Transparency Myanmar

transparency.myanmar@gmail.com

မြန်မာ နိုင်ငံတွင် အပတ်စဉ်ထုတ် သတင်း ဂျာနယ် ထုတ်ဝေလျက် ရှိသော သြစတြေးလျ လူမျိုး နိုင်ငံခြားသား အယ်ဒီတာအား ဖမ်းဆီးထားမှုနှင့် ပတ်သက်၍ လွန်စွာ စိုးရိမ် မကင်း ဖြစ်မိကြောင်း နိုင်ငံခြား သတင်းစာ ဆရာများ အဖွဲ့က ထုတ်ဖော် ပြောဆိုပြီး ၎င်းကို အမှုမစစ်မီ လွှတ်ပေးရန် မြန်မာ အစိုးရကို တောင်းဆိုလိုက်သည်။

ဖမ်းဆီး ခံထားရသူမှာ မြန်မာနိုင်ငံတွင် နိုင်ငံခြားသား ရင်းနှီး မြှုပ်နှံမှု ပါဝင်သည့် တစ်ခု တည်းသော ပုံနှိပ် မီဒီယာ ဖြစ်သည့် Myanmar Times သတင်းဂျာနယ် ပူးတွဲ တည်ထောင်သူ Ross Dunkley ဖြစ်ပြီး  ၎င်းသည် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ရန်ကုန်မြို့၌ ဖမ်းဆီး ခံခဲ့ရခြင်း ဖြစ်သည်။ မစ္စတာ Ross Dunkley သည် ယခုအခါ ရန်ကုန်မြို့ရှိ အင်းစိန် အကျဉ်းထောင်တွင် ဖမ်းဆီး ထိန်းသိမ်း ခံထားရကြောင်း ကမ္ဘောဒီးယား နိုင်ငံမှ ၎င်း၏ စီးပွားရေး မိတ်ဘက် ဖြစ်သူ တစ်ဦးက ဆိုသည်။ မစ္စတာ Dunkley သည် ကမ္ဘောဒီးယား နိုင်ငံတွင် ထုတ်ဝေသော နာမည်ကျော် Phonom Penh Post သတင်းစာတွင်လည်း ရှယ်ယာအများစု ရယူထားသည်။

ကမ္ဘောဒီးယား နိုင်ငံခြား သတင်းစာ ဆရာများ အသင်း (OPCC) က "အမှု မစစ်ဆေးမီ မစ္စတာ Ross Dunkley အား ဖမ်းဆီး ထိန်းသိမ်းထားရန် အကြောင်း မရှိကြောင်း၊ ၎င်းအား ဖမ်းဆီး ထိန်းသိမ်း ထားမှုသည် စီးပွားရေး အငြင်းပွားမှု တစ်ရပ်ကို ဖြေရှင်းရန် တရားဥပဒေ ချိုးဖောက်မှု တစ်ခု ဖြစ်နေမည်ကို စိုးရိမ်မိကြောင်း" ကြေညာချက် ထုတ်ပြန်သည်။

"မစ္စတာ Dunkley ဖမ်းဆီး ထိန်းသိမ်း ခံရမှုသည် ဒေသတွင်း နိုင်ငံအချို့၌ အာဏာရှင် စနစ် ကြီးထွားလာမှု ဖြစ်စဉ် သို့မဟုတ် သတင်းစာ လွတ်လပ်ခွင့်အပေါ် ကန့်သတ် ချုပ်ချယ်သည့် ဖြစ်စဉ်နှင့် ငြိစွန်းနေမည် ကိုလည်း စိုးရိမ်မိကြောင်း" OPCC က ဆိုသည်။ Phonom Penh Post သတင်းစာကို ပိုင်ဆိုင်သော Post Media ဥက္ကဌ David Armstrong က မစ္စတာ Ross Dunkley ဖမ်းဆီး ထိန်းသိမ်း ခံရမှုသည် Myanmar Times သတင်းဂျာနယ် နိုင်ငံခြားသား ပိုင်ရှင်နှင့် နိုင်ငံသား ပိုင်ရှင် တို့အကြား ပါဝါ ယှဉ်ပြိုင်မှုနှင့် ဆက်နွယ် နေကြောင်း ပြောကြားသည်။

မစ္စတာ Ross Dunkley သည် Myanmar Times သတင်းဂျာနယ်ကို ၂၀၀၀ ပြည့်နှစ်တွင် ပြည်တွင်းမှ စီးပွားရေး မိတ်ဖက် ဖြစ်သူ ဦးဆန်နီဆွေနှင့် အတူ ပူးတွဲ တည်ထောင်ခဲ့သည်။ ဦးဆန်နီဆွေသည် ယခင် မြန်မာ စစ်အစိုးရ၏ စစ်ထောက်လှမ်းရေး အဖွဲ့ဝင် အရာရှိကြီး တစ်ဦး၏ သားလည်း ဖြစ်သည်။ သို့သော် ဦးဆန်နီဆွေမှာ ၂၀၀၅ ခုနှစ်တွင် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပြီး ၎င်း၏ အစု ရှယ်ယာကို ပြန်ကြားရေး ဝန်ကြီး ဦးကျော်ဆန်းနှင့် အလွန် ရင်းနှီးသူဟု ဆိုသော ဒေါက်တာ တင်ထွန်းဦးက လွှဲပြောင်း ရယူခဲ့သည်။ မစ္စတာ David Armstrong ၏ အဆိုအရ Myanmar Times အကြီးအကဲ ဖြစ်သူ Ross Dunkley သည် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် တရားရုံး၌ အမှု ရင်ဆိုင်ရမည် ဖြစ်သည်။

Channel News Asia မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment