Transparency Myanmar

transparency.myanmar@gmail.com

မြန်မာနိုင်ငံ အပေါ် စီးပွားရေး ပိတ်ဆို့ အရေးယူမှုများ ဆက်လက် ထားရှိရေး အတွက် အနောက် နိုင်ငံများအား ဆက်လက် တိုက်တွန်းမည် သို့မဟုတ် ကန့်ကွက်မည် ဟူသည့် အရေးကိစ္စ တို့နှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) တို့ ကစဥ့်ကလျား ဖြစ်နေကြပုံ ရကြောင်း Asian Correspondent က ရေးသား ဖော်ပြသည်။

မြန်မာနိုင်ငံတွင် နည်းပညာနှင့် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ရင်းနှီး မြှုပ်နှံမှုများ ပြုလုပ်ကြရန် ဒေါ်အောင်ဆန်းစုကြည်က ဒါဗို့စ်တွင် ကျင်းပ ပြုလုပ်သော ကမ္ဘာ့စီးပွားရေး ဖိုရမ် အဖွဲ့ဝင်များအား တိုက်တွန်း ပြောကြားလိုက်ရာ မြန်မာ့အရေး စောင့်ကြည့် လေ့လာသူများ အလွန်အမင်း အံ့အား သင့်ခဲ့ကြရသည်။ မြန်မာနိုင်ငံ၌ ရင်းနှီး မြှုပ်နှံမှုများ ပြုလုပ်ရန် နိုဗယ်လ် ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘာ့စီးပွားရေး ဖိုရမ်သို့ တိတ်ခွေဖြင့် အသံသွင်းကာ ပေးပို့ တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။

ဖိုရမ်သို့ တက်ရောက်သော အနောက်ကမ္ဘာမှ စီးပွားရေး ခေါင်းဆောင်ကြီးများ ထံသို့ ပေးပို့သော အဆိုပါ တိတ်ခွေထဲတွင် ဒေါ်အောင်ဆန်းစုကြည်က "မြန်မာနိုင်ငံ၌ ရင်းနှီး မြှုပ်နှံမှုများ ပြုလုပ်ရန် လိုအပ်ကြောင်း" အကြံပေး ပြောဆိုသည်။ အလုပ်သမားများ အခွင့်အရေး၊ လူမှု အခွင့်အရေးများနှင့် သဘာဝ ပတ်ဝန်းကျင် အရေးကိစ္စများကို ထည့်သွင်း စဉ်းစား သင့်ကြောင်းလည်း ပြောဆိုသည်။

မည်သို့ပင်ဆိုစေ နာမည်ကျော် Financial Times သတင်းစာက ပြုလုပ်သော အင်တာဗျူးတွင် ဒေါ်အောင်ဆန်းစုကြည်သည် စီးပွားရေး ပိတ်ဆို့အရေးယူမှု ဟူသော အရေးကိစ္စ ဟူသည့် ခြံစည်းရိုးပေါ်၌ ခွထိုင်ခဲ့သည့် သဘောမျိုးဖြင့် ပြောဆိုခဲ့သည်ကို တွေ့ရသည်။ အင်တာဗျူးတွင် သူမက ခရီးသွား လုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးကို အားပေး အားမြှောက် ပြုလုပ်ခဲ့သော်လည်း မြန်မာ စစ်ဗိုလ်ချုပ်ကြီးများ အကျိုးအမြတ် မဖြစ်ထွန်းမှသာ လက်သင့် ခံနိုင်မည် ဟူသည့် သဘောမျိုး ပြောဆိုခဲ့သည်။

မည်သည့် ဟိုတယ်ကြီးများကို မည်သူ မည်ဝါက ပိုင်ဆိုင်သည်၊ တက္ကစီ အပါအဝင် သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများကို မည်သူ မည်ဝါတွေ လုပ်ကိုင်နေသည် ဟူသော အချက်ကို သိသူ နိုင်ငံခြားသား (Tourist) အနည်းငယ်သာ ရှိသည်ဟု ဆိုသည်။

ဒါဗို့စ် ဖိုရမ်သို့ ပေးပို့သော တိတ်ခွေထဲမှ မိန့်ခွန်းကို နားထောင်ပါက စီးပွားရေး ပိတ်ဆို့ အရေးယူမှုများ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ ပိတ်ပင် အရေးယူမှုများ ပြုလုပ်ရန် နှစ်ပေါင်းများစွာ မရမက တောင်းဆိုခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားမျိုး လုံးဝ မတွေ့ရှိ ရတော့ပေ။ ဒါဗို့စ်သို့ ပေးပို့သော တိတ်ခွေ ထွက်ပေါ်လာပြီးနောက် မြန်မာပြည်ပြေး မီဒီယာများ ဖြစ်သော ဧရာဝတီနှင့် ဒီဗီဘီ သတင်းဌာနတို့၌ သူမကို ဝေဖန် ရေးသားသည့် ဆောင်းပါးများ ထွက်ပေါ်လာခဲ့သည်။

အနောက်နိုင်ငံ အစိုးရများသည် စီးပွားရေး ပိတ်ဆို့ အရေးယူမှုများကြောင့် တရုတ်၊ အိန္ဒိယ၊ ကိုရီးယား၊ ထိုင်း အပါအဝင် သိသာ ထင်ရှားသော စီးပွားရေး အကျိုးစီးပွားများ ရှိသော နိုင်ငံများ မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ကိုင်လိုမှု လျော့ကျသွားနိုင်ခြင်း ရှိ၊မရှိ ဟူသော ကိစ္စအတွက် ကာလ ကြာရှည်စွာ ဒွိဟ ဖြစ်ကြသည်။ သို့သော် ဒေါ်အောင်ဆန်း စုကြည်က ၎င်းတို့အပေါ် ထောက်ခံမှု ပြုနေသေး သရွေ့ စီးပွားရေး ပိတ်ဆို့ အရေးယူမှုများ စွန့်လွှတ်မည့် ကိစ္စကို မလိုလားခဲ့ကြပေ။

သို့သော် ယခုအခါ ဒေါ်အောင်ဆန်း စုကြည်ရော သူမ၏ NLD ပါတီပါ ရပ်တည်ချက် ပြောင်းလဲ သွားပြီလော ဟူသည်မှာလည်း မေးစရာ ဖြစ်နေသည်။ ဒါဗို့စ်ဖိုရမ် ကျင်းပ ပြီးဆုံးပြီး နောက်ပိုင်း ဧရာဝတီက NLD သတင်း ရင်းမြစ်များကို ကိုးကား ဖော်ပြရာ၌ ဒေါ်အောင်ဆန်း စုကြည်သည် စီးပွားရေး ပိတ်ဆို့ အရေးယူမှုများ ဆက်လက် ထားရှိ စေလိုသည်ဟု သိရသည်။ သို့သော် တစ်ဖက်တွင် NLD သည် အနာဂတ် စီးပွားရေး ပိတ်ဆို့ အရေးယူမှုများနှင့် ပတ်သက်၍ အနောက်နိုင်ငံ အစိုးရများနှင့် ဆွေးနွေးရန် ဆန္ဒရှိကြောင်း သတင်း ပေးပို့ချက်များ အရ သိရသည်။

Asia Sentinel မှ သတင်းဆောင်းပါးကို ဆီလျော်အောင် ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment