Transparency Myanmar

transparency.myanmar@gmail.com

ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌအဖြစ် ဦးတင်အေးကို အဆိုတင်သွင်း

ဖေဖေါ်ဝါရီလ ၁၇

ယမန်နေ့ဖေဖော်ဝါရီလ ၁၆ရက်နေ့တွင် အမတ်အဖြစ်မှ နုတ်ထွက်ခဲ့သည့် ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးအား သမ္မတက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌအဖြစ်ခန့်အပ်ရန် ယနေ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ကျင်းပသည့် လွှတ်တော်အစည်းအဝေးတွင် အမည်စာရင်း တင်သွင်းလိုက်ကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေသော ဦးသိန်းစိုးသည် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေဥက္ကဋ္ဌအဖြစ် ပြောင်းလဲတာဝန်ထမ်းဆောင်မည် ဖြစ်သောကြောင့် လစ်လပ်သွားသည့် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနေရာအတွက် ဦးတင်အေးအား ခန့်အပ်ရန် မန္တလေးတိုင်း တံတားဦးမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်လွှာ တင်သွင်းစေခြင်း ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော် သမ္မတသည် ပြည်ထောင်စုအစိုးရအဖွဲ့တွင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဌာနကြီး ၆ ခုကို ဖွဲ့ စည်းရမည်ဖြစ်ပြီး အဆိုပါအဖွဲ့အစည်းများမှာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၊ ဘဏ္ဍာရေးကော်မရှင်၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့တို့ ဖြစ်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌသည် ပြည်ထောင်စုဝန်ကြီးနှင့် အဆင့်တူညီပြီး တလလျှင် လစာ ကျပ် သိန်း ၃၀ ရရှိမည်ဖြစ်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌအဖြစ် ဦးတင်အေးအား တရားဝင်ခန့်အပ်ပြီးပါက အစိုးရ ရာထူးနေရာများ ရယူလိုက်သဖြင့် လွှတ်တော်ကိုယ်စားလှယ် လစ်လပ်သွားသော မဲဆန္ဒနယ်များတွင် ရွေးကောက်ပွဲ ပြန်လည်ကျင်းပရေး ကိစ္စ၊ မဲမသမာမှုများနှင့် ရွေးကောက်ပွဲတွင် အနိုင်ယူခဲ့သည်ဆိုသော တိုင်တန်းချက်များ အပါအဝင် နိုင်ငံရေး ပါတီများနှင့် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စများကို ကိုင်တွယ် ဖြေရှင်းရမည် ဖြစ်သည်။

Ref: Internet News

------------------------------------------------------------------------------------------------------------------------------------------

လုံခြုံရေးအဖွဲ့များ ပြောင်းလဲ တာဝန်ယူ

ဖေဖေါ်ဝါရီလ ၁၆

ရပ်ကွက်အလိုက် တာဝန်ချထားသည့် စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ) များကို နေရာများမှ မကြာသေးမီက စတင်၍ ပြန်လည် ရုပ်သိမ်းနေပြီး ရဲအထူး သတင်းတပ်ဖွဲ့ (SB) များဖြင့် အစားထိုးနေကြောင်း သတင်းရရှိသည်။

နယ်မြေခံ စရဖ၊ ရဲအထူး သတင်းတပ်ဖွဲ့စသည်တို့သည် နေ့ပိုင်းတွင် ဆိုင်ရာရပ်ကွက်အလိုက် သတင်းရယူလေ့ရှိ ပြီး ညပိုင်း၌ ဆိုင်ရာ ရယကရုံးများတွင် အခြေချလေ့ရှိကြောင်း သိရှိရသည်။

"လွန်ခဲ့တဲ့ သုံးရက်လောက်ကစပြီး စရဖတွေ ကျနော့်ဆီ မလာတော့ဘူး။ သတင်းတပ်ဖွဲ့ကပဲ လာတော့တယ်။ 'စရဖ'က ဒီတာဝန်တွေ ယူစရာမလိုတော့ဘူးလို့ သတင်းတပ်ဖွဲ့က လူတွေကပြောတယ်"  ဟု ရပ်ကွက် အေးချမ်းသာယာ ရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင် (ရယက) တစ်ဦးက ပြောကြားသည်။

 ရဲတပ်ဖွဲ့၏ အခန်းကဏ္ဍ ဆန်းသစ်လာမည်လား၊ ဘာကြောင့် ဒီလို ဆုတ်သွားတယ်ဆိုတာလည်း စောင့်ကြည့်ရ ဦးမည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောကြားသည်။

တာဝန်ကျ နယ်မြေများမှ စရဖအဖွဲ့များ ရုပ်သိမ်းလိုက်သော်လည်း စစ်ဗိုလ်ချုပ်ကြီးများ၏ လုံခြုံရေးကိုမူ စရဖကပင် ဆက်လက် တာဝန်ယူနေဆဲဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

နောက်ဆုံးရရှိသည့် သတင်းများအရ ရဲအထူး သတင်းတပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် ရာထူးကို ဗိုလ်မှူးကြီးတင်စိုး အား လွှဲအပ်မည်ဟု သိရသည်။

Ref: Internet News


လူငယ်များ ငြိမ်းချမ်းရေးလှုပ်ရှားမှုလုပ်ကြရန် စာရေးဆရာကြီး ဒဂုံတာရာနှိုးဆော်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇။

တိုင်းရင်းသားလက်နက်ကိုင်များနှင့် တပ်မတော်အစိုးရတို့ကြား တင်းမာမှုများကြောင့် မြန်မာနိုင်ငံတွင်း ပြည်တွင်း စစ်ပြန်လည်ဖြစ်ပေါ်လာမည်ကို စိုးရိမ်သဖြင့် မြန်မာလူငယ်များစုပေါင်း၍ အသင်းအဖွဲ့များဖွဲ့ကာ ငြိမ်းချမ်းရေးလှုပ်ရှားမှုများ လုပ်ဆောင်ကြရန် စာရေးဆရာကြီး ဒဂုံတာရာက ဘီဘီစီသတင်းနှင့် အင်တာဗျူးတွင် ၄င်းဝဘ်ဆိုဒ်တွင်ဖော်ပြချက်များအရ သိရှိရသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန်ဖိအားပေးသည်ကို လက်မခံသည့်အတွက် နယ်စပ်ဒေသများတွင် တိုက်ပွဲများပြန်ဖြစ်နေသည်ကို ကြားသိရသောကြောင့် ၄င်းစစ်ပွဲများအား အကြောင်းပြု၍ ပြည်တွင်းစစ်မီး ပြန်လည်တောက်လောင်လာမည်ကို စိုးရိမ်စိုးရိမ်သဖြင့် လူငယ်များ၊ အတတ်ပညာရှင် များနှင့် အနုပညာရှင်များအနေဖြင့်  အသင်းအဖွဲ့များဖွဲ့ကာ ငြိမ်းချမ်းရေးလှုပ်ရှားမှုများ ပြုလုပ်စေချင်ကြောင်း ပြောကြားခဲ့ သည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးကာစ ရောင်စုံသူပုန်များကြောင့် တိုင်းပြည်ချောက်ထဲကျရန် လက်တစ်လုံးသာ လိုတော့သောအချိန်ဟု ၀န်ကြီးချုပ်ဦးနုက ဖွင့်ဟပြောဆိုခဲ့ရပြီး ရန်ကုန်အစိုးရဟု နိုင်ငံတကာမှ ပြောင်လှောင်ခေါ်ဝေါ်နေ သော အချိန်ကလည်း ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ ဦးဆောင်မှုဖြင့် ဆရာကြီးဒဂုံတာရာအပါအ၀င် နယ်ပယ်စုံမှ ပုဂ္ဂိုလ်များပါဝင်သော ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ဖွဲ့ကာ ဆော်သြခဲ့ကြဘူးသည်။ ယင်းငြိမ်းချမ်းရေးလှုပ်ရှားမှုအား အစိုးရ ပိုင်းမှလက်မခံသည့်အတွက် အောင်မြင်မှုမရှိခဲ့ကြောင်း ယခုအချိန်တွင်လည်း နိုင်ငံရေးအခြေအနေများကြောင့် အောင်မြင် စွာဖော်ဆောင်နိုင်ရန် ခက်ခဲသော်လည်း နိုင်ငံ၏လိုအပ်ချက်အရ လုပ်ဆောင်ရန်လိုအပ်ကြောင်း စာရေးဆရာကြီး ဒဂုံတာ ရာမှ ပြောကြားခဲ့သည်။

The CJs News


(အထက်ပါ သတင်းများကို ရွှေပြည်တော် ဝက်ဘ်ဆိုက်မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။ ခရော်နီကယ် ပရိတ်သတ် များအတွက် သတင်းများနှင့် ဆောင်းပါးများကိုအချိန်ပေးဖတ်ရှုရ သည့်အလျှောက် ပေးရသည့်အချိန်နှင့် ထိုက်တန်သည့် ရလဒ် တခုခုကိုရရှိကျေနပ်စေရန် ရည်ရွယ်၍ ထပ်ဆင့်ဖော်ပြပေးခြင်းသာဖြစ်ပြီး ပေးပို့သည့် သတင်းများ၊ ဆောင်းပါးများ အားလုံးသည် yangon chronicle ၏ အာဘော်(လုံးဝ)မဟုတ်ပါကြောင်း အသိပေး ဖော်ပြအပ်ပါသည်။)

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment