Transparency Myanmar

transparency.myanmar@gmail.com

ကွန်မြူနစ် မြောက်ကိုရီးယား နိုင်ငံ ၁၀ နှစ်တာ စီးပွားရေး ဖွံ့ဖြိုးမှု အစီအစဉ် တစ်ရပ်ကို စတင် အကောင်အထည် ဖော်လိုက်ပြီး အဆိုပါ အစီအစဉ်အား ဦးဆောင်မည့် အစိုးရ အေဂျင်စီ တစ်ခုကိုလည်း ဖွဲ့စည်းလိုက်ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းဌာန အဆိုအရ သိရသည်။

နိုင်ငံပိုင် သတင်း အေဂျင်စီ KCNA အဆိုအရ မြောက်ကိုရီးယား ကက်ဘိနက် အဖွဲ့သည် "စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု အတွက် ၁၀ နှစ်တာ နိုင်ငံတော် မဟာဗျူဟာ အစီအစဉ်" တစ်ရပ်ကို ရေးဆွဲလိုက်ပြီး စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုအတွက် နိုင်ငံတော် အထွေထွေဗျူရို အဖွဲ့တစ်ရပ်ကို ဖွဲ့စည်းရန် ဆုံးဖြတ်လိုက်သည်ဟု သိရသည်။

"ယင်းအစိုးရ ဗျူရိုအဖွဲ့သည် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုအတွက် နိုင်ငံတော် မဟာဗျူဟာ စီမံကိန်းများ အကောင်အထည် ဖော်ရေးနှင့် ပတ်သက်သော အရေးကိစ္စ အားလုံးကို လုပ်ကိုင် ဆောင်ရွက်သွားမည် ဖြစ်သည်" ဟု KCNA က ဆိုသည်။

"ကွန်မြူနစ် ခေါင်းဆောင်ကြီး ကင်ဂျုံအီလ် လက်ထက် ဆိုရှယ်လစ် စီးပွားရေး တည်ထောင်နေသည့် ကာလတွင်း အံဘနန်း ဖြစ်ရပ်များနှင့် ဆန်းသစ် တီထွင်မှုများ ဖြစ်ပေါ်အောင် လုပ်ဆောင်နေချိန်တွင် ယခု အစီအစဉ်ကို အကောင် အထည် ဖော်လိုက်ခြင်း ဖြစ်သည်" ဟု ပြောသည်။

၁၀ နှစ်တာ စီးပွားရေး ဖွံ့ဖြိုးမှု အစီအစဉ်သည် အခြေခံ အဆောက်အအုံများ၊ စိုက်ပျိုးရေး ကိစ္စများနှင့် လျှပ်စစ်စွမ်းအင်၊ ကျောက်မီးသွေး၊ ရေနံ၊ သတ္တု အပါအဝင် အခြေခံ စက်မှု လုပ်ငန်းများကို အဓိက အလေးထားမည် ဖြစ်သလို ဒေသဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှုများကိုလည်း အာရုံစိုက် သွားမည် ဖြစ်သည်ဟု KCNA သတင်းဌာန အဆိုအရ သိရသည်။

"အဆိုပါ အစီအစဉ်သည် ၂၀၁၂ ခုနှစ်တွင် ရှင်သန် ဖွံ့ဖြိုးမှု ရှိသော မြောက်ကိုရီးယား နိုင်ငံတစ်ခု ပေါ်ထွန်းရေး အတွက် အုတ်မြစ်ကောင်း တစ်ခု ဖြစ်ထွန်းအောင် အကူအညီ ပေးလိမ့်မည် ဖြစ်သည်။ ထို့အတူ ၂၀၂၀ ပြည့်နှစ် ဖွံ့ဖြိုး တိုးတက်မှု ရှိသော နိုင်ငံကြီးများ စာရင်းတွင် မြောက်ကိုရီးယား နိုင်ငံအနေဖြင့် ဂုဏ်ယူ ဝံ့ကြွားစွာ ရပ်တည် ပါဝင်နိုင်အောင်လည်း လုပ်ဆောင်ပေးမည် ဖြစ်သည်" ဟု ဆိုသည်။

IBK စီးပွားရေး သုတေသန အင်စတီကျုမှ Cho Bong Hyun က ဆင်းရဲ နွမ်းပါးသော မြောက်ကိုရီးယား နိုင်ငံသည် လာမည့် ၁၀ နှစ်တွင် ဒေါ်လာ ဘီလီယံ ၁၀၀ ခန့် ရင်းနှီး မြှုပ်နှံမှု ပြုနိုင်မည့် မဟာဗျူဟာ စီးပွားရေး အခန်းကဏ္ဍပေါင်း ၁၂ ခုကို ထုတ်ဖော်နိုင်ခဲ့ပြီ ဖြစ်ကြောင်း တောင်ကိုရီးယား Yonhap သတင်းဌာနသို့ ပြောကြားသည်။

ယင်းအခန်း ကဏ္ဍများတွင် ကီလိုမီတာ ၃၀၀၀ ရှည်လျားသည့် လမ်းမကြီးများ ဖောက်လုပ်ရေး၊ ကီလိုမီတာ ၂၆၀၀ ရှည်လျားသော မီးရထားလမ်းများ ပြန်လည် ပြုပြင် ဖောက်လုပ်ရေး၊ သံတန်ချိန် သန်း ၂၀ ထုတ်လုပ်ရေး၊ စိုက်ပျိုးရေး အခန်းကဏ္ဍ ဖွံ့ဖြိုးရေးနှင့် အခြားသော အခြေခံ အဆောက်အအုံများ တိုးတက် ဖွံ့ဖြိုးရေးတို့ ပါဝင်ကြောင်း ၎င်းက ပြောသည်။ ခေါင်းမာသော မြောက်ကိုရီးယား နိုင်ငံသည် စားနပ်ရိက္ခာ ပြတ်လပ်မှုများနှင့် ကြီးမားသော စီးပွားရေး အကျပ်အတည်းများကို ခါးသည်းစွာ ခံစားနေရသည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ အများအပြား ဝင်ရောက်လာအောင် မြောက်ကိုရီးယား နိုင်ငံက ကြိုးပမ်းသော်လည်း အခြေခံ အဆောက်အအုံများ ညံ့ဖျင်းခြင်း၊ စစ်မက်ရေးရာ အသား ပေးလွန်းသော စီးပွားရေး မူဝါဒများ ရှိနေခြင်းနှင့် နျူကလီးယား အစီအစဉ်များ အကောင်အထည် ဖော်ခြင်း အစရှိသည် တို့ကြောင့် အောင်မြင်မှု မရရှိခဲ့ပေ။

AFP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment