Transparency Myanmar

transparency.myanmar@gmail.com

(AFP သတင်းဌာနမှ 16 February 2011 ရက်စွဲပါ "Top US Senator Deeply Concerned For Suu Kyi's Safety" ကို ဘာသာ ပြန်ဆိုသည်)

အမေရိကန် ထိပ်တန်း ရီပတ်ဘလစ်ကန် အထက် လွှတ်တော် အမတ် Mitch McConnell က မြန်မာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ် စကား ပြောဆို ခဲ့ကြောင်းနှင့် သူမ၏ လုံခြုံရေးနှင့် ပတ်သက်ပြီး အလွန် အမင်း စိုးရိမ် ပူပန် မိကြောင်း အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။

"သူမနဲ့ သူမရဲ့ NLD ပါတီ လုပ်ဖော် ကိုင်ဖက် တွေရဲ့ ရှင်သန် ရပ်တည်မှု အပေါ် မြန်မာ အစိုးရက လတ်တလော ခြိမ်းခြောက်ခဲ့မှု တွေနဲ့ ပတ်သက်ပြီး ကျွန်တော် အလွန်အမင်း စိုးရိမ် ပူပန် မိပါတယ်" ဟု ထုတ်ဖော် ပြောဆို လိုက်သူ Mitch McConnell သည် မြန်မာ စစ်ဖက် အုပ်ချုပ်သူများကို မကြာခဏ ပြင်းပြင်း ထန်ထန် ဝေဖန်သူ တစ်ဦး ဖြစ်သည်။

"ဒီလို တုန်လှုပ်စရာ ကောင်းတဲ့ ခြိမ်းခြောက်ဖို့ ကြိုးစားမှုတွေကို ကမ္ဘာ တလွှားက လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီကို တန်ဖိုး ထားကြသူ အားလုံးက ဝိုင်းဝန်း ပြစ်တင် ရှုတ်ချ ရမှာပါ၊ ကျွန်တော်နဲ့ အတူ အထက် လွှတ်တော် ထဲက လုပ်ဖော် ကိုင်ဖက် တွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံ ဘေးကင်းမှုနဲ့ မြန်မာ နိုင်ငံက အနေအထားကို အနီးကပ် ဆက်လက် စောင့်ကြည့် သွားမှာပါ" ဟု ယင်းက ပြောကြား ခဲ့သည်။

နိုင်ငံပိုင် သတင်းစာတွင် လတ်တလော ဖော်ပြ ခဲ့သော အစိုးရ အာဘော် ဆောင်းပါးတွင် ဒေါ်အောင်ဆန်း စုကြည်နှင့် သူမ၏ ပါတီအနေဖြင့် အနောက် နိုင်ငံ အရေးယူ ပိတ်ဆို့မှုများ ရုတ်သိမ်းရေးကို ဆက်လက် ကန့်ကွက်နေမည် ဆိုပါက ကြေကွဲဖွယ် ဇာတ်သိမ်းနှင့် ကြုံတွေ့ရ လိမ့်မည်ဟု သတိပေး ထားသဖြင့် ကမ္ဘာက အံ့အားသင့် တုန်လှုပ် သွားသည်။

မြန်မာ နိုင်ငံ အပေါ် အရေးယူ ဒဏ်ခတ်မှု အစီ အစဉ်များသည် အာဏာပိုင် များကို ဖိအား ပေးရာတွင် အထောက် အကူ ရခဲ့ကြောင်းနှင့် တိုင်းပြည်၏ စီးပွားရေး အပေါ် သိသာစွာ သက်ရောက်မှု မရှိကြောင်း NLD ပါတီက လတ်တလော ထုတ်ပြန် ကြေညာခဲ့ပြီးနောက် အစိုးရ၏ ဝေဖန် သတိပေးမှု ပေါ်ထွက် လာခြင်း ဖြစ်သည်။

ဒီမိုကရေစီ လှုပ်ရှားသူများနှင့် အနောက်ကမ္ဘာက ဝေဖန် ရှုတ်ချခဲ့သော ရွေးကောက်ပွဲများ အပြီး တစ်ပတ်ခန့် အကြာ နိုဝင်ဘာလတွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက် လာပြီး နောက်ပိုင်း သူမအပေါ် ပထမဆုံး ပွင့်ပွင့်လင်းလင်း ဝေဖန်သည့် အနေနှင့် နိုင်ငံပိုင် သတင်းစာက အထက်ပါ အတိုင်း သတိပေး ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဝေဖန် သတိပေးမှုကို NLD က သတိ ကြီးစွာ ထား၍ တုန့်ပြန် ခဲ့ပြီး Sanction များအပေါ် ပါတီ၏ ကြေညာချက်နှင့် ပတ်သက်ပြီး အာဏာပိုင်များ ထံမှ မည်သည့် တရားဝန် တုန့်ပြန်မှုမျှ မရရှိခဲ့ဟု ပြောကြား ခဲ့သည်။

ဆက်လက်၍ Mitch McConnell က ဒေါ်အောင်ဆန်း စုကြည်သည် စိတ်အား တက်ကြွလျက် ရှိပြီး မြန်မာ ပြည်သူ လူထု အတွက် ခွန်အားပြည့် ခေါင်းဆောင် တစ်ဦး ဖြစ်နေဆဲ ဟု ဆိုသည်။

အထက် လွှတ်တော် အမတ် Mitch McConnell သည် ဒေါ်အောင်ဆန်း စုကြည်နှင့် ပထမဆုံး အကြိမ် တိုက်ရိုက် ပြောဆိုခဲ့ခြင်း ဖြစ်ပြီး အမေရိကန် ပြည်ထောင်စု၏ မြန်မာ နိုင်ငံ ဆိုင်ရာ မူဝါဒ၊ မြန်မာ နိုင်ငံ၏ အနာဂတ် အလား အလာ၊ သူမ၏ ပုဂ္ဂလိက လုံခြုံ ဘေးကင်းရေး စသည့် ကိစ္စများကို ပြောဆို ဆွေးနွေး ခဲ့ကြသည်ဟု ယင်း၏ ရုံးမှ ကြေညာချက် ထုတ်ပြန်မှု အရ သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment