Transparency Myanmar

transparency.myanmar@gmail.com

(The Telegraph မှ 14 Jan 2011 ရက်စွဲပါ "China Strikes deal with Burma to quarantee oil supply" ဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

တရုတ်နိုင်ငံသည် ၎င်း၏ ရေနံ တင်သွင်းမှု လမ်းကြောင်းကို လည်ပင်း ညှစ်၍ မရနိုင်အောင် ပြုလုပ်ပေးမည့် သဘောတူ စာချုပ်ကို မြန်မာ နိုင်ငံနှင့် လက်မှတ် ရေးထိုးခြင်းဖြင့် ၎င်း၏ စွမ်းအင် ဖြည့်တင်းမှု Jigsaw အရုပ်ဆက် ကစားနည်း၏ နောက်ဆုံး ကဒ်ပြားကို ဆက်လိုက်ပြီ ဖြစ်သည်။

ရွှေရောင် တောင်ပသော ချစ်ကြည်ရေး ပေါင်းကူး တံတားဟု တင်စားနေကြသည့် အဆိုပါ လုပ်ဆောင်မှုတွင် အာဖရိကနှင့် အရှေ့ အလယ်ပိုင်းမှ ရောက်လာသော ရေနံတင် သင်္ဘောများ ဆိုက်ကပ်ရန် ရေနက် ဆိပ်ကမ်းကို မြန်မာနိုင်ငံ အနောက်ဖက် ကမ်းရိုးတမ်းတွင် တည်ဆောက် လုပ်ကိုင်ရန် မြန်မာ စစ်ဖက် အုပ်ချုပ်သူများက ဘေဂျင်းကို ခွင့်ပြုခဲ့ပြီး အဆိုပါ ဆိပ်ကမ်းရောက် ရေနံများကို တရုတ် တောင်ပိုင်းသို့ ပိုက်လိုင်းဖြင့် ပို့ဆောင်မည် ဖြစ်သည်။

ကျောက်ဖြူ ရေနက် ဆိပ်ကမ်းတွင် ရရှိသော အခွင့်အရေး သစ်သည် ဘေဂျင်းက ၎င်း၏ စွမ်းအင် ဖူလုံမှု လုံခြုံစေရန် ဆယ်စုနှစ် အတန်ကြာ စီစဉ် ကြိုးပမ်းနေခြင်း၏ အထွတ်အထိပ် ရလဒ်ပင် ဖြစ်သည်။

လက်ရှိ အချိန်တွင် တရုတ်နိုင်ငံ၏ ရေနံစိမ်းနှင့် ဓါတ်ငွေ့ တင်သွင်းမှု ၈၀ ရာခိုင်နှုန်းခန့်ကို မလေးရှားနှင့် အင်ဒိုနီးရှား အကြားမှ ကျဉ်းမြောင်းသော ပုလင်းဝ သဖွယ် ဖြစ်နေသည့် မလက္ကာ ရေလက်ကြား မှတဆင့် ဖြတ်သန်း သယ်ယူ နေရသည်။

ရေလက်ကြား၏ တံခါးဝရှိ အင်ဒါမန် ကျွန်းစုများနှင့် နီကိုးဘား ကျွန်းစုများပေါ်မှ အိန္ဒိယ ရေတပ် အခြေစိုက် စခန်း ရှိနေခြင်း၊ အဆိုပါ ဒေသတွင် ကြီးမားသော အမေရိကန် ရေတပ် ရှိနေခြင်း တို့ကြောင့် တရုတ်နိုင်ငံက ၎င်း၏ စွမ်းအင် ဖြည့်တင်းရေး လမ်းကြောင်းများ ပိတ်ဆို့ခံရမည့် အန္တရာယ်ကို နှစ်ပေါင်းများစွာ စိုးရိမ် ပူပန်နေခဲ့သည်။

၂၀၀၃ ခုနှစ်တွင် တရုတ် သမ္မတ ဟူကျင်းတောင်က "အချို့သော နိုင်ငံကြီးများသည် မလက္ကာ ရေလမ်းကြောင်းမှ သယ်ယူ ပို့ဆောင်မှုကို ထိန်းချုပ်ရန် ကြိုးစားနေကြသည်" ဟု သတိပေး ပြောကြားခဲ့ဖူးသည်။

ယင်းသို့ စိုးရိမ် ပူပန်မှုများကြောင့် "ပုလဲကုံး" ဟု လူသိများသော မဟာ ဗျူဟာကို တရုတ်နိုင်ငံက စတင်ခဲ့ပြီး အိန္ဒိယ သမုဒ္ဒရာတွင် ၎င်း၏ ရေနံတင် သင်္ဘောများကို အရေးပေါ် ကာကွယ် ပေးနိုင်မည့် ရေတပ် အခြေစိုက် စခန်းများကို အကောင်အထည် ဖော်ခဲ့သည်။ ၎င်း အခြေစိုက် စခန်းများတွင် ပါကစ္စတန်မှ ဂွာဒါ၊ ဘင်္ဂလားဒေ့ရှ်မှ စစ်တကောင်း၊ သီရိလင်္ကာမှ ဟန်ဘန်တိုတာတို့ ပါဝင်သည်။

ထို့အပြင် တရုတ် နိုင်ငံသည် မြန်မာ စစ်ဖက် အစိုးရကိုလည်း စိတ်ရှည်ရှည် ထား၍ အလိုက်သင့် ပေါင်းသင်းခဲ့ပြီး ၁၉၉၀ ခုနှစ်များ အတွင်း အဆိုပါ တောင်ဖက် အိမ်နီးချင်း နိုင်ငံသို့ ပေါင်စတာလင် သန်း ၈၀၀ တန်ဖိုးရှိ တင့်ကားများ၊ တိုက်လေယာဉ်များ၊ စစ်လက်နက်များ ပေးပို့ကာ မြန်မာ စစ်ဖက် အစိုးရကို အားပေး ထောက်ခံခဲ့သည်။

၁၉၈၈ တွင် ကုန်သွယ်ရေး သဘော တူညီချက် လက်မှတ် ရေးထိုးခဲ့ပြီး နောက်တွင် မြန်မာ နိုင်ငံတွင်းမှ ကားလမ်းနှင့် ရထားလမ်းများ ပြန်လည် ပြုပြင်ရန် တရုတ်နိုင်ငံက အကူအညီ ပေးခဲ့သည့် အပြင် မြန်မာ စစ်တပ်၏ ကျွမ်းကျင်မှုနှင့် လေ့ကျင့်မှု သင်တန်းများ အတွက် တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်၏ စစ်ဖက် အကြံပေးများကိုပင် စေလွှတ်ပေးခဲ့သည်။

မြန်မာအစိုးရအား ခြွင်းချက်မရှိ အကူအညီ ပေးရန် တရုတ် သမ္မတ ဟူကျင်းတောင်က မနှစ်က ကတိပေးခဲ့ပြီး "တရုတ်နိုင်ငံ၏ မူဝါဒသည် နိုင်ငံတကာ အနေအထား ပြောင်းလဲခြင်းနှင့် မသက်ဆိုင်ပဲ မပြောင်းမလဲ ရှိနေမည်" ဟု မြန်မာနိုင်ငံ၏ ဝါရင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ပြောကြားခဲ့သည်။

အပြန်အလှန် အနေဖြင့် မြန်မာ စစ်အစိုးရက ၎င်း၏ ကြွယ်ဝသော သယံဇာတ ရင်းမြစ်များကို ရယူခွင့် ပြုခဲ့သည့်အပြင် အိန္ဒိယ သမုဒ္ဒရာရှိ မြန်မာနိုင်ငံ၏ သော့ချက် မဟာ ဗျူဟာမြောက် အနေအထားကိုပါ တရုတ် နိုင်ငံအား အသုံးပြုခွင့် ပေးခဲ့သည်။

အဆိုပါ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းသို့ တရုတ်ရေနံတင် သင်္ဘောများ ဆိုက်ကပ်ပြီး နောက်တွင် ရေနံစိမ်းနှင့် ဓါတ်ငွေ့များကို မိုင် ၅၀၀ အရှည် အမွှာ ပိုက်လိုင်း ၂ ခုမှ တဆင့် ယူနန် ပြည်နယ်သို့ ပို့လွှတ်မည် ဖြစ်သည်။ အဆိုပါ လုပ်ငန်းကို တရုတ် နိုင်ငံ၏ အကြီးဆုံး ရေနံ ကုမ္ပဏီ CNPC နှင့် ကမ္ဘာ့ နဝမမြောက် အကြီးဆုံး ဆိပ်ကမ်း ခန့်ခွဲသူ Ringdao Port တို့က စီမံခန့်ခွဲ လုပ်ကိုင်မည်ဟု ဆိုသည်။

ယခုအခါ  စတင် တည်ဆောက်နေပြီ ဖြစ်သည့် အမွှာ ပိုက်လိုင်းများသည် ၂၀၁၃ ခုနှစ် ပြီးစီးချိန်တွင် တစ်ရက်လျှင် ရေနံစိမ်း စည်ပေါင်း ၄၄၀,၀၀၀ နှင့် တစ်ရက်လျှင် ဓါတ်ငွေ့ ကုဗပေ ၄၀၀ ဘီလျံ သယ်ပို့ပေးနိုင်မည် ဖြစ်သည်။

ထိုမျှ မကသေးဘဲ တရုတ်နိုင်ငံသည် ၎င်း၏ တောင်ပိုင်း ကုန်းတွင်းပိတ် မြို့တော် ကူမင်းကို မြန်မာနိုင်ငံ တဝှမ်းမှ ဆိပ်ကမ်းများနှင့် လည်းကောင်း၊ မြန်မာ မြို့တော်ဟောင်း ရန်ကုန် အပါအဝင် အရှေ့တောင် အာရှ တစ်ခွင်နှင့် လည်းကောင်း ချိတ်ဆက်ရန် အတွက် မိုင်ပေါင်း ထောင်ချီသော ရထားလမ်းများ ဖောက်လုပ်ရန် စီစဉ်နေသည်။ သို့ဖြစ်ရာ တရုတ်နိုင်ငံ၏ "မြန်မာနှင့် မိတ်ဆွေ ဖြစ်ခြင်း" သည် ၎င်း၏ စွမ်းအင် ဖြည့်တင်းမှု လုံခြုံစေရန် အထောက်အကူ ပြုသည် သာမကပဲ စွမ်းအင် ဖူလုံမှု တစိတ်တပိုင်း အတွက် မလက္ကာ ရေလက်ကြားကို မှီခို နေသေးသော ဂျပန်နှင့် တောင်ကိုရီးယားတို့ အပေါ်တွင် အပေါ်စီး ရမည့် အရေးပါသော မဟာဗျူဟာမြောက် အားသာချက်ကိုပါ ဖြည့်စွမ်း ပေးဦးမည် ဖြစ်ကြောင်း တင်ပြလိုက်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment