Transparency Myanmar

transparency.myanmar@gmail.com

အိန္ဒိယ ပင်လယ်ပြင်အတွင်း ဆိုမာလီ ဓားပြများ ပြန်ပေး ဆွဲခံရသော ဓာတုပစ္စည်း တင်သင်္ဘောအား တောင်ကိုရီးယား ရေတပ် ကွန်မင်ဒိုများက ဝင်ရောက် စီးနင်းခဲ့ရာ ဓားပြ ဓားစာခံ သင်္ဘောသား အားလုံးကို ကယ်တင်လိုက်နိုင်ပြီး ဓားပြ ရှစ်ဦးကို အသေ ပစ်ခတ် ဖမ်းဆီးနိုင်ခဲ့ကြောင်း တောင်ကိုရီးယား စစ်ဘက် အရာရှိကြီးများက ပြောကြားသည်။

"ကျွန်တော်တို့ရဲ့ အထူး တပ်ဖွဲ့ဝင်တွေက ဆိုမာလီ ဓားပြတွေ ပြန်ပေးဆွဲထားတဲ့ Samho Jewelry သင်္ဘောကို ဝင်ရောက် စီးနင်းခဲ့တာ ဓားစာခံ သင်္ဘော ဝန်ထမ်းတွေ အားလုံး လွတ်မြောက်သွားပြီ ဖြစ်ပါတယ်" ဟု တောင်ကိုရီးယား ပူးတွဲ စစ်ဦးစီးချုပ်၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးကြီး Lee Bung-Woo က ပြောကြားသည်။

"ကျွန်တော်တို့ရဲ့ ကွန်မင်ဒို တပ်ဖွဲ့ဝင် တွေဟာ စစ်ဆင်ရေး အတွင်း ဆိုမာလီ ဓားပြ တချို့ကို ပစ်ခတ် ခဲ့ရပါတယ်။ ဒါပေမဲ့ ဓားစာခံတွေ အားလုံး အသက်ရှင်တယ်လို့ အတည်ပြု ပြောလိုပါတယ်" ဟု ဗိုလ်မှူးကြီး Lee Bung-Woo က သတင်းထောက်များကို ပြောကြားသည်။ အခြားသော ပြောခွင့်ရ ပုဂ္ဂိုလ် တစ်ဦးကမူ စစ်ဆင်ရေးတွင် ဆိုမာလီ ဓားပြ ရှစ်ဦး သေဆုံးသွားကြောင်း ပြောကြားသည်။

ပြန်ပေး ဆွဲထားသော သင်္ဘောပေါ်မှ ဓားစာခံများအား ပြန်လည် ကယ်တင်မှုကို ဆိုမာလီယာ နိုင်ငံ အနောက် မြောက်ဘက် မိုင် ၈၀၀ အကွာတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ စစ်ဆင်ရေး အတွင်း ပြန်ပေးဆွဲ ခံရသော သင်္ဘော ကပ္ပတိန် ဖြစ်သူမှာ ဝမ်းဗိုက်ပိုင်း၌ သေနတ် ဒဏ်ရာ ရရှိခဲ့သော်လည်း အသက် အန္တရာယ် အတွက် စိုးရိမ်စရာ မလိုအပ်ကြောင်း ဗိုလ်မှူးကြီး Lee Bung-Woo က ပြောကြားသည်။

ပင်လယ် ဓားပြများသည် သင်္ဘော ဝန်ထမ်း ၂၁ ဦး ပါဝင်ပြီး တန်ပေါင်း ၁၁၅၀၀ ရှိသည့် သင်္ဘောကို ပြန်ပေးဆွဲခဲ့ခြင်း ဖြစ်ကြောင်း၊ သင်္ဘော ဝန်ထမ်းများတွင် တောင်ကိုရီးယား နိုင်ငံသား ရှစ်ဦး၊ အင်ဒိုနီးရှား နိုင်ငံသား နှစ်ဦး နှင့် မြန်မာ နိုင်ငံသား ၁၁ ဦး ပါဝင်ကြောင်း သိရသည်။ ယင်းသင်္ဘောသည် ဇန်နဝါရီလ ၁၅ ရက်နေ့က UAE နိုင်ငံမှ သီရိလင်္ကာသို့ ခုတ်မောင်းသွားစဉ် အာရေးဘီးယန်း ပင်လယ်အတွင်း ပြန်ပေးဆွဲခံရခြင်း ဖြစ်သည်။

အဆိုပါ သင်္ဘောအား ပြန်လည် ကယ်တင်ရန် အီဒန် ပင်လယ်ကွေ့တွင်း ကင်းလှည့်လျက် ရှိသော အစောင့် သင်္ဘောအား ဆိုးလ်အစိုးရက အမိန့်ပေးခဲ့သည်။ တောင်ကိုရီးယား သမ္မတ Lee Myung-Bak ကလည်း ဓားစာခံ သင်္ဘောသား အားလုံးကို ကယ်တင်နိုင်ရေး အတွက် ဖြစ်နိုင်ခြေ ရှိသော လုပ်ဆောင်ချက်များ အားလုံး လုပ်ကိုင်ရန် အမိန့် ထုတ်ခဲ့သည်။

တောင်ကိုရီးယား စစ်တပ်အဆိုအရ ဓားစာခံများကို ကယ်တင်နိုင်သည့် ဖြစ်ရပ်မှာ ဓားပြများနှင့် ကွန်မင်ဒို တပ်ဖွဲ့ဝင်များ အကြား ပစ်ခတ်မှုများ ဖြစ်ပွားပြီးနောက် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ဓားပြများက မွန်ဂိုလီးယား သင်္ဘော တစ်စင်းကို ထပ်မံ ပြန်ပေးဆွဲရန် ကြိုးစားစဉ် ကွန်မန်ဒို တပ်ဖွဲ့များနှင့် ထိပ်တိုက် တွေ့ဆုံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ တောင်ကိုရီးယား ကွန်မန်ဒိုများက အမြန် မော်တော်ဘုတ်ဖြင့် လည်းကောင်း၊ Lynx ရဟတ်ယာဉ်ဖြင့် လည်းကောင်း မွန်ဂိုလီးယား သင်္ဘောပေါ်သို့ တက်ရောက်ခဲ့ပြီးနောက် ဓားပြများနှင့် တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။ အချို့သော ပင်လယ်ဓားပြများ ပျောက်ဆုံးလျက် ရှိကြောင်း၊ ပစ်ခတ်မှုကြောင့် သေဆုံးသွားသော ပင်လယ် ဓားပြများ၏ ရုပ်အလောင်းများလည်း ရှာဖွေ တွေ့ရှိခြင်း မရှိသေးကြောင်း သိရသည်။ ပစ်ခတ်မှုကြောင့် ကွန်မန်ဒို သုံးဦး ဒဏ်ရာ အနည်းငယ် ရရှိသွားသည်။ နှစ်ရက် အကြာတွင် အိုမန် ရေတပ် အကူအညီဖြင့် တောင်ကိုရီးယား အထူး ကွန်မင်ဒိုများ ဓာတုပစ္စည်းတင် သင်္ဘောကို စီးနင်းနိုင်ခဲ့ခြင်း ဖြစ်သည်။ ယခုကဲ့သို့ စီးနင်း သိမ်းပိုက်မှု အောင်မြင်ခဲ့ခြင်းသည် တောင်ကိုရီးယား စစ်တပ်အတွက် ဂုဏ်ယူစရာ ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ရသည်။ တောင်ကိုရီးယား စစ်တပ်သည် မြောက်ကိုရီးယား ဘက်က အမြောက်များဖြင့် ပစ်ခတ် တိုက်ခိုက်ခံရမှုတွင် တုံ့ပြန်မှု အားနည်း ခဲ့သောကြောင့် များစွာ ပြစ်တင် ဝေဖန်ခံခဲ့ရသည်။ ယခု ဖြစ်ရပ်ကို တောင်ကိုရီးယား သမ္မတ လီမြောင်ဘတ်က ပြီးပြည့်စုံသော အောင်မြင်မှု တစ်ရပ် အဖြစ် ချီးမွမ်း ပြောဆိုသည်။

AFP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment