Transparency Myanmar

transparency.myanmar@gmail.com

ရေနက်ဆိပ်ကမ်း လုပ်သားအရေး ပြေလည်မှုရရှိ

ဖေဖေါ်ဝါရီလ ၁၆

လစာတိုးရေးနှင့် အခွင့်အရေးအချို့အတွက် ဖေဖော်ဝါရီလဆန်းကတည်းက အလုပ်မဆင်းဘဲ ဆန္ဒပြလျက်ရှိသော တနင်္သာရီတိုင်း ထားဝယ်ရေနက်ဆိပ်ကမ်းရှိ အီတာလျံ-ထိုင်း ဆောက်လုပ်ရေးကုမ္ပဏီမှ မြန်မာလုပ်သား ၇၀ ခန့် ကိစ္စသည် ပြေလည်လာပြီဟု သတင်း ရရှိသည်။

အလုပ်သမားများက တနေ့အလုပ်ချိန် ၁ဝ နာရီအတွက် လုပ်ခ ၃၅ဝဝ ကျပ် ရရှိရာမှ အလုပ်ချိန် ၈ နာရီနှင့် လုပ်ခ ၅ဝဝဝ ကျပ် ရရှိရေး တောင်းဆိုခဲ့သဖြင့် ကုမ္ပဏီနှင့် အလုပ်သမားများအကြား ထားဝယ်ခရိုင် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ကြားဝင်ညှိနှိုင်းပေးရာမှ ပြေလည်မှု ရရှိခဲ့ခြင်း ဖြစ်သည်။

အလုပ်သမားများအနေဖြင့် အလုပ်ချိန် တစ်ရက် ၁၀ နာရီလုပ်ရပြီး တစ်ရက် လုပ်အားခ ၃၅၀၀ ကျပ်သာ ရရှိကြောင်း၊ အလုပ်ပိတ်ရက်များတွင် အလုပ်ဆင်းရသော်လည်း အချိန်ပိုကြေးမရရှိကြောင်းနှင့် လစာကို လဆန်း ၁၀ ရက်ကျော်မှသာ ပုံမှန်ရရှိသောကြောင့် ဖြစ်ရသည်ဟု သိရသည်။

အထက်ပါကိစ္စနှင့်ပတ်သက်၍ စီမံကိန်းတာဝန်ရှိသူတစ်ဦးက အလုပ်သမားများအနေဖြင့် အလုပ်မဝင်မီကတည်းကပင် လုပ်ခနှင့် အလုပ်ချိန်ကို သဘောတူပြီးဖြစ်ကြောင်း ဆိုသည်။

ထားဝယ်ဒေသရှိ အလုပ်သမားအများစုမှာ ထိုင်းနိုင်ငံတွင် အလုပ်သွားရောက်လုပ်ကိုင်ဖူးသူများဖြစ်၍ ထိုင်းထုံးစံကို သိရှိကြသူများဖြစ်ကြောင်း၊ ထားဝယ်ဒေသတွင် အလုပ်ကြမ်းသမားတဦးအတွက် တစ်ရက် ၈ နာရီ လုပ်အားခ မှာ ကျပ် ၃၅၀၀ ခန့်မှ ၅၀၀၀ အထိရှိရာ ထိုင်းကုမ္ပဏီကပေးသော တစ်ရက်လုပ်အားခမှာ ထိုက်သင့်သည်ဟု မဆိုနိုင်ကြောင်း ထားဝယ်မြို့ခံများက ပြောဆိုသည်။

လုပ်သားများ တောင်းဆိုချက်ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ကုမ္ပဏီရုံးချုပ်က ယခုလ ၈ ရက်နေ့တွင် သဘော တူခဲ့သော်လည်း ယခုထိ တရားဝင်မကြေညာသေးသဖြင့် လုပ်သား ၁ဝ ဦးသာ လုပ်ငန်းခွင် ပြန်ဝင်ခဲ့ကြသည်။ နှစ်ဖက် ပြေလည်မှုရရှိပြီဖြစ်သော်လည်း တရားဝင်ဖြစ်ရေး စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း ဆိပ်ကမ်းအာဏာပိုင်တစ်ဦးနှင့် အလုပ်သမားတစ်ဦးကလည်း အတည်ပြု ပြောဆိုကြ သည်။

ကုမ္ပဏီတွင် ထိုင်းလုပ်သားများပါ လုပ်ကိုင်လျက်ရှိရာ ၎င်းတို့က တနေ့လျှင် ထိုင်းဘတ်ငွေ ၁၇၄(ကျပ် ၅၂၂ဝခန့်) မှ ၂ဝဝ(ကျပ် ၆ဝဝဝ ခန့်) အထိ ရရှိပြီး၊ မြန်မာများက ဘတ် ၁ဝဝ (ကျပ် ၃ဝဝဝ ခန့်) ရရှိကြောင်းသည်။

မြန်မာအလုပ်သမားများသည် ဆိပ်ကမ်း ဆောက်လုပ်ရေးတွင် လက်သမား၊ ပန်းရံ စသည့် အလုပ်များတွင်သာ လုပ်ကိုင်နေခြင်း ဖြစ်သည်။

--------------------------------------------------------------------------------------------------------------------------------


အထူးစီးပွားရေးဇုန်များတွင် ရာခိုင်နှုန်းအလိုက် နိုင်ငံသားဝန်ထမ်းများကိုသာ ခန့်ထားရမည်

ဖေဖေါ်ဝါရီလ ၁၆

မြန်မာနိုင်ငံ၏အထူးစီးပွားရေးဇုန်များတွင် လုပ်ငန်းကျွမ်းကျင်ရန်မလိုသည့် အလုပ်နေရာများ၌ မြန်မာနိုင်ငံသားများကိုသာ ခန့်ထားရန် မြန်မာအထူးစီးပွားရေးဇုန်ဥပဒေ၌ ဖော်ပြထားသည်။

နိုင်ငံသားများ၏ လုပ်ငန်းကျွမ်းကျင်တိုးတတ်လာစေရန် လုပ်ကိုင်ကြရမည့်နေရာတွင်လည်း ရာခိုင်နှုန်းအရ မြန်မာနိုင်ငံသားများကိုသာ လုပ်ကိုင်စေရမည် ပာုသိရသည်။ နိုင်ငံသားများအားလုံး လုပ်ငန်းကျွမ်းကျင်လာနိုင်စေရန်အတွက်လည်း လုပ်ငန်းဆိုင်ရာလေ့ကျင့်ပေးခြင်း၊ သင်တန်းပေးခြင်း ကိစ္စရပ်များကို ဆောင်ရွက် သွားမည်ဖြစ်သည်။

မြန်မာအထူးစီးပွားရေးဇုန်ဥပဒေ အခန်း(၁၁)၊ ပုဒ်မ(၅၁)၊ ပုဒ်မခွဲ (ဂ) ၌ ကျွမ်းကျင်မှုမလိုသော အလုပ်နေရာများတွင် နိုင်ငံသားများကိုသာခန့်ထားရမည်ဖြစ်ကြောင်း၊ ပုဒ်မခွဲ (ဂ) ၏ပုဒ်မခွဲ (က) ၌မူ ကျွမ်းကျင်မှုဆိုင်ရာ လုပ်ငန်းများတွင် နိုင်ငံသားများထဲမှ ကျွမ်းကျင်မှုရှိမည့် အလုပ်သမားများ၊ အသိပညာရှင် အတတ်ပညာရှင်များ နှင့် နိုင်ငံဝန်ထမ်းများကိုသာ ခန့်ထားရမည်ဖြစ်ကြောင်း၊ လုပ်ငန်းစတင်သည်နှင့် ပထမ ငါးနှစ်တွင် နိုင်ငံသားအလုပ်သမား အနည်းဆုံး (၂၅) ရာခိုင်နှုန်း၊ ဒုတိယ ငါးနှစ်အချိန်တွင် အနည်းဆုံး (၅၀) ရာခိုင်နှုန်း၊ တတိယ ငါးနှစ်ကုန်ဆုံးသည့်အချိန်တွင် အနည်းဆုံး (၇၅) ရာခိုင် နှုန်း နိုင်ငံသားအလုပ်သမားများကို အထူးစီးပွားရေးဇုန်၌ ခန့်ထားရမည်ပာု ဥပဒေတွင် ပြဋ္ဌာန်းထားသည်ကို တွေ့ရသည်။ ထို့ကြောင့် နိုင်ငံသားများ လုပ်ငန်းကျွမ်းကျင်မှု ရရှိလာနိုင်စေရန် လုပ်ငန်းဆိုင်ရာ လေ့ကျင့်ပေးခြင်း၊ သင်တန်းပေးခြင်း လုပ်ငန်းများကိုပါ လုပ်ကိုင်သွားမည်ဖြစ်ကြောင်း နိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပုဒ်မ (၅၁) အောက်တွင် ပါဝင်သော အခြားပုဒ်မခွဲများတွင်လည်း အထူးစီးပွားရေးဇုန်၌ လိုအပ်သော အလုပ်သမားရရှိနိုင်ရေးအတွက်ကိုလည်း အလုပ်သမားစုဆောင်းခြင်းကို အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးမှ လည်းကောင်း၊ ပြည်တွင်းအလုပ်အကိုင် ရှာဖွေရေးကိုယ်စားလှယ်များမှလည်းကောင်း၊ ရင်းနှီးမြှုပ်နှံသူ၏ စိတ်ကြိုက်အရ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။ ၎င်းဥပဒေ၌ပင် နိုင်ငံသားကျွမ်းကျင်သူ အလုပ်သမားများ၊ အသိပညာရှင် အတတ် ပညာရှင်များနှင့် ဝန်ထမ်းများခန့်ထားရာတွင် တည်ဆဲအလုပ်သမားဆိုင်ရာ ဥပဒေများအရ သဘောတူညီချက်စာချုပ်ကို အလုပ်ရှင်နှင့် အလုပ်သမားနှစ်ဦးနှစ်ဖက် စလုံး လက်မှတ်ထိုး ရမည်ပာု ပါရှိသည်။

"လက်ရှိ ဥပဒေအရ တည်ဆောက်နေဆဲကာလများတွင်လည်း မြန်မာနိုင်ငံသား အလုပ်သမားများကိုသာ ခန့်ထားရမည်ဖြစ်ကြောင်း၊ ကျွမ်းကျင်လုပ်သားများနေရာတွင် သတ်မှတ်ထားသည့်ရာခိုင်နှုန်းအလိုက် မြန်မာနိုင်ငံသားများကို ခန့်ထားရမည် ဖြစ်ကြောင်း၊ ဥပဒေနှင့်အညီ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း" အထူး စီးပွားရေးဇုန်ဥပဒေကို လေ့လာ ထားသည့် လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။



ရန်ကုန်-ဒလ သင်္ဘောလက်မှတ် ၅ဆဈေး တင်ရောင်း

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇။

နေ့စဉ်အချိန်နှင့်အမျှ လှုပ်ရှားရုန်းကန်နေကြသော အခြေံလူတန်းစားများ၏ အချိန်မလုံလောက်မှုကို အသုံးချ၍ ၁၀ကျပ်တန် သင်္ဘောလက်မှတ်ကို ၅၀ကျပ်ဖြင့်ရောင်းချလျှက်ရှိကြောင်း ဒလမြို့နယ်မှ ရန်ကုန်သို့ နေ့စဉ်အလုပ်ဆင်းနေရ သော ပြည်သူများ၏ ပြောကြားချက်အရ သိရှိရသည်။

လက်မှတ်ရုံတွင် ၀ယ်ယူပါက ၁၀ကျပ်သာ ကျသင့်သော်လည်း ဘောတံတားဂိတ်တွင် ၀ယ်ယူပါက ၄င်းလက်မှတ် ကိုပင် အမြန်ကြေးဟူ၍ သတ်မှတ်ပြီး ၅၀ကျပ်ပေးရကြောင်း၊ ၅၀ကျပ်ပေးရသော်လည်း လက်မှတ်ဖြတ်ပိုင်းကိုမူ ပေးအပ်ခြင်းမရှိကြောင်း၊ ၄င်းလက်မှတ်များအား ၀န်ထမ်းများကိုယ်တိုင်ရောင်းချလျှက်ရှိကြောင်း ကိုယ်တွေ့ကြုံခဲ့ရသူ နေ့စားလုပ်သားဦးထွန်းလွင်(အမည်လွှဲ) က ပြောကြားခဲ့သည်။

ရန်ကုန်-ဒလ ကူးတို့ဆိပ်အား အသစ်ဖောက်လုပ်လျှက်ရှိသည့် ကမ်းနားလမ်းမကြီးနှင့် မလွတ်ကင်းသည့်အတွက် ရွှေ့ပြောင်းရမည်ဟု သတင်းများထွက်ပေါ်လျှက်ရှိပြီး ပြောင်းရွှေ့ဖြစ်ပါက ဒလမြို့မှ ရန်ကုန်သို့ နေ့စဉ်လာရောက် အလုပ်ဆင်းနေရသော အောက်ခြေလုပ်သားများအနေဖြင့် များစွာအခက်အခဲရှိနိုင်သောကြောင့် ပြည်သူများ စိုးရိမ်လျှက် ရှိကြ သည်။

The CJs News


(အထက်ပါ သတင်းများကို ရွှေပြည်တော် ဝက်ဘ်ဆိုက်မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။ ခရော်နီကယ် ပရိတ်သတ် များအတွက် သတင်းများနှင့် ဆောင်းပါးများကိုအချိန်ပေးဖတ်ရှုရ သည့်အလျှောက် ပေးရသည့်အချိန်နှင့် ထိုက်တန်သည့် ရလဒ် တခုခုကိုရရှိကျေနပ်စေရန် ရည်ရွယ်၍ ထပ်ဆင့်ဖော်ပြပေးခြင်းသာဖြစ်ပြီး ပေးပို့သည့် သတင်းများ၊ ဆောင်းပါးများ အားလုံးသည် yangon chronicle ၏ အာဘော်(လုံးဝ)မဟုတ်ပါကြောင်း အသိပေး ဖော်ပြအပ်ပါသည်။)

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment