Transparency Myanmar

transparency.myanmar@gmail.com

ဖွံ့ဖြိုးမှုအတွက် နိုင်ငံရေးချိန်ခွင်လျာ

ဘုန်းထက်ဝင်း

ပေါ်ထွန်းလာသည့် လွှတ်တော်အသစ်နှင့် ယင်းမှ အတည်ပြုရွေးချယ်လိုက်သည့် အစိုးရမှာ နောင်အနာဂတ် မြန်မာနိုင်ငံ၏ နိုင်ငံရေးတည်ငြိမ်မှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်လေမည်လော ဟူသောမေးခွန်းမှာ လူ့ အဖွဲ့အစည်းအတွင်း၌သာမက နိုင်ငံတကာအသိုင်းအဝိုင်းမှာပါပေါ်ပေါက်လာနေပေပြီ။ လွှတ်တော်အတွင်း ရောက်ရှိနေ သည့် နိုင်ငံရေးသမားများအနေဖြင့် ကမ္ဘာအဆင်းရဲဆုံးစာရင်းဝင်နေသည့် နိုင်ငံတစ်ခုကို ဆင်းရဲတွင်းမှ မည်ကဲ့သို့ လွတ်မြောက်အောင်လုပ် ရမည်ဆိုသည့်နည်းလမ်းမှာ အတော်ပင်စဉ်းစား ဆုံးဖြတ်ရမည့် ကိစ္စဖြစ်ပါသည်။ သို့သော် အမှန် ပင်ဝင်ငွေကို တိုးတက် အောင်ဆောင်ရွက်ပြီး ဆင်းရဲမှုကိုလျော့ချနိုင်သည့်မူဝါဒမျိုး(တစ်နည်း နိုင်ငံရေးဆုံးဖြတ်ချက်မျိုး) ကို ယခုပေါ်ထွန်းလာသည့်လွှတ်တော်က ဆောင်ရွက်ပေးနိုင်ပြီလော။ ဤအချင်းအရာကို ခြေခြေမြစ်မြစ်သိလိုပါက လက်ရှိဖြစ် ထွန်းနေသည့် နိုင်ငံရေးအခင်းအကျင်းကို အရင်ဆုံး လေ့လာသုံးသပ်ဖို့ လိုပါလိမ့်မည်။

နိုင်ငံရေးချိန်ခွင်လျာ(Political equilibrium)  

နိုင်ငံရေးချိန်ခွင်တစ်ခုဖြစ်ပေါ်လာရန်မှာ လွှတ်တော်(သို့)အစိုးရတစ်ခုမှပြည်သူလူထု အကျိုးဌာ တရားဝင် ဆောင်ရွက် ခွင့်ရှိသည့်အာဏာမျိုး (ယင်းအာဏာမျိုးကို ပိုင်ဆိုင်သည့် နိုင်ငံရေးသမား)နှင့် တရားဝင် အာဏာမရှိသော် လည်း ဆန္ဒပြနိုင်သော၊ ဆန့်ကျင်ဘက်အင်အားစုများအပေါ် ဖိအားပေးနိုင်သော သြဇာမျိုးကို ရောယှက် ကျင့်သုံးစေခြင်း ဖြင့် ပေါ်ထွန်းလာသည့်နိုင်ငံ ရေးအခင်းအကျင်းတစ်ခုကိုဆိုလိုပါသည်။ ယခုပြည်ထောင်စု လွှတ်တော်အတွင်း ပါတီအသီး သီးမှ ကိုယ်စားလှယ်များပါဝင်သော်လည်းအများစုမှာ ယခင်တပ်မတော်အစိုးရနောက်ခံ ကြံ့ခိုင်ရေးပါတီမှအမတ်များ ဖြစ်နေသည်။ ထို့ပြင် စစ်ဘက် အရပ်ဘက်ဆက်ဆံရေးအတွက်တပ်မတော် ကိုယ်စားလှယ် ၂၅ရာခိုင်နှုန်းလည်း ပါဝင်နေ သည်ဖြစ်ရာကျန်အင်အားစုများအနေဖြင့် အားပျော့သည့် အတိုက်အခံ အနေအထားမျှသာ ဖြစ်သည်။

ဤသို့ဖြင့် စီးပွားရေးဖွံ့ဖြိုးမှုနှင့်သက်ဆိုင်သည့် နိုင်ငံရေးဆုံးဖြတ်ချက်မျိုးကို လွှတ်တော်အတွင်း ချမှတ်အကောင် အထည်ဖော်ရာ၌ ယင်းတို့အား လိုလားသော စီးပွားရေးအသိုင်းအဝိုင်းကိုသာလုပ်ပိုင်ခွင့်များ ချပေးနေပါက လူ့အဖွဲ့အစည်း အတွင်း လူတန်းစားမညီမျှမှု ပိုမိုကြီးမားလာနိုင်သည့် အန္တရယ်မျိုးရိုပါသည်။ သို့သော် လွှတ်တော်ပြင်ပ နိုင်ငံရေး၌ ရွေးကောက်ပွဲမဝင်ခဲ့သည့် သြဇာကြီးသောပါတီကြီးတစ်ခုရှိပါသည်။ ယင်းမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဖြစ်သည်။ NLDပါတီသည်လွှတ်တော်ပြင်ပမှ အစိုးရနှင့် လွှတ်တော်၏ ကိုယ်ကျိုးရှာမူဝါဒများကို နည်းလမ်းမျိုးစုံဖြင့် ဖိအား ပေးထောက်ပြဝေဖန်၍သော်လည်းကောင်း၊လွှတ်တော်တွင်းရှိ အနည်းစုသာရှိသော အတိုက်အခံများနှင့် ပူးပေါင်းကာ မူဝါဒ ရေးရာ ကိစ္စရပ်များကို ဆွေးနွေးအကြံပြုခြင်းကိုသော်လည်းကောင်းဆောင်ရွက်ကာ ဝင်ငွေဖြန့်ဖြူးမှုနှင့် နိုင်ငံရေရှည် တိုင်းပြည်ဖွံ့ဖြိုးရန်အတွက် နိုင်ငံရေးချိန်ခွင်လျာတစ်ခုကို ဖန်တီးဖို့ရန်လို အပ်လှပါသည်။ သို့သော် ယင်းကဲ့သို့  အကောင် အထည်ဖော်ဆောင်ရွက်ရာ၌ နိုင်ငံရေးတည်ငြိမ်မှုကိုအလေးထားရပေမည်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံရေးတည်ငြိမ် မှသာနိုင်ငံတကာမှရင်းနှီးမြုပ်နှံသူများ ဝင်ရောက်အလုပ်လုပ်ကိုင်မည်ဖြစ်သည်။

အားကောင်းတဲ့ အဖွဲ့အစည်းများ

အထက်မှာဖော်ပြခဲ့သော နိုင်ငံရေးချိန်ခွင်လျှာကို တည်ဆောက်နိုင်ခဲ့လျှင်စည်းမျဉ်းစည်းကမ်းဖြင့် ပီပြင်စွာ ဆောင်ရွက်နိုင် (Rule of the game)သည့် လွှတ်တော်မျိုးကို ပေါ်ပေါက်လာနိုင်စရာရှိပါသည်။ သို့သော် ဤကဲ့သို့
နိုင်ငံရေးချိန်ခွင်လျာ မျိုးပေါ်ပေါက်ရန်မှာ များစွာစိတ်ရှည်ဖို့နှင့် အမြော်အမြင်ရှိဖို့ အထူးလိုအပ်ပါသည်။ ဒီမိုကရေစီစနစ် ရောက်ပြီးခါမှ စိတ်မရှည်ခဲ့သည့်အတွက် အာဏာပိုင်စနစ်သို့ ပြန်လည့်သွားနိုင်သည့် အန္တရယ်မျိုးရှိသောကြောင့်ဖြစ်သည်။ ယင်းကဲ့သို့ ဖြစ်ခဲ့သော နိုင်ငံများလည်း သမိုင်းတွင်ရှိပါသည်။

သို့ဆိုပါ၍ နိုင်ငံရေးချိန်ခွင်လျာညီမျှမှုမှ နိုင်ငံရေးအင်အားစုများကြား ယင်းတို့အချင်းချင်းအပြန်အလှန် ထိန်းညှိနိုင် သည့် လွှတ်တော်မျိုးပေါ်ထွန်း လာခဲ့လျှင်စီးပွားရေးအဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်များသည်လည်း ပီပြင်လာမည် ဖြစ်ပြီး တိုင်းပြည်အတွက် ဖွံ့ဖြိုး တိုးတက်မှုကို ရယူသွားနိုင်မည်ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment