Transparency Myanmar

transparency.myanmar@gmail.com

(AFP သတင်းဌာနမှ 23 Jan 2011 ရက်စွဲပါ "Rachel O'Brien ၏ Pressure grows for end to Myanmar Sactions"ဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံ အပေါ် အနောက် နိုင်ငံများ၏ ပိတ်ဆို့ အရေးယူမှု  အစီအစဉ်များ အဆုံးသတ်ရန် တောင်းဆိုမှုများ ကြီးထွားလာသော်လည်း ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ထောက်ခံမှုနှင့် လူ့အခွင့်အရေး ဆိုင်ရာ တိုးတက်မှုများ မရှိပဲ မူဝါဒ ပြောင်းလဲရန် အလားအလာ မရှိဟု ကျွမ်းကျင်သူများက ပြောကြားလိုက်သည်။

မြန်မာနိုင်ငံ၏ အနှစ် ၂၀ အတွင်း ပထမဆုံး ရွေးကောက်ပွဲများ အပြီး နိုဝင်ဘာလတွင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးခဲ့ခြင်းက မြန်မာအစိုးရ၏  လူ့အခွင့်အရေး ညှင်းပမ်း နှိပ်စက်မှုများ အပေါ် အမေရိကန် ပြည်ထောင်စုနှင့် ဥရောပ သမဂ္ဂက တုန့်ပြန် ချမှတ်ထားသည့် အရေးယူမှု အစီအစဉ်များ၏ ထိရောက်မှုနှင့် ပတ်သက်၍ ငြင်းခုံမှုကို ပြန်လည် အစပျိုးပေးခဲ့သည်။

မူဝါဒ ချမှတ်သူများ (အစိုးရများ) အကြား အတွင်းကြိတ် ငြင်းခုံမှု များစွာ ဖြစ်ပေါ်နေကာ ယခင်က ချမှတ်ထားခဲ့သော ကာလရှည် ထောက်ခံမှု ရရှိခဲ့သည့် အစီအစဉ်များမှာ ပျက်ယွင်းတော့မည်ဟု ယူဆမှုများ မြင့်တက်လာသည်ဟု ဘန်ကောက် အခြေစိုက် အနောက်တိုင်း သံတမန် တစ်ဦးက ဆိုသည်။

သယံဇာတ ကြွယ်ဝသော အာရှ-မြန်မာ နိုင်ငံမှ အနောက် နိုင်ငံ ကုမ္ပဏီများ ထွက်သွားအောင် ကြီးမားစွာ စွမ်းဆောင်ခဲ့သော အရေးယူ ပိတ်ဆို့မှုများသည် အဆိုပါ ကမ္ဘာ အဆင်းရဲဆုံး နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်မှုကို နှောင့်နှေးစေခဲ့သည်ဟု မူဝါဒ ဆန်းစစ်သူများက ပြောကြားသည်။

သို့သော်လည်း မြန်မာ ရွေးကောက်ပွဲများကို ပြင်းထန်စွာ ဝေဖန်လျက် ရှိသည့် အနောက် နိုင်ငံများက အရေးယူ ဒဏ်ခတ်မှု အစီအစဉ်များကို ရုတ်သိမ်းခြင်း မပြုမီ ခေါင်းမာ လွန်းသော မြန်မာ အစိုးရ အနေဖြင့် လမ်းကြောင်းမှန်သို့ ဦးတည်သည့် အဆင့်တစ်ခု၊ အရေးကြီးသည်ဟု သတ်မှတ် နိုင်သည့် တစုံတခုကို ဖြည့်ဆည်း ပေးရဦးမည်ဟု မြန်မာ့အရေး လေ့လာသူ ဦးအောင်နိုင်ဦးက ဆိုသည်။

နိုဝင်ဘာ ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ခဲ့သော ဒီမိုကရေစီ လိုလားသည့်  အဓိက ပါတီ ၂ ခုက ပြည်သူ အများစုကို အကျိုး ဖြစ်ထွန်းစေခြင်း မရှိသည့် အရေးယူမှု အစီအစဉ် အားလုံးကို ရုတ်သိမ်းပေးရန် တောင်းဆိုထားသည်။

မြန်မာနိုင်ငံက အဖွဲ့ဝင် အဖြစ် ပါဝင်သည့် အရှေ့တောင်အာရှ နိုင်ငံများ အဖွဲ့ (အာဆီယံ) နှင့် မြန်မာနိုင်ငံ၏ အဓိက တိုင်းရင်းသား နိုင်ငံရေး ပါတီများ အုပ်စုတို့ကလည်း ဇန်နဝါရီ ၃၁ ရက် လွှတ်တော်သစ် ဖွင့်လှစ်မှု မတိုင်မီ အရေးယူမှု အစီအစဉ်များကို ရုတ်သိမ်းပေးရန် တိုက်တွန်းခဲ့ကြသည်။

"ဒီလို မူဝါဒ ပြောင်းလဲဖို့ တောင်းဆိုထားမှု အားလုံးကို လစ်လျူရှုဖို့ ဆိုတာ ခက်ခဲပါလိမ့်မယ်" ဟု အမည် မဖော်လိုသူ သံတမန်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က သူမ အနေဖြင့် အရေးယူ ပိတ်ဆို့မှုများနှင့် ပတ်သက်၍ မြန်မာ အစိုးရနှင့် တွေ့ဆုံ ဆွေးနွေးလိုသည်ဟု ယခင်လက AFP နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

"အရေးယူ ပိတ်ဆို့မှုတွေဟာ အလျှော့အတင်း ညှိနှိုင်းတဲ့ ကိရိယာ တစ်ခုလို့ ကျွန်မ မယူဆပါဘူး။ ဒါပေမယ့် အနေအထားကို တိုးတက်အောင် ကြိုးစားတဲ့ နည်းလမ်း တစ်ခု အဖြစ် ရှုမြင်ပါတယ်" ဟု သူမက ဆိုသည်။

"အလွယ် ပြောရမယ်ဆိုရင် အနောက် ကမ္ဘာမှာ မြန်မာ့ သြဇာကြီး ပုဂ္ဂိုလ် တစ်ယောက်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အားပေး ထောက်ခံမှုဟာ အရေးယူမှု အစီအစဉ်တွေ အဆုံးသတ်ဖို့ အတွက် အရေးပါတယ်လို့ ဆိုနိုင်ပါတယ်" ဟု မြန်မာ့အရေး ကျွမ်းကျင်သူများက မှတ်ချက်ပေးသည်။

"ဒေါ်အောင်ဆန်းစုကြည်ရဲ့ လှုံ့ဆော်မှု မပါပဲနဲ့ အီးယူနဲ့ အမေရိကန် ပြည်ထောင်စုက အရေးယူမှုတွေကို ရုတ်သိမ်းနိုင်လိမ့်မယ် ဆိုတာကို ကျွန်တော် သေချာပေါက် ပြောလို့ မရပါဘူး" ဟု London School of Economics မှ မြန်မာ သုတေသန ကျောင်းသား မောင်ဇာနည်က ပြောကြားသည်။

"သူမရဲ့ ထင်မြင်ချက်တွေဟာ လူထုရဲ့ သဘောထားကို ထင်ဟပ်နေတယ်လို့ သတ်မှတ် ယူဆ နိုင်ပါတယ်" ဟု ၎င်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သော ၂၁နှစ် အတွင်း ၁၅ နှစ်ခန့် ထိန်းသိမ်းခြင်း ခံရပြီးနောက် နိုဝင်ဘာ (၁၃) ရက်တွင် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။

အမှန် တကယ်တွင် စစ်ဖက်အစိုးရနှင့် အပေါင်းပါများ အားနည်း သွားစေရန် ရည်ရွယ်သော အရေးယူမှု အစီအစဉ်များထက် အနှစ် ၅၀ စစ်အုပ်ချုပ်ရေး အောက်မှ အလွဲလွဲ အမှားမှား စီမံခန့်ခွဲမှုကိုသာ မြန်မာ နိုင်ငံ၏ ဆင်းရဲ ဒုက္ခများ အတွက် အပြစ်တင်ရမည်ဟု အရေးယူ ဒဏ်ခတ်မှုကို ထောက်ခံသူများက ပြောကြားသည်။

မြန်မာ အစိုးရနှင့် ဆက်ဆံသော ကုမ္ပဏီများနှင့် ကုန်သွယ်ခြင်းကို အမေရိကန် ပြည်ထောင်စုက တားမြစ် ထားသည့်အပြင် ၎င်းကုမ္ပဏီတို့၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ခြင်း၊ မြန်မာနိုင်ငံသို့ ပေးမည့် နိုင်ငံတကာ ချေးငွေများကို ပိတ်ဆို့ခြင်း တို့ကိုလည်း လုပ်ဆောင်ခဲ့သည်။

ဥရောပ သမဂ္ဂ ကလည်း မြန်မာအစိုးရ အဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှု၏ စီးပွားရေး လုပ်ငန်းများကို ထိန်းချုပ်ခြင်း၊ ၎င်းတို့၏ ဥရောပ ခရီးသွားလာမှုကို ကန့်သတ်ခြင်း စသော ဒဏ်ခတ်မှုများ ပြုလုပ် ထားသော်လည်း ရေနံကဲ့သို့သော ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အချို့ကိုမူ ဆက်လက် လုပ်ကိုင်ခဲ့သည်။

အီးယူ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ ပြောရေး ဆိုခွင့် ရှိသူ Catherine Ashton က ပြောကြားရာတွင် ဥရောပ သမဂ္ဂက မြန်မာနိုင်ငံမှ အနေအထားကို ထက်ချပ်မကွာ အနီးကပ် စောင့်ကြည့်လျက် ရှိပြီး အထူးသဖြင့် လူ့အခွင့်အရေး ကိစ္စများနှင့် ပတ်သက်၍ မြန်မာ အစိုးရ ဘာလုပ်မလဲ ဆိုသည်ကို သိရှိလိုသည်ဟု ဆိုသည်။

ဆိုခဲ့သည့် အတိုင်း အနောက်နိုင်ငံ ကုမ္ပဏီများ အပေါ်တွင် ကန့်သတ် တားမြစ်မှုများ ရှိနေသော်လည်း အာရှ ကုမ္ပဏီများ အထူးသဖြင့် တရုတ်၊ အိန္ဒိယ၊ ထိုင်းနှင့် တောင်ကိုရီးယားမှ စီးပွားရေး ကုမ္ပဏီများသည် မြန်မာနိုင်ငံ၏ ပေါကြွယ်သော သဘာဝ သယံဇာတ ကဏ္ဍတွင် ရင်းနှီး မြှုပ်နှံရန် အတွက် နိုင်ငံရေး အခြေအနေနှင့် လူ့အခွင့်အရေး ညှင်းပမ်း နှိပ်စက်မှုများကို လစ်လျူရှုလျက် ရှိကြသည်။

အရေးယူ ပိတ်ဆို့မှုများကြောင့် အခွင့် အလမ်းများ လက်လွှတ်ရသည်ဟု ခံစားနေရသူ အနောက် နိုင်ငံ ရင်းနှီး မြှုပ်နှံသူများထံမှ မြန်မာနိုင်ငံ အပေါ် အရေးယူမှုများ ရုတ်သိမ်းရန် အမှန်တကယ် တွန်းအားပေးမှု ပေါ်ထွက်လာခြင်း ဖြစ်ပြီး ၎င်း၏ ဝေဖန်မှုများသည် မြန်မာပြည်သူများ ပြောဆိုသကဲ့သို့ သုံးနှုန်း တင်ပြထားသည်ဟု မောင်ဇာနည်က ဆိုသည်။

"အထူးသဖြင့် ရေနံ၊ ဓါတ်ငွေ့၊ သတ္တု တူးဖော်ရေးနဲ့ ကျွန်းသစ်လို သဘာဝ သယံဇာတ ရှာဖွေ ကဏ္ဍမှာ ရင်းနှီး မြှုပ်နှံသူတွေက သူတို့ ပြေးဝင် ယှဉ်ပြိုင်ခွင့် ရပြီဆိုတာနဲ့ အကျိုးအမြတ် ရအောင် ပြုလုပ်နိုင်ကြမယ် ဆိုတာကို သိနေကြပါတယ်" ဟု ၎င်းက ပြောကြားသည်။

အရေးယူ ပိတ်ဆို့မှုများ အဘယ်ကြောင့် အလုပ် မဖြစ်သနည်း ဆိုသည်ကို အတိအကျ ပြောရလျှင် သတ်မှတ်ချက်စည်း မထားပဲ ရင်းနှီးမြှုပ်နှံ လိုသည့် အခြား အာရှနိုင်ငံများ၏ အလို ဆန္ဒကြောင့် ဖြစ်သည်ဟု ဝေဖန် ဆန်းစစ်သူများက ဆိုသည်။

အနောက်နိုင်ငံများ အနေဖြင့် ပစ်မှတ်ထား ငွေကြေးကဏ္ဍ ထိန်းချုပ်မှုများကို ထိန်းသိမ်းနေသည့် အချိန်တွင် သွင်းကုန်နှင့် ရင်းနှီး မြှုပ်နှံမှု ဆိုင်ရာ စီးပွားရေး ပိတ်ဆို့မှုများစွာကို လျှော့ချ ပေးရမည့် ဖိအားနှင့် ရင်ဆိုင် ကြုံတွေ့ရန် အလားအလာ ရှိသည်ဟု မြန်မာ့ စီးပွား ရေးရာ ကျွမ်းကျင်သူ Sean Turnell က ပြောကြားသည်။

မြန်မာ အစိုးရနှင့် ဒိုင်ယာလော့ ဆွေးနွေးမှုကို ၂၀၀၉ ခုနှစ်က စတင်ခဲ့သော အမေရိကန် ပြည်ထောင်စုက လူ့အခွင့်အရေး ဆိုင်ရာ ကိစ္စများတွင် ပြောင်းလဲ တိုးတက်စေလိုကာ အထူးသဖြင့် မြန်မာနိုင်ငံမှ နိုင်ငံရေး အကျဉ်းသား ၂၂၀၀ ကို လွှတ်ပေး စေလိုခြင်း ဖြစ်သည်ဟု Sean Turnell က ဆိုသည်။

နိုင်ငံရေးနှင့် စီးပွားရေး ရှေ့တန်း နယ်ပယ် နှစ်ခုစလုံးတွင် ခိုင်မာသော ပိုမို ပြုပြင် ပြောင်းလဲမှုများ ပေါ်ထွက်လာသည် ကိုလည်း အနောက် နိုင်ငံများက တွေ့မြင်လိုကြသည်ဟု Macquarie University in Australia မှ ပါမောက္ခ Sean Turnell က ပြောကြားသည်။

"ရွေးကောက်ပွဲ အပြီးမှာ သမာသမတ် ကျပြီး ပိုမို လွတ်လပ်တဲ့ စီးပွားရေး မူဝါဒတွေ ပေါ်ထွက်လာဖို့ ပြည်သူ အများစု ဆန္ဒ ပြင်းပြစွာ မျှော်လင့် ထားခဲ့ကြပေမယ့် အခုထိ ဘာမှ ဖြစ်မလာ သေးပါဘူး" ဟု ၎င်းက ပြောဆိုခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment