဆိုသည်။ အဆိုပါ ရွေးကောက်ပွဲသည် လက်ရှိ စစ်အုပ်ချုပ်ရေးကို အရပ်ဖက် မျက်နှာဖုံး တပ်ရန် ရည်ရွယ်သည့် မျက်လှည့်ပြမှုသာ ဖြစ်သည်ဟု ဒီမိုကရေစီ လှုပ်ရှားသူများနှင့် အနောက်နိုင်ငံများက ဝိုင်းဝန်း ပြစ်တင် ရှုတ်ချလျက် ရှိသည်။

လွန်ခဲ့သည့် အနှစ် ၂၀ အတွင်း ကာလ ကြာမြင့်စွာ ထိန်းသိမ်းခြင်း ခံနေရသည့် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်မှာ ပြစ်ဒဏ် ကျခံနေရဆဲ ဖြစ်၍ လာမည့် ရွေးကောက်ပွဲတွင် မပါဝင်နိုင်အောင် အစိုးရက ပိတ်ပင်ထားသည်။ လွန်ခဲ့သော ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် သူမ၏ ပါတီ အပြတ်အသတ် အနိုင် ရရှိခဲ့စဉ်က ၎င်းရလဒ်ကို စစ်အုပ်ချုပ်သူများက အသိအမှတ် မပြုဘဲ အာဏာ လွှဲပြောင်းပေးရန် ငြင်းဆန်ခဲ့ကြသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AFP, 15th Sept 2010

တရုတ် ဝန်ကြီးချုပ် ဝမ်ကျားပေါင်သည် နယူးယောက်တွင် ကုလသမဂ္ဂ အစည်းအဝေး၏ အရန် ဆွေးနွေးမှု အဖြစ် အမေရိကန် သမ္မတ Barack Obama  နှင့် တွေ့ဆုံမည် ဖြစ်ကြောင်း အင်္ဂါနေ့က တရုတ်က ပြောကြားခဲ့သည်။ နှစ်နိုင်ငံ ဆက်ဆံရေးသည် လအတန်ကြာ တင်းမာနေခဲ့ရာမှ ယခုအခါ ဆက်ဆံရေး တိုးတက်လာခဲ့သည်။

"တွေ့ဆုံမယ့် အချိန်ကိုတော့ ကျွန်တော်တို့ အလုပ် လုပ်နေကြတုန်းပါပဲ'' ဟု လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Liu Zhenmun က သတင်းထောက်များသို့ ပြောကြားခဲ့သည်။

ဝမ်ကျားပေါင်သည် လာမည့် အပတ်တွင် နယူးယောက်၌ ကုလသမဂ္ဂ နှစ်ပတ်လည် အထွေထွေ ညီလာခံနှင့် ကုလသမဂ္ဂ၏ ထောင်စုနှစ် ဖွံ့ဖြိုးရေး ရည်မှန်းချက်များ (Millennium Development Goals)  အထူး ထိပ်သီး အစည်းအဝေးသို့ တက်ရောက်လိမ့်မည် ဖြစ်သည်။

ဝမ်သည် နယူးယောက်တွင် နှစ်ရက်တာ ရှိစဉ် ကာလအတွင်း နှစ်နိုင်ငံ တွေ့ဆုံမှု၊ နိုင်ငံပေါင်းစုံ တွေ့ဆုံမှုပေါင်း (၂၀) ကျော် တက်ရောက်မည် ဖြစ်ကြောင်း Liu က ပြောကြားခဲ့သည်။ သို့သော် တွေ့ဆုံမည့် အခြား ခေါင်းဆောင်များကိုမူ အကျယ်တဝင့် ပြောကြားခဲ့ခြင်း မရှိပါ။

ယခုနှစ် အစောပိုင်းက အမေရိကန်က ထိုင်ဝမ်သို့ လက်နက်များ ရောင်းချခြင်းနှင့် ဖေဖော်ဝါရီ ညက အဝေးရောက် တိဗက် ဘုန်းတော်ကြီး Dalai Lama ကို Obama  က လက်ခံ တွေ့ဆုံခြင်းများကြောင့် တရုတ်နှင့် အမေရိကန်တို့၏ နှစ်နိုင်ငံ ဆက်ဆံရေးသည် ခါးသီးခဲ့ရသည်။

တရုတ်ငွေ၏ တန်ဖိုးကလည်း ပဋိပက္ခ၏ အရင်းအမြစ် တစ်ခု ဖြစ်သည်။ အမေရိကန်နှင့် ဥရောပရှိ သုံးသပ်သူများက Beijing ၏ ယွမ်ငွေ တန်ဖိုး ချထားခြင်းသည် တရုတ် ကုန်ပစ္စည်း တင်ပို့သူများကို မမျှတစွာ အသာ ရစေသည်ဟု ပြောကြသည်။

ပြီးခဲ့သည့် ဇွန်လက တရုတ်သည် ဒေါ်လာနှင့် ယွမ်ငွေ တန်ဖိုးအား ပိုမို လွတ်လပ်စွာ ထားပေးရန် စီစဉ်ခဲ့သည်။ သို့သော် အမေရိကန် ဘဏ္ဍာရေး ဝန်ကြီး Timothy Geithner ကမူ Beijing ၏ ငွေကြေး အပေါ်တွင် ဆုပ်ကိုင်ထားမှု ဖြေလျော့ပေးခြင်းကို ကျေနပ်မှု မရှိကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။

ယခု အထိ ဒေါ်လာငွေပေါ်တွင် ၁ % တိုးတက်ခြင်းအတွက် အသိအမှတ် ပြုရမည် ဖြစ်သည်။ Geithner သည် ယခုအပတ်တွင် ယွမ်ကိစ္စကို အမေရိကန် အမတ်များအား တင်ပြရန် စီစဉ်ထားသည်။

အမေရိကန် ကွန်ဂရက် အဖွဲ့ဝင်များသည် အမေရိကန် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန အနေဖြင့် ငွေကြေးတန်ဖိုး လျော့၍ သတ်မှတ်ထားသော တရုတ်နှင့် အခြား နိုင်ငံများကို အရေးယူရေး အစီအစဉ်များအတွက် ဥပဒေ ပြဋ္ဌာန်းရန် ဖိအား ပေးလျက် ရှိသည်။

မည်သို့ပင် ဆိုစေ တရုတ်-အမေရိကန် ဆက်ဆံရေးသည် လွန်ခဲ့သည့်လ အနည်းငယ်အတွင်း တိုးတက်မှု ရှိခဲ့ရာ မေလက Geithner နှင့် နိုင်ငံခြားရေး ဝန်ကြီး Hillary Clinton  တို့ Beijing  သို့ သွားရောက်ခဲ့မှု အပါအဝင် နှစ်ဖက်ကြား အဆင့်မြင့် ပုဂ္ဂိုလ်များ အစည်းအဝေးများ အပြီးတွင် တိုးတက်လာခဲ့ခြင်း ဖြစ်သည်။

Obama သည် တရုတ် သမ္မတ ဟူကျင်းတောင်ကို လာမည့် အချိန် အနည်းငယ်အတွင်း ဝါရှင်တန်သို့ လာရောက် လည်ပတ်ရန် ဖိတ်ခေါ်ခဲ့ရာ၊ ပင်တဂွန်မှ တာဝန်ရှိသူ တစ်ဦးက လည်ပတ်မှု ခရီးစဉ်သည် လာမည့်နှစ် အစောပိုင်းတွင် ဖြစ်နိုင်ကြောင်း ပြီးခဲ့သည့် အပတ်က ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

DVB News, 14th Sept 2010

မြန်မာနိုင်ငံမှ စစ်ဖက် အုပ်ချုပ်သူများ ကျူးလွန်ခဲ့သည်ဟု ယူဆရသော လူသားထုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများကို စုံစမ်း စစ်ဆေးရေးနှင့် ပတ်သက်၍ ကုလ သမဂ္ဂက မည်သည့် လှုပ်ရှားမှုမှ မပြုလုပ်နိုင်သေးကြောင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့် ရှိသူက ပြောကြားလိုက်သည်။

အဆိုပါ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရန် မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ အထူးအရာရှိ Tomas Ojea Quintana  က သြဂုတ်လတွင် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ နိုဝင်ဘာလတွင် အငြင်းဖွယ် ရွေးကောက်ပွဲများ ကျင်းပရန် ပြင်ဆင်နေသည့် မြန်မာ စစ်ဖက် အုပ်ချုပ်သူများ ကျူးလွန်ခဲ့သည့် ကြီးမားလွန်းသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို ထိပ်တန်း အဆင့် ကော်မရှင် ဖွဲ့စည်း စုံစမ်းရေးအတွက် လူ့အခွင့်အရေး အုပ်စုများကလည်း ဆက်လက် တောင်းဆိုခဲ့ကြသည်။

"ကွင်တားနားရဲ့ အဆိုပြုချက်ဟာ အကြံဥာဏ် အဆင့်နဲ့ ရပ်တန့်သွားမယ့် ကိစ္စ မဟုတ်ပါဘူး၊ မစ္စတာ ကွင်တားနား အဆိုပြုခဲ့တဲ့ အကြံဥာဏ်ကို စတင်ဖို့ ကိစ္စကတော့ ကုလ သမဂ္ဂကတော့ ကုလ သမဂ္ဂ အဖွဲ့ကြီးရဲ့ ဌာနပေါင်းစုံ အပေါ်မှာ မူတည်ပါတယ်'' ဟု ကုလ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ ဒုတိယ ပြောရေးဆိုခွင့် ရှိသူ Farhan Hag က ပြောကြားခဲ့သည်။

"နောက်တစ်ဆင့်က ဘာဖြစ်မလဲ'' ဟု သတင်းထောက်က မေးမြန်းသောအခါ Farhan က "အလွန်ဆုံး ဖြစ်နိုင်တာကတော့ လူ့အခွင့်အရေး ကောင်စီအပါအဝင် ကုလသမဂ္ဂ အဖွဲ့ချုပ်ရဲ့ အဖွဲ့အစည်းတွေက မစ္စတာ ကွင်တားနားရဲ့ အမြင်ကို စဉ်းစား သုံးသပ်မယ်၊ နောက်တစ်ဆင့် ဆက်လက် ဆောင်ရွက်ဖို့ လိုမလို လေ့လာ သုံးသပ်ကြမယ်၊ ဒါပါပဲ'' ဟု ပြန်လည် ပြောကြားခဲ့သည်။

ပြီးခဲ့သော သြဂုတ်လအတွင်း Farhan က "ယခုကိစ္စ သက်သက်ကို စတင် ကိုင်တွယ်မည့် ကုလ အဖွဲ့အစည်းများနှင့် ပတ်သက်၍ မိမိ မသိရှိပါ'' ဟု ပြောကြားခဲ့ဖူးသည်။

ပြီးခဲ့သော လတွင် အမည် မဖော်လိုသော အိမ်ဖြူတော် တာဝန်ရှိသူ တစ်ဦးက မြန်မာနိုင်ငံ အပေါ် အမေရိကန် ပြည်ထောင်စု၏  ပိတ်ဆို့ အရေးယူမှုများကို တင်းကျပ်မည်ဟု ပြောကြားခဲ့သလို၊ အမေရိကန် ပြည်ထောင်စုကလည်း စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းမှုကို အပြည့်အဝ ရပ်တည် ပံ့ပိုးမည်ဟု ပြောကြား ခဲ့ပြီးနောက်တွင် စုံစမ်းရေး ကော်မရှင် ကိစ္စများ ထောက်ခံမှု ကြီးမားစွာ ရရှိလာခဲ့သည်။

အမေရိကန် ပြည်ထောင်စုနှင့် ကုလသမဂ္ဂ နှစ်ဦး စလုံးသည် ၁၉၆၂ က စ၍ မြန်မာနိုင်ငံကို အသွင် အမျိုးမျိုးဖြင့် အုပ်ချုပ်လာခဲ့သော စစ်ဖက် အုပ်ချုပ်သူများကို ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး လမ်းကြောင်းပေါ်သို့ တွန်းတင်ရာတွင် ခက်ခဲ ကျပ်တည်းသည့်  အခ်ျိန်နှင့် ကြုံတွေ့နေရသည့် လက္ခဏာ ရှိသည်။ တွေ့ဆုံ ညှိနှိုင်းရေး မူဝါဒကို ကျင့်သုံးခဲ့သည့် ဝါရှင်တန်၏ ဆုံးဖြတ်ချက်သည်လည်း မည်သည့် ရလဒ်မှ ထွက်ပေါ် မလာသည့်အတွက် ထိုအချိန် နောက်ပိုင်း အိုဘားမား အစိုးရ၏ လေလုံးထွားမှု တန့်သွားခဲ့သည်။

ထိုအတောအတွင်း ပြီးခဲ့သောနှစ် ဒီဇင်ဘာလက ဆူဒန်သို့ ပြောင်းရွှေ့ ခန့်အပ်လိုက်သော မြန်မာနိုင်ငံ ဆိုင်ရာ အထူး ကိုယ်စားလှယ် အီဘရာဟင် ဂမ်ဘာရီ၏ နေရာအား အစားထိုး ခန့်အပ်သည့် ကိစ္စနှင့် ပတ်သက်ပြီး သဘောထား မပြောင်းသည့် အတွက် ကုလသမဂ္ဂ အဖွဲ့မှာ ပြင်းထန်စွာ ဝေဖန်မှုကို ခံနေရသည်။ ဇန်နဝါရီလတွင် အဆိုပါ နေရာကို ကုလ ရုံးအဖွဲ့မှူး ဗီဂျေနမ်ဘီယာဖြင့် အစားထိုးခဲ့ခြင်းမှာ ယာယီ ခန့်အပ်မှုသာ ဖြစ်သည်။

အပြင်းထန်ဆုံး ပက်ပက်စက်စက် ဝေဖန်ပြစ်တင် ရှုတ်ချမှုမှာမူ တစ်ချိန်က မြန်မာ အစိုးရအပေါ် အဆက်မပြတ် ပြစ်တင် ရှုတ်ချခဲ့ပြီး ယခင်နှစ်က အသံတိတ်သွားခဲ့သော ဘန်ကီမွန်းအတွက် အထူးသီးသန့် ရည်ရွယ်ပုံ ရသည်။ ဇူလိုင်လအတွင်းက ပေါက်ကြားခဲ့သော စာမျက်နှာ ၅၀ ပါ အစီရင်ခံစာတွင် ကုလသမဂ္ဂ အဖွဲ့တွင်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဌာန အကြီးအကဲဟောင်း Inqa Britt Ahlenius က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးသည် ဘန်ကီမွန်း၏ လက်ထောက် အောက်တွင် မဟာ ဗျူဟာမြောက်  လမ်းညွှန်မှုနှင့် ဦးဆောင်မှုတို့ ၃ နှစ်ခန့် ပျောက်ဆုံးနေခဲ့ပြီးနောက် အလုံးစုံ ပျက်စီး ယိုယွင်းနေပြီ ဖြစ်ကာ မြန်မာ နိုင်ငံ၏ လက်ရှိ နျူကလီယာ အစီအစဉ် ဖျက်သိမ်းရေး ကိစ္စတွင်လည်း ၎င်း၏ အနေအထားမှာ မေးခွန်း ထုတ်စရာ ဖြစ်နေသည်'' ဟု ဝေဖန် ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာနိုင်ငံ အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (SPDC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ တရုတ် ပြည်သူ့ သမ္မတနိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်တွင် ၎င်းအနေဖြင့် တရုတ် ထိပ်တန်း ခေါင်းဆောင်များ အားလုံးနှင့် တွေ့ဆုံခွင့် ရရှိခဲ့သည်။

စက်တင်ဘာလ ၈ ရက်နေ့ တရုတ် သမ္မတ ဟူဂျင်တောင်းနှင့် တွေ့ဆုံရာတွင် ၎င်းက "တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးအတွက် မြန်မာ အစိုးရ၏ ကြိုးပမ်းချက်များကို ကောင်းစွာ သိရှိ နားလည်ပြီး ထောက်ခံလျက် ရှိကြောင်း" ပြောကြားသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကမူ "တရုတ်-မြန်မာ နယ်စပ်ဒေသ ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှု ထိန်းသိမ်းရေးသည် နှစ်နိုင်ငံလုံး အတွက် လွန်စွာ အရေးကြီးပါကြောင်း" ပြန်လည် ပြောဆိုသည်။

မည်သို့ ဆိုစေ မြန်မာ နိုင်ငံတွင် လာမည့် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ဒီမိုကရေစီ ရွေးကောက်ပွဲ မတိုင်မီ နယ်စပ်ဒေသ တစ်လျှောက်ရှိ အပစ်အခတ် ရပ်စဲရေး အုပ်စုများနှင့် တင်းမာမှုမှာ ပိုမို တင်းမာလာသည်ကို တွေ့ရသည်။ ရှမ်းသံတော်ဆင့် သတင်း အေဂျင်စီ အဆိုအရ နယ်စပ်ဒေသရှိ ရှမ်းပြည်နယ် တပ်မတော် (SSA) ပင်မ အခြေစိုက် စခန်း အနီး၌ တစ်ဝိုက်တွင် မြန်မာ စစ်တပ်မှ တပ်ဖွဲ့များ ပိုမို တိုးမြှင့် ထားရှိလာကြောင်း သိရသည်။ မကြာသေးမီက ရာထူး တိုးမြှင့်ခြင်း ခံလိုက်ရသူ အရှေ့မြောက်ပိုင်း စစ်ဒေသမှူးက SSA ပင်မစခန်းသို့ သွားသည့် လမ်းကြောင်းများ အားလုံးတွင် လုံခြုံရေး တိုးမြှင့်ရန် ညွှန်ကြားချက် ထုတ်ပြန်လိုက်ပြီးနောက် ယင်းသို့ တိုးမြှင့်လာခြင်း ဖြစ်သည်။

ညီညွတ်သော ဝ ပြည်နယ် တပ်မတော် (UWSA) နှင့် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (NDAA) တို့အတွက် နယ်စပ်ဒေသစောင့် တပ်ဖွဲ့ ပြောင်းလဲ ဖွဲ့စည်းရေး အစီအစဉ်လည်း ရေးဆွဲထားပြီ ဖြစ်သည်။ ပြီးခဲ့သည့် သြဂုတ်လ ၂၀ ရက်နေ့ တွေ့ဆုံ ဆွေးနွေးပွဲတွင် အဆိုပါ အပစ်အခတ် ရပ်စဲရေး အုပ်စုနှစ်စု အနေဖြင့် စက်တင်ဘာလ ပထမပတ် အတွင်း နယ်စပ် ဒေသစောင့် တပ်ဖွဲ့ပြောင်းလဲဖွဲ့စည်းမည့် သဘော တူညီချက် တင်သွင်းရန် စစ်အစိုးရက ညွှန်ကြားခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင်လတွင် UWSA နှင့် NDAA တို့က နယ်စပ် ဒေသစောင့် တပ်ဖွဲ့ ပြောင်းလဲ ဖွဲ့စည်းမည့် ကိစ္စကို ငြင်းပယ်ခဲ့သည်။ လာမည့် ဒီမိုကရေစီ ရွေးကောက်ပွဲတွင် နိုင်ငံရေး ကိုယ်စားလှယ်များ ပါဝင်ခွင့် ရရှိမည် မဟုတ်သောကြောင့်ဟု ဆိုသည်။ ဝ အရာရှိကြီး တစ်ဦး အဆိုအရ နိုင်ငံရေး ကိုယ်စားလှယ်များ ပါဝင်ခွင့် ပိတ်ပင် ခံရသည့် ဝ ပါတီများတွင် ဝ ဒီမိုကရက်တစ် ပါတီ (WDP) နှင့် ဝ အမျိုးသား ညီညွတ်ရေး ပါတီ (WNUP) တို့ ပါဝင်ကြောင်း သိရသည်။

ထို့အတူ ဒီမိုကရက်တစ် ကရင် ဗုဒ္ဓဘာသာ တပ်ဖွဲ့ (DKBA) တပ်မဟာ ၉၀၇ မှ ဗိုလ်ချုပ်ကြီး စောလဘွဲ့ကလည်း စစ်အစိုးရ၏ နယ်ခြား ဒေသစောင့် တပ်ဖွဲ့ ပြောင်းလဲ ဖွဲ့စည်းရေး အစီအစဉ်ကို လက်မှတ် မရေးထိုးနိုင်ကြောင်း ငြင်းပယ်ခဲ့သည်။ အဆိုပါ အစီအစဉ်သည် တိုင်းရင်းသား တပ်သားများအား မြန်မာ စစ်တပ်ထဲသို့ ထည့်သွင်းသည့် ကိစ္စတစ်ခု ဖြစ်သည်ဟု လက်နက်ကိုင် အဖွဲ့အစည်း အများစုက ရှုမြင်ကြသည်။

အပစ်အခတ် ရပ်စဲရေး လက်နက်ကိုင် အဖွဲ့တစ်ခု ဖြစ်သော မွန်ပြည်သစ် ပါတီ (NMSP) ကလည်း အဆိုပါ အစီအစဉ်ကို ငြင်းပယ်ထားကြောင်း NMSP နှင့် နီးစပ်သော သတင်း ရင်းမြစ်များက ဆိုသည်။ မွန်တိုင်းရင်းသားများ လွတ်လပ်မှု မရရှိသေးသရွေ့ လက်နက်ကိုင် တော်လှန်သွားမည် ဖြစ်ကြောင်း NMSP ခေါင်းဆောင်များက ဆိုသည်။

အပစ်အခတ် ရပ်စဲထားသော လက်နက်ကိုင် တပ်ဖွဲ့များ အနေဖြင့် နယ်ခြား ဒေသစောင့် တပ်ဖွဲ့ ပြောင်းလဲ ဖွဲ့စည်းရေး အစီအစဉ်ကို သဘောမတူပါက သို့မဟုတ် သဘော တူညီကြောင်း တုံ့ပြန်မှု မပြုပါက ၎င်းတို့အား တရားမဝင် အဖွဲ့အဖြစ် သတ်မှတ်သွားမည် ဖြစ်ကြောင်း နေပြည်တော်က ကြေညာချက် ထုတ်ပြန်ထားသည်။ UWSA အဖွဲ့ အဆိုအရ နေပြည်တော်မှ နောက်ထပ် ကြေညာချက် တစ်စုံတစ်ရာ ထွက်ပေါ်လာခြင်း မရှိသေးကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၉ ရက်နေ့တွင် UWSA အဖွဲ့ နယ်စပ် ဒေသစောင့် တပ်ဖွဲ့ ပြောင်းလဲမည့် ကိစ္စနှင့် ပတ်သက်ပြီး အချက် ရှစ်ချက်ပါ တန်ပြန် အဆိုပြုချက် တစ်ရပ် ပေးပို့ခဲ့သော်လည်း စစ်အစိုးရက ပယ်ချခဲ့သည်။ ထို့အတူ မုံလအုပ်စုဟု အမည်ရသော NDAA အဖွဲ့၊ ကချင် လွတ်လပ်ရေး တပ်ဖွဲ့ (KIA) နှင့် SSA တို့ကလည်း တန်ပြန် အဆိုပြုချက်များ ပြုလုပ်ခဲသည်။

နေပြည်တော်က ယင်းသို့ နယ်ခြား ဒေသစောင့် တပ်ဖွဲ့ ကိစ္စကို သဘော မတူညီပါက တရားမဝင် အဖွဲ့အဖြစ် သတ်မှတ်မည်ဟု ကြေညာချက် ထုတ်ပြန်ပြီး နောက်ပိုင်း လက်နက်ကိုင် အုပ်စုများ မြန်မာ စစ်တပ်ကို ရင်ဆိုင် တိုက်ခိုက်ရန် ပိုမို ညီညွတ်မှု ရှိလာသည်ကို တွေ့မြင်ရသည်။

လက်ရှိ စာရင်းများအရ နယ်ခြား ဒေသစောင့် တပ်ဖွဲ့ ပြောင်းလဲရေး အစီအစဉ်ကို လက်သင့် မခံသော အဖွဲ့အစည်းများမှာ UWSA၊ MNSAA၊ KIA၊ SSA မြောက်ပိုင်းတပ်မဟာ၊ ကယန်း ပြည်နယ်သစ် ပါတီ (KNLP) နှင့် မွန်ပြည်သစ် ပါတီတို့ ဖြစ်ကြသည်။ အဆိုပါ အဖွဲ့အစည်း အားလုံးက
၎င်းတို့ အနေဖြင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့် မရရှိပါက စစ်အစိုးရ၏ တောင်းဆိုမှုကို လက်သင့်ခံမည် မဟုတ်ဟု ဆုံးဖြတ်ထားကြပြီး ဒီမိုကရေစီ ရွေးကောက်ပွဲကို ထောက်ခံမှု သို့မဟုတ် ဝင်ရောက် ယှဉ်ပြိုင်မှု ပြုလုပ်မည် မဟုတ်ပေ။

မြန်မာ နိုင်ငံ၏ လတ်တလော အခြေအနေအရ တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများ အတွက် လက်နက်ကိုင် တော်လှန်ရေးသည်သာ ပန်းတိုင်သို့ ရောက်ရှိစေမည့် လက်တွေ့ ကျသော နည်းလမ်း ဖြစ်နေသည်ကို တွေ့ရသည်။

သို့အတွက်ကြောင့် နယ်စပ်ဒေသ ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှု ထိန်းသိမ်းရေး ဟူသည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အိပ်မက်မှာလည်း လက်တွေ့ အခြေအနေများနှင့် ကိုက်ညီမှု ရှိလာမည် မဟုတ်ပေ။

Burmadigest မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Radio Australia News, by Zoe Daniel, 13th September 2010

မြေမြှုပ်မိုင်း ထိထားသော လူများသည် မြန်မာ နယ်စပ်ကို ဖြတ်၍ ထိုင်းနိုင်ငံသို့ ဆေးကုသရန် ဖြတ်ကျော် ဝင်ရောက်လာမှုမှာ ပိုမို တိုးပွားလျက် ရှိသည်။ နယ်စပ်ရှိ မိုင်းများ၏ သားကောင်များမှာ ရွာသားများ၊ လက်နက်ကိုင် သူပုန်များနှင့် အစိုးရ စစ်သားများ ဖြစ်ကြသည်ဟု ဆိုသည်။

အဆိုပါ ထိုင်းမြန်မာ နယ်စပ်ရှိ မဲဆောက်တွင် မိုင်းထိထားသူများမှာ ခြေတု၊ လက်တု တပ်ရန် ပြုလုပ်ကြရသည်။

ခြေတု၊ လက်တု ဌာန မန်နေဂျာ Mokay က ပြောကြားရာတွင် ဆေးခန်းသို့ ရောက်လာသူများသည် မည်သည့် အဖွဲ့မှ ဖြစ်စေ ရည်ရွယ်ချက်တူဖြင့် လာရောက်ကြခြင်း ဖြစ်သည်ဟု ဆိုသည်။

"ကျွန်တော်တို့ ဒီမှာ ဒီလူတွေ အတွက် ကောင်းတဲ့လုပ်ငန်းကို လုပ်နေတာပါ။ ဘာလို့လဲဆိုတော့  မြန်မာပြည်မှာ ခြေတုလက်တု လုပ်ဖို့ အတော် ခက်ပါတယ်" ဟု ၎င်းက ဆိုသည်။

အဆိုပါ ဆေးခန်းသည် နှစ်စဉ် လူ ၂၅၀ ခန့်အား ခြေနှစ်ချောင်းဖြင့် ပြန်လမ်းလျှောက် နိုင်အောင် ပြုလုပ်ပေးနိုင်ခဲ့သည်။

Mokay မှာ ယခင်က လက်နက်ကိုင် သူပုန်တစ်ဦး ဖြစ်ပြီး လွန်ခဲ့သော ၂၅ နှစ်ခန့်က မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်း နင်းမိပြီး ခြေနှစ်ဖက် ဆုံးရှုံးခဲ့ရသူ ဖြစ်သည်။

သူသည် ပြင်သစ် ဆရာဝန်နှင့် ခြေတုနှစ်ချောင်း တပ်ပြီး၊ ထိုပညာကို သင်ယူကာ ထိုဒေသတွင် အခြား ဒဏ်ရာရသူများကို ကုသပေးနေသည်။

သူနှင့် သာကျော်လှ ကဲ့သို့သော သူ့ဝန်ထမ်းများသည် လူနာများ၏ ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာရော စိတ်ထဲမှ ခံစားချက်များကိုပါ ကုသပေးနိုင်သည့် အတွေ့အကြုံများ ရှိသည်။

"ဘယ်ကောင်းနိုင်ပါ့မလဲဗျာ" ဟု ၎င်းက ဆိုသည်။

"ကျွန်တော် လမ်းကောင်းကောင်း လျှောက်နိုင်ပြီ ဆိုပေမယ့် အဖြစ်အပျက်က စိတ်ထဲမှာ ရှိနေတုန်းပဲ။ ဒါပေမယ့် အခု ခြေတုနဲ့ပဲ ကျွန်တော် ပျော်ပါတယ်" ဟု Mokay က ပြောပြသည်။

ထိုင်းနိုင်ငံ မဲဆောက်ရှိ ဆေးခန်းသို့ နေ့စဉ် လူနာ သုံးလေးရာခန့်သည် ရောဂါပေါင်းစုံနှင့် လာရောက် ပြသကြသည်။ သို့သော် နှစ်စဉ် ခြေတု တပ်ရန် လာသော လူနာများ ပို၍ များလာသည်။

ဆေးခန်းက မည်သည့် အဖွဲ့မှမဆို လက်ခံ ကုသပေးသည်။ တစ်ခါတစ်ရံ မိုင်းနင်းမိသော မြန်မာ စစ်သားများပင် လာကြသည်။

မဲဆောက် ဆေးခန်းသည် ဖျားနာနေသော လူများနှင့် အန္တရာယ်နှင့် ရင်ဆိုင်နေရသူများ အတွက် ရွေးစရာ အနည်းငယ်သာ ရှိသော ဆေးခန်းများ အနက်မှ တစ်ခု ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 13th September 2010

ကမ္ဘောဒီးယား အထည်ချုပ် စက်ရုံများမှ အလုပ်သမား ထောင်ပေါင်း များစွာက သီတင်း တစ်ပတ်ကြာ ဆန္ဒပြမှုများကို စတင် လှုပ်ရှားခဲ့ကြသည်ဟု သိရှိရသည်။

ဆန္ဒပြကြခြင်း၏ အကြောင်းရင်းမှာ နည်းပါးလှသော လစဉ် လုပ်ခ လစာကို ၅ ဒေါ်လာသာ တိုးပေးခြင်းကြောင့် ဖြစ်ပြီး ၎င်းတို့၏ အလုပ်သမား သမဂ္ဂများက နည်းလွန်းသဖြင့် လက်မခံဟု သိရသည်။

ကမ္ဘောဒီးယား အထည်ချုပ် စက်ရုံများမှ အဝတ်အထည်များကို ဝယ်ယူနေကြသော ကမ္ဘာ့ နာမည်ကြီး တံဆိပ်များတွင် Gap၊ Levi's နှင့် Marks and Spencer တို့လည်း ပါဝင်သည်။

ဆန္ဒပြပွဲများသို့ အလုပ်သမား ၈ သောင်းခန့် ပါဝင် ပူးပေါင်းကြမည်ဟု သမဂ္ဂ ခေါင်းဆောင်များက ပြောကြားသော်လည်း အစောပိုင်း လက္ခဏာများအရ အနည်းငယ်သာ ပါဝင် ခဲ့ကြသည်ကို တွေ့ရှိရသည်။

ဖနွမ်းပင် တဝိုက်ရှိ အထည်စက်ရုံ များမှာမူ ပုံမှန် လည်ပတ်နေဆဲ ဖြစ်သည်။

ယင်းသို့ လည်ပတ်နေမှုကြောင့် ယခင် အပတ်က ကမ္ဘောဒီးယား အလုပ်သမား အဖွဲ့ချုပ်နှင့် သဘော တူညီမှု ရရှိထားသည်ဟု ယူဆနေကြသော အလုပ်ရှင်များ အတွက် သက်သာရာ ရစေသည်။

အလုပ်ရှင်များက အကျိုး ခံစားခွင့် အစီအစဉ်ကို ပြန်လည် စေ့စပ် ညှိနှိုင်းရန် ကမ်းလှမ်းခဲ့ကြပြီး၊ အပြန် အလှန် အားဖြင့် အလုပ်သမား အဖွဲ့ချုပ်က ဆန္ဒပြမှုများနှင့် အနည်းဆုံး လစာကို ၅၀ % တိုးပေးရန် တောင်းဆိုထားမှုများကို ရုတ်သိမ်းပေးရမည်ဟု ဆိုသည်။

အထည်ချုပ် လုပ်သား သမဂ္ဂ အများစုမှာ လစဉ် လုပ်ခ လစာ အပေါ် ၅ ဒေါ်လာ တိုးပေးမှုကို လက်ခံခဲ့ကြပြီး ဖြစ်သည်။

ယခု ဆန္ဒပြမှုများကြောင့် ကမ္ဘောဒီးယား အထည်ချုပ် ကဏ္ဍ ပြန်လည် နာလံထူလာမှုကို ထိခိုက် စေနိုင်သည်။ ကမ္ဘာ့စီးပွားရေး အကျပ်အတည်း ကာလအတွင်း ရုန်းကန်ခဲ့ရသော အထည်ချုပ် လုပ်ငန်းမှာ ယခုနှစ် ပထမနှစ်ဝက် အတွင်း လျင်မြန်စွာ ကြီးလာခဲ့သည်။

ကမ္ဘောဒီးယား အထည်ချုပ် စက်ရုံများသည် "အလုပ်သမား ကွင်းဆက်" ဟု ခေါ်သော မူဝါဒကြောင့် နာမည်ကြီး တံဆိပ် အဝတ်အထည် ကုမ္ပဏီများကို ဆွဲဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။

၎င်းမူဝါဒ အရ အလုပ်လုပ်၍ ကောင်းသော အခြေအနေများကို အာမခံချက် ပေးထားပြီး ILO ကလည်း စက်ရုံ စစ်ဆေးမှုများကို ညှိနှိုင်းပေးသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

14th Sept 2010

အာဖဂန် နစ္စတန်နိုင်ငံ မြို့သစ်တွင် လမ်းလျှောက်ကြည့်ပါက နေရာ အနှံ့ရှိ ပိုစတာများတွင် ဝင့်ကြွားနေသော၊ ဘာမထီ မျက်နှာထားနှင့်၊ သွားရေ ကျနေသယောင်ထိ ပြုံးနေသော မျက်နှာများကို တွေ့ရမည် ဖြစ်သည်။ ပါလီမန် ရွေးကောက်ပွဲများသည် နှစ်ပတ်သာ လိုတော့သည် ဖြစ်ရာ၊ မဲဆွယ်မှုများမှာ ပိုမို ပြင်းထန်လာသည်။ ကာဘူးမြို့တော်တွင် ကိုယ်စားလှယ် (၆၆၄) ဦး ယှဉ်ပြိုင်မည် ဖြစ်ရာ၊ ၎င်းထက် များပြားသော မြို့မရှိဘဲ တစ်ပြည်လုံး၏ လေးပုံတစ်ပုံ ကျော်ပြီး မဲပြားများ ရှိသော်လည်း ဒီမိုကရေစီမှာ လျင်မြန်စွာ ဖြစ်ထွန်းနေသည်ဟု ထင်ရသယောင် ရှိသည်။ အမှန်တကယ်တွင်မူ ပြည်နယ်များတွင် ဥပဒေမဲ့မှုများကြောင့် ကာဘူးတွင် စစ်ပြေးဒုက္ခသည် အဖြစ် ခိုလှုံရင်း၊ မြို့တော်တွင် ကိုယ်စားလှယ်များက နေထိုင်ရာ အဖြစ် ရွေးချယ်လာကြခြင်းကြောင့် ဖြစ်သည်။

အခြေအနေ ဆိုးသော ဧရိယာများမှ ကိုယ်စားလှယ်များသည် မြို့တော်ရှိ မဲဆန္ဒနယ်များကို ကိုယ်စားပြုရန် အပြီး ပြောင်းရွှေ့လာကြသည်။ အခြားရန်သူများ ဝိုင်းနေသော ပြည်နယ်များ ရှိမူရင်း ဒေသများကို ကိုယ်စားပြုသော ကိုယ်စားလှယ်များမှာ ထိုဒေသများတွင် အမည်သာ ရှိပြီး၊ ရွေးကောက်ပွဲရက် နီးကပ်သည့်တိုင် အိမ်သို့ ပြန်မသွားရဲကြပေ။ (၎င်းတို့ကို အိမ်မပြန်သော်လည်း ၎င်းတို့၏ ရုံးများကို ဖွင့်ခွင့်ပြုထားသည်။) "အခုဆို လူထဲ ထွက်ရမှာ အန္တရာယ် အလွန်များပါတယ်။ ဒီတော့ ကျွန်မ လူတွေနဲ့ ထိတွေ့ဘို့ အခြား နည်းလမ်းတွေ ရှာရတော့တာပေါ့'' ဟု Baghlan နယ်မှ ပါလီမန် အမတ်အမျိုးသမီး Najia Aimag  ကပြောသည်။ Baghlan နယ်သည် ယမန်နှစ် သမ္မတ ရွေးကောက်ပွဲတွင် ဆိုးဝါးမှုများ ပြင်းထန်သည်ကို တွေ့ရသည်။ ယခုအခါ သူမသည် တစ်နှစ်ပတ်လုံး ကာဘူးတွင်သာ နေထိုင်သည်။ Afghanistan Analysts Network မှ  Fabrizio Foschini ၏ အဆိုအရ မြို့တော်တွင်သာ စုဝေး နေထိုင်ခြင်း၏ လက္ခဏာမှာ တိုင်းပြည်၏ အခြား ဒေသများတွင် အစိုးရက ချုပ်ကိုင်မထားနိုင်တော့ကြောင်း ပြသခြင်းပင် ဖြစ်သည် ဟု ဆိုသည်။ (ယခုထိ စစ်သွေးကြွများဟု သံသယ ရှိသူများက ကိုယ်စားလှယ်လောင်း သုံးဦးကို သတ်ဖြတ်ခဲ့ပြီး၊ ထိုတိုက်ခိုက်မှုတွင် တစ်ဒါဇင်ထက် မနည်း ဒဏ်ရာ ရရှိသည်)

လွန်ခဲ့သော တစ်နှစ်က တာလီဘန်များသည် မဲရုံများကို ပိတ်ရန်နှင့် ရာပေါင်း များစွာသော လူများ မဲရုံသို့ မလာအောင် ခြိမ်းခြောက်၍ ထင်ယောင်ထင်မှား ဖြစ်အောင် ပြုလုပ်ခဲ့သည်။ သမ္မတ Hamid Karzai သည် ၎င်း၏ ဒုတိယ သက်တမ်း အဖြစ် အရွေးခံရပြီး၊ တရားဝင် ဖြစ်စေရန်သာ ကျင်းပခဲ့ခြင်း ဖြစ်သည်။ လာမည့် ရွေးကောက်ပွဲသည် တိုးတက်မှု ရှိမည့် လက္ခဏာ မရှိပေ။ သမ္မတသည် ဝေဖန်သူများက ရွေးကောက်ပွဲ ဆိုင်ရာ ပြုပြင်မှုများ တောင်းဆိုမှုအား လက်မခံပဲ မဲလိုရာ ဆွဲမှုများအတွက် ကော်မရှင်၏ စစ်ဆေး အရေးယူနိုင်ခွင့်ကို ကန့်သတ်ရန် ပြုလုပ်လာသည်။ မဲရုံများ၏ ၁၀ % ကျော်မှလည်း ရွေးကောက်ပွဲနေ့တွင် လုံခြုံမှု မရှိ၍ ဖွင့်လိမ့်မည် မဟုတ်ပေ။  တစ်ချိန်တည်းမှာပင် စစ်ရာဇဝတ်ကောင်များဟု စွပ်စွဲခံထားရသူများသည် Wolesi  Jirga ခေါ် အောက်လွှတ်တော် (၂၄၉) နေရာအတွက် ယှဉ်ပြိုင်မည့် (၂၅၀၀) အတွင်းတွင် ပါဝင်နေသည်။ အစိုးရသည် အများ လက်ခံမှု လျော့ပါးလာသည်နှင့်အမျှ တာလီဘန်များက အစိုးရ တာဝန်ရှိသူများကို မြို့ကြီးများသို့ ပြောင်းရွှေ့အောင် မောင်းထုတ်ကာ အမြတ် ထုတ်လိမ့်မည် ဖြစ်သည်။

၎င်းအထဲတွင် Fazlullah Mujadidi  လည်း  တစ်ယောက် အပါအဝင် ဖြစ်သည်။ လွန်ခဲ့သော ငါးနှစ်က သူသည် ကာဘူးတို့ ဝင်ရောက်သော တောင်ဖက်ဝင်ပေါက် ဖြစ်သော Logar ပြည်နယ်ကို ကိုယ်စားပြုခဲ့သည်။ ၎င်းသည် ၁၉၈၀ ခုနှစ်များက ရုရှားကို ဆန့်ကျင်ခဲ့သော ဂျီဟတ်တွင် မူဂျာဟီဒင် တပ်မှူးဟောင်း တစ်ဦး ဖြစ်သည်။ "ကျွန်တော့် ဘဝက Logar မှာထက်စာရင် ကာဘူးမှာ ပိုကောင်းတယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ တာလီဘန်တွေက ပိုအားကောင်းလာပြီး၊ ကျွန်တော့်ကို ခြိမ်းခြောက်မှုတွေ ပိုလုပ်လာလို့ပါပဲ'' ဟု ၎င်းက ပြောသည်။ တာလီဘန်များသည် မဲဆွယ်၍ မရနိုင်ကြောင်း ၎င်းက ပြောသည်။ သူသည် သူ၏ မဲဆန္ဒနယ်ရှိ မိသားစုဝင်များ မိတ်ဆွေများထံသို့ မကြာခဏ သွားရောက်ခဲ့သော်လည်း၊ ပါလီမန် အမတ်တစ်ဦး အနေဖြင့် မြို့တော်တွင်သာ နေထိုင်နေရခြင်း အတွက် နောက်တ မရကြောင်း ပြောသည်။ ထို့အပြင် " ကျွန်တော် ဘယ်မှာ ရှိနေတယ် ဆိုတာ အရေးမကြီးပါဘူး။ ကျွန်တော့် ရည်ရွယ်ချက် ဖြစ်တဲ့ အာဖဂန်နစ္စတန် ပြည်သူတွေကို အလုပ်အကျွေး ပြုရရင် တော်ပါပြီ။'' ဟု ထပ်လောင်း ပြောကြားသည်။

ထို့အတူပင် အမတ်များသည် မတည်ငြိမ်မှုကြောင့် အထုပ်အပိုး ပြင်ကာ မြို့ပြဗဟိုသို့ ပြောင်းရွှေ့ နေထိုင်ကြရသည်။ အာဖဂန် နစ္စတန်တွင် လူဦးရေ (၂၈) သန်း ရှိသည့်အနက် တရားဝင် ကိန်းဂဏန်းများအရ ကာဘူး ပြည်နယ်တွင် (၃.၅) သန်း နေထိုင်သည်ဟု ဆိုသော်လည်း အချို့က ထိုထက်ပို၍ (၅) သန်း ကျော်မည်ဟု ခန့်မှန်းကြသည်။ ထို့အပြင် သုံးသပ်သူများ တွေ့ရှိသော အချက်မှာ နေရပ်ကို စွန့်ခွာ၍ ကာဘူးတွင် ဝင်ရောက် အရွေးခံကြသော ကိုယ်စားလှယ်များသည် မြို့တော်နှင့် နီးသော Logar၊ Wardak နှင့် Parwan နယ်များမှ ဖြစ်ပြီး၊ ထိုအရပ်များရှိ ၎င်းတို့ကို ထောက်ခံသူများ မြို့တော်သို့ တက်၍ ၎င်းတို့အတွက် မဲပေးရန် ရည်ရွယ်ကြသည် ဆိုသော အချက်ပင် ဖြစ်သည်။ ၎င်းမှာ အမှန်တကယ်ပင် ဖြစ်သည်။ ပြီးခဲ့သည့် လက မဲဆန္ဒရှင်များ မှတ်ပုံတင်ရာတွင် ကာဘူး၏  အနီး ပတ်ဝန်းကျင်မှ လူများ အုပ်စုလိုက် တက်၍ စာရင်းပေးကြသည်ဟု သတင်း ပေးပို့မှုများ ရှိခဲ့သည်။

အခြားသော ကိုယ်စားလှယ်များကလည်း Aimag ကဲ့သို့ပင် ၎င်းတို့၏ မိခင် ပြည်နယ်များမှ ရွေးကောက်ပွဲ ဝင်ခဲ့သော်လည်း ထိုဒေသများသို့ ခြေချရုံမျှသာ သွားရောက်ခဲ့သည်။ Aimag သည် သူမ၏ ဇာတိ ဖြစ်သော Baghlan  မှ လေးလကျော် ဝေးကွာနေရာမှ ပြီးခဲ့သည့် လက သူမသည် ကိုယ်ရံတော် တစ်ဦးဖြင့် အန္တရာယ် မရှိစေရန် မထင်မရှား သွားရောက်ခဲ့သည်။ လူကြားထဲတွင် ထွက်ပြရန် မဖြစ်နိုင်သောကြောင့်၊ သူမ၏ စိတ်ချ ယုံကြည်ရသော ထောက်ခံသူများသည် သူမ၏ မိသားစုအိမ်သို့ သွားရောက်၍ လူထုသို့ ပါးလိုသော သတင်းစကားများကို သယ်ဆောင်ကြသည်။

ထိုနည်းတူစွာပင် Kandahar မှ ပါလီမန် အမတ် Shakiba Hashimi  သည်လည်း တာလီဘန်များ အားကောင်းစွာ ခြေကုတ်ယူထားသော ဒေသမှ လူများနှင့် ဆက်သွယ်ရန် ကာဘူး အခြေစိုက် ရေဒီယို သတင်းဌာနကို အသုံးပြုရသည်။ ထိုဒေသတွင် သူမအား တာလီဘန်များက သတ်ပစ်မည်ဟု ခြိမ်းခြောက်ထားသည်။ စစ်သွေးကြွများက သာမက ထိုပြည်နယ်ကောင်စီ အကြီးအကဲ သမ္မတ သစ္စာခံ သမ္မတ၏ ညီဝမ်းကွဲ တော်စပ်သူ Ahmed Wali Karzai  ကလည်း သူမကို အန္တရာယ် ပြုရန် ရှိသည်။ အဘယ်ကြောင့် ဆိုသော် သူမက ၎င်းအား ခြစားခြင်းနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်းများနှင့် ပတ်သက်နေကြောင်း စွပ်စွဲ၍ အနောက်နိုင်ငံ မီဒီယာများတွင် ဖြန့်ဝေခဲ့ခြင်းကြောင့် ဖြစ်သည်။ ထိုကြောင့် သူမသည် လျှို့ဝှက်၍ သွားလာနေရသည်။

အမတ်များ မြို့တော်တွင် ပြောင်းရွှေ့ နေထိုင်ခြင်းအတွက် ကြောက်ရွံ့ခြင်းကြောင့်ဟု အကြောင်း ပြကြသည်။ သို့သော် ကာဘူး ဇာတိ ပထမဦးဆုံး အကြိမ် အမတ်လောင်း Haroun Mir  ၏ အဆိုအရ မြို့တော်တွင် အမတ်များ ပုံတိုက်နေခြင်းမှာ ငွေကြောင့် ဖြစ်ကြောင်း ဆိုသည်။ စစ်ပွဲ စီးပွားရေးသည် ငွေရလွယ်သော လုပ်ငန်း ဖြစ်ပြီး ပြင်ပမှ လူများကို ဆွဲဆောင်လျက် ရှိသည်။ ကာဘူးတွင် အမတ် နေရာ (၃၃) နေရာ ယှဉ်ပြိုင်ရမည် ဖြစ်ရာ အမတ်လောင်းများသည် မဲဆွယ်ရန် TV တွင် အသုံးပြုရန်နှင့် ကြော်ငြာအတွက် စီးပွားရေးသမားများက ငွေကြေး ကုန်ကျခံပေးကြသည်။ ပါလီမန် အမတ် ဖြစ်လာပါက ဥပဒေ အရ အကာအကွယ်များစွာ ရသောကြောင့် ဆွဲဆောင်မှု ကောင်းသော အပိုဆု ဖြစ်နေသည်။ "အလုပ် မဖြစ်တဲ့ ပါလီမန်မှာ အမတ်ဖြစ်ဖို့ ဘာလို့ငွေ ဒီလောက် သုံးနေသလဲ မသိဘူး'' ဟု Haroun Mir က ပြောသည်။

Mir တွင် သုံးစွဲရန် ငွေကြေး အကန့်အသတ် ရှိနေရာ၊ သူသည် နိုင်ငံတွင်း မီဒီယာများတွင် ၎င်း၏ လေးစားဖွယ် နိုင်ငံရေး ခွဲခြမ်း စိတ်ဖြာလေ့လာသူ အဖြစ် ရှိနေမှုကို အသုံးပြု၍ ဘဏ်များနှင့် ဆက်သွယ်နေရာ အခြား စီးပွားရေး သမားများနှင့် ပတ်သက်ရခြင်းထက် အကူအညီ ပိုရမည် ဟု မျှော်လင့်နေသည်။ ရွေးချယ်ခံရပါက ၎င်း၏ အနေအထားသည် ပိုမို ထိရောက်လိမ့်မည်ဟု မျှော်လင့်နေရသည်။ " သေချာတာကတော့ ဒါဟာ ကျွန်တော်တို့ အတွက် နောက်ဆုံး အခွင့်အရေးပါပဲ။ ငွေတွေ အများကြီး သုံးရတဲ့ ပြိုင်ဆိုင်မှုမျိုးမှာ မျှော်လင့်ချက်ထားဖို့ အတော် ခဲယဉ်းပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ တောင့်ခံနိုင်တုန်းပါပဲ'' ဟု Mir က ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Associated Press, 14th September 2010

တိုကျို ကုန်သွယ်ရေး လောကတွင် ၁၅ နှစ် အတွင်း ပထမဆုံး အဖြစ် အမေရိကန် တစ်ဒေါ်လာလျှင် ၈၃.၂၈ ယန်း၏ အောက်သို့ ကျဆင်းသွားခဲ့သည်။

ပြီးခဲ့သော ဗုဒ္ဓဟူးနေ့က တစ်ဒေါ်လာလျှင် ၈၃.၃၅ ယန်းသို့ ကျဆင်းခဲ့ခြင်းကို ယခု စံချိန် ချိုးလိုက်ခြင်း ဖြစ်သည်။

တရုတ် နိုင်ငံမှ ဖွံ့ဖြိုး ကြီးထွားမှု လက္ခဏာများ အပေါ် ရင်းနှီး မြှုပ်နှံသူများ၏ လောင်းကြေးထပ် စွန့်စားမှုများ မြင့်တက်နေသည့် နယူးယောက်တွင် ဒေါ်လာကို တစ်ညလုံး ကျားကန်ခဲ့ကြပြီး ဖြစ်သည်။

တန်ဖိုး တက်လာသော ယန်းငွေကြောင့် ဂျပန်သို့ ပြန်ပို့သော ပြည်ပမှ ဝင်ငွေများ ပွန်းပဲ့သွားကာ ဂျပန် ပို့ကုန် လုပ်ငန်းရှင်များကို အထိနာစေခဲ့သည်။

ဒုတိယ ကမ္ဘာစစ် ပြီးသည့် နောက်ပိုင်း အနိမ့်ဆုံးအဖြစ် ၁၉၉၅ ခုနှစ်က တစ်ဒေါ်လာလျှင် ၇၉.၇၅ ယန်း အထိ ကျဆင်းခဲ့ဖူးသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Reuters, AP, 14th Sept 2010

မြောက်ကိုးရီးယား ခေါင်းဆောင် ကင်ဂျုံအီ၏ ကျန်းမာရေးကြောင့် အာဏာရ ကွန်မြူနစ် ပါတီ၏ ရှားရှားပါးပါး ညီလာခံ စတင် ကျင်ပရန် နှောင့်နှေးလျက် ရှိသော်လည်း ၎င်း၏ ကျန်းမာရေး အခြေအနေမှာ ညီလာခံ ဖျက်သိမ်း ရလောက်အောင် ဆိုးဝါး ပြင်းထန်ခြင်း မရှိဟု တောင်ကိုးရီးယား ရုပ်သံက တနင်္ဂနွေနေ့တွင် ထုတ်လွှင့်ခဲ့သည်။

လျှို့ဝှက်လွန်းသော ကိုးရီးယား ကျွန်းဆွယ် နိုင်ငံ၏ အုပ်ချုပ်သူ အလွှာကို အနှစ် ၃၀ အတွင်း ပထမဆုံး အကြိမ် စုစည်းမည့် အလုပ်သမားပါတီ WPK  ညီလာခံသည် ခေါင်းဆောင်ပိုင်း အသစ် ရွေးကောက်ရန် ကျင်းပခြင်း ဖြစ်ပြီး ကင်ဂျုံအီ ၏ ကျန်းမာရေး ယိုယွင်းလာမှုကြောင့် ၎င်း၏ အငယ်ဆုံးသားအား ကင်နန်းဆက်၏ ဆက်ခံသူအဖြစ် တရားဝင် တင်မြှောက်မည့် အလားအလာ ရှိသည်။ အဆိုပါ ကွန်မြူနစ် ပါတီ ညီလာခံကို စက်တင်ဘာ ၁ရက်မှ ၁၅ရက်အတွင်း တစ်ရက်ရက်တွင် ကျင်းပရန် စီစဉ်ထားသည်ဟု သိရှိရသည်။

၁၉၅၃ ကိုးရီးယား စစ်ပွဲမှာ အပစ်အခတ် ရပ်စဲရေး စာချုပ်မျှသာ လက်မှတ် ရေးထိုးထားခြင်း ဖြစ်၍ တောင်နှင့်မြောက် ကိုးရီးယား ၂ နိုင်ငံ စစ်မပြီးသေးသည့် သဘော သက်ရောက်နေရာ၊ မည်သည့် အပြောင်းအလဲများကို ပြင်ဆင်နေသည်၊ တပ်ဖွဲ့ဝင် ၁.၂ သန်းနှင့် အရံစစ်သည် ၇.၇ သန်းရှိ စစ်အင်အားကို မည်သူက အမိန့်ပေးမည် စသည်တို့ကို သိရှိရန် ဒေသတွင်း အင်အားကြီးများက ဆန္ဒ ပြင်းပြနေကြသည်။ လက်ရှိ ခေါင်းဆောင် ကင်ဂျုံအီ (၆၈) နှစ်မှာ ၂၀၀၈ ခုနှစ်က လေဖြတ် ဝေဒနာ ခံစားခဲ့ရသည်ဟု သံသယ ရှိနေကြပြီး ၂၀၀၉ ခုနှစ်တိုင်အောင် လပေါင်းများစွာ လူလုံးပြနိုင်ခဲ့ခြင်း မရှိပါ။

လွန်ခဲ့သော အနည်းငယ် အတွင်း အပယ်ခံ မြောက်ကိုးရီးယား နိုင်ငံ၏ အဓိက ထောက်ခံသူ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သော ခရီးစဉ်များတွင်လည်း ၎င်း၏ ပုံစံမှာ ချိနဲ့နေသည့် လက္ခဏာ ရှိသည်။ ပြီးခဲ့သော လက တရုတ်နိုင်ငံ အနှံ့ ၅ ရက်ကြာ ခြေဆန့်ခဲ့ပြီးနောက် ကင်ဂျုံအီ၏ ကျန်းမာရေး ဆိုးဝါးလာသည်ဟု သိရကြောင်း ဆိုးလ်မှ ထောက်လှမ်းရေး အရာရှိ တစ်ဦးက ပြောကြားခဲ့ခြင်းကို YIN ရုပ်သံက ကိုးကား ထုတ်လွှင့်ခဲ့သည်။ သို့သော် မကြာမီ စတင် ကျင်းပတော့မည့် ကွန်မြူနစ်ပါတီ ညီလာခံ ဖျက်သိမ်းရလောက်အောင် "ကင်" ၏ ကျန်းမာရေး ဆိုးဝါးခြင်း မရှိဟုလည်း သတင်း ရင်းမြစ်က ဆိုသည်။

ဆိုးလ်မှ အစိုးရ တာဝန်ရှိသူများကမူ အဆိုပါ သတင်းအပေါ် မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့ကြသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AFP, 14th Sept 2010,

မြောက်ကိုးရီးယား ခေါင်းဆောင် ကင်ဂျုံအီသည် မြောက်ကိုးရီးယားတွင် ဒုတိယ အကြိမ် အဖေမှ သားသို့ အာဏာ လွှဲပြောင်းရေးနှင့် ပတ်သက်၍ ၎င်း၏ အဓိက မဟာမိတ် တရုတ်ထံမှ ထောက်ခံမှု ရရှိခဲ့ကြောင်း၊ တောင်ကိုးရီးယား စပိုင် အကြီးအကဲက ပြောခဲ့သည်ဟု သတင်းရရှိခဲ့သည်။

အမျိုးသား ထောက်လှမ်းရေး (NIS)  ဒါရိုက်တာ Won Sei-Hoon ပြောကြားမှုကို  CHosun Ilbo သတင်းစာက ကိုးကား ဖော်ပြရာတွင် ကင်ဂျုံအီသည် ပြီးခဲ့သည့် လကုန်က တရုတ် ခရီးစဉ်တွင် ၎င်း၏သား အငယ်ဆုံး Jong-Un ထံ အာဏာဆက်ခံရန် ဖွင့်ပြောခဲ့သည်ဟု ဆိုသည်။

Won သည် တနင်္လာနေ့က ပါလီမန်၏ ထောက်လှမ်းရေး ကော်မတီ၏ တံခါးပိတ် အစည်းအဝေးတွင် အမတ်များအား ပြောကြားခဲ့ခြင်း ဖြစ်သည်ဟု သတင်းစာက ကိုးကား ဖော်ပြခဲ့သည်။

Yonhap သတင်း ဌာနကလည်း အလားတူ သတင်းကို ဖော်ပြခဲ့သည်။

"Kim က တရုတ်ပြည်ကို အကူအညီရဖို့ သွားခဲ့တာ သိပ်မအောင်မြင်ပေမယ့် သူ့ရဲ့ အာဏာ ဆက်ခံရေး အစီအစဉ်မှာ တရုတ်ရဲ့ အသိအမှတ် ပြုမှုကို အထိုက်အလျောက် ရရှိခဲ့ပါတယ်'' ဟု Won ကပြောကြောင်း သတင်းဌာနက ကိုးကား ဖော်ပြခဲ့သည်။

Kim နှင့်အတူ ၎င်းသား လိုက်ပါသွားသည် ဆိုသည့် သတင်းကို NISu ယုံပါသလားဟု မေးမြန်းချက်အပေါ် Won က ဖြေကြားရာတွင် "သူသွားတဲ့ နေရာကို ကြည့်ပြီး မသိနိုင်ပါဘူ'' ဟု ဖြေသည်။

Kimနှင့် အဖွဲ့သည် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် ၎င်း၏ ဖခင်လည်းဖြစ်၊ မြောက်ကိုးရီးယား ထူထောင်သူလည်း ဖြစ်သူ ကင်အီဆွန်း နှင့် ပတ်သက်သော နေရာများသို့ လည်ပတ်ခဲ့သည်။

ယခု ခရီးစဉ်သည် နောက်ထပ် အာဏာ ဆက်ခံရေး အတွက် တရားဝင်ရေး ဆွေးနွေးရန် သွားရောက်ပုံ ရသည်။

ယခုလ ကျင်းပမည့် မြောက်ကိုးရီးယား အာဏာရ ကွန်မြူနစ်ပါတီ၏ အစည်းအဝေးတွင် တဖြည်းဖြည်း အာဏာ လွှဲပြောင်းသွားရေးကို စတင်ချပြ လိမ့်မည်ဟုလည်း မျှော်လင့်ရသည်။

သို့သော် နိုင်ငံ၏ နှစ်ပေါင်း (၃၀) အတွင်း နိုင်ငံရေးအရ အရေး အကြီးဆုံးသော စုဝေးမှု ဖြစ်သည့် ကွန်ဖရင့် ကျင်းပနေပြီ ဟူသော သတင်းများ မရရှိသေးပေ။

မီဒီယာ သတင်းတစ်ခု၏ အဆိုအရ အသက် (၆၈) နှစ်ရှိ ခေါင်းဆောင်သည် တရုတ် ခရီးစဉ် အပြီးတွင် ကျန်းမာရေး ပိုမို ဆိုးရွားလာမှုကြောင့် နှောင့်နှေးနေခြင်း ဖြစ်ကြောင်း သိရသည်။

သို့သော် ကွန်ဖရင့်သည် ယခု အပတ်အတွင်း ကျင်းပလိမ့်မည် ဟု Won ကပြောသည်။ Won ၎င်းမှတ်သားမိသည်မှာ မြောက်ကိုးရီးယားက ပြီးခဲ့သည့် ဇွန်လက ကြေညာခဲ့ရာ စက်တင်ဘာလ၏ ပထမ လဝက် အတွင်းတွင် ကျင်းပမည်ဟု ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.