Transparency Myanmar

transparency.myanmar@gmail.com

(ဇန်နဝါရီလ ၁၆ ရက် ၂၀၁၁ ရက်စွဲပါ Channel News Asia မှ ASEAN calls for Myanmar sanctions Lift အား တိုက်ရိုက် ဘာသာ ပြန်သည်)

အရှေ့တောင် အာရှ နိုင်ငံများ အသင်း (ASEAN) သည် မြန်မာ နိုင်ငံတွင် စစ်အစိုးရက အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးခဲ့ပြီးနောက် မြန်မာ အပေါ် ချမှတ်ထားသော အရေးယူ ပိတ်ဆို့မှုများကို ရုတ်သိမ်းပေးရန် အနောက် နိုင်ငံများအား တနင်္ဂနွေနေ့က တိုက်တွန်းလိုက်သည်။

"အာဆီယံ နိုင်ငံတွေဟာ မြန်မာနိုင်ငံ အပေါ် ချမှတ်ထားတဲ့ အရေးယူမှုများ ရုတ်သိမ်းရေးမှာ အားလုံး အမြင် တူကြပါတယ်" ဟု Lombok ကျွန်းတွင် ကျင်းပသော အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးမှ အပြန်တွင် အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး Natalegawa က သတင်းထောက်များသို့ ပြောကြားခဲ့သည်။

"တချို့နိုင်ငံတွေနဲ့ တချို့သူတွေ မြန်မာနိုင်ငံ အပေါ် အရေးယူမှုတွေ ချမှတ်တာတွေ ရှိပါတယ်။ မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပြီး၊ ရွေးကောက်ပွဲ ကျင်းပပြီးနောက် အာဆီယံ ခေါင်းဆောင်တွေ အနေနဲ့ ထပ်ပြီး တိုက်တွန်းလိုပါတယ်။ အရေးယူမှုတွေဟာ မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးမှာ သက်ရောက်မှုတွေ ရှိတယ်လို့ မြင်ပါတယ်" ဟု ၎င်းက ပြောသည်။

အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများက အပြုသဘော ဆောင်ပြီး၊ ပွင့်လင်းမြင်သာမှု ရှိသော နိုဝင်ဘာ ရွေးကောက်ပွဲအား ကြိုဆိုခဲ့ကြကြောင်း Natalegawa က ပြောသည်။ ရွေးကောက်ပွဲတွင် စစ်တပ်က ကျောထောက် နောက်ခံ ပြုသော အနိုင် ရရှိခဲ့ခြင်း အတွက် ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံရမှုများ ရှိခဲ့သည်။

၎င်းတို့သည် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးခဲ့ခြင်းအား ကောင်းချီး ပေးခဲ့ကြသည်။

"ဒါပေမယ့်လည်း အမျိုးသား ပြန်လည် စည်းလုံးရေး အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ လည်းကောင်း၊ တခြားသူတွေနဲ့ လည်းကောင်း တွေ့ဆုံ စကားပြောဖို့ လိုနေပါသေးတယ်။ ဒါမှသာ သူတို့ အားလုံး မြန်မာနိုင်ငံ ပြောင်းလဲရေးမှာ ပါဝင်နိုင်ကြမှာ ဖြစ်ပါတယ်" ဟု Natalegawa က ပြောသည်။

"ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရုံ၊ ရွေးကောက်ပွဲ လုပ်ပေးရုံနဲ့တင် မလုံလောက် သေးပါဘူး။ မြန်မာနိုင်ငံမှာ လမ်းဖွင့်ပေးပြီး၊ အလုပ် ဖြစ်မယ့် တွေ့ဆုံ ဆွေးနွေးမှု ဖြစ်ဖို့ ကျွန်တော်တို့ အားပေးပါတယ်" ဟု ၎င်းက ပြောသည်။

ယခု အခါ မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ် ပါလီမန် အစည်းအဝေးများ ကျင်းပတော့မည် ဖြစ်၍ စီးပွားရေး အရေးယူမှုများ ရုတ်သိမ်းရန် တိုက်တွန်းထားသော တနင်္ဂနွေနေ့က ထုတ်ပြန်သော မြန်မာနိုင်ငံ၏ အဓိက တိုင်းရင်းသား နိုင်ငံရေး ပါတီများ၏ ကြေညာချက် အတိုင်းပင် အာဆီယံက တောင်းဆိုခဲ့သည်။

မြန်မာ နိုင်ငံတွင် စစ်တပ်က ၁၉၆၂ မှစ၍ အုပ်ချုပ်ခဲ့ရာ စစ်အစိုးရ၏ ဆိုးရွားသော လူ့အခွင့်အရေး လုပ်ရပ်များကြောင့် အနောက် နိုင်ငံများ၏ အရေးယူမှုများ ကြုံတွေ့ခဲ့ရသည်။

မြန်မာနိုင်ငံသည် အာဆီယံ အဖွဲ့ဝင် နိုင်ငံ တစ်ခုဖြစ်ပြီး၊ အာဆီယံတွင် အဖွဲ့ဝင် နိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက် မစွက်ဖက်ရေး မူဝါဒ ရှိနေခြင်းကြောင့်၊ အာဆီယံသည် မြန်မာနိုင်ငံ အပေါ် အရေးယူမှုများ မရှိပဲ၊ မြန်မာ အစိုးရနှင့် ဆက်ဆံရေးသာ ပြုလုပ်ခဲ့သည်။

တရုတ်သည် မြန်မာနိုင်ငံ၏ စစ်ရေးအရ သံတမန်ရေးအရ အဓိက ပါတနာ ဖြစ်ခဲ့ပြီး၊ တရုတ်သည် အခြား အာရှနိုင်ငံ များနှင့်လည်း ကုန်သွယ်မှု ဆက်ဆံရေးများ ရှိသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment