Transparency Myanmar

transparency.myanmar@gmail.com

မြန်မာနိုင်ငံတွင် နှိပ်စက် ညှင်းပန်းမှု၊ ခွဲခြား ဆက်ဆံမှုတို့ ခံခဲ့ရသည် ဟူသော အကြောင်း ပြချက်ဖြင့် ထွက်ပြေး လွတ်မြောက် ရောက်ရှိလာသော မွတ်စလင် ဘာသာဝင် ရိုဟင်ဂျာ တိုင်းရင်းသား အုပ်စုနှင့် ဆွေးနွေး ညှိနှိုင်းရန် ထိုင်းအာဏာပိုင်များ ညှိနှိုင်းလျက် ရှိကြောင်း CNN သတင်းအရ သိရသည်။ အဆိုပါ ရိုဟင်ဂျာ မွတ်စလင် အုပ်စုတွင် လူပေါင်း ၆၇ ဦး ပါဝင်ပြီး ၎င်းတို့သည် ထိုင်းနိုင်ငံသို့ လှေတစ်စင်းဖြင့် ရောက်ရှိလာကြခြင်း ဖြစ်သည်။

ယခု ဆိုက်ရောက်လာသော ရိုဟင်ဂျာ အုပ်စုသည် ထိုင်းနိုင်ငံသို့ ယခုနှစ်များအတွင် အစုလိုက် အပြုံလိုက် ရောက်ရှိလာသော ရိုဟင်ဂျာများ အနက် နောက်ဆုံး ဖြစ်သည်။ ရိုဟင်ဂျာများက ၎င်းတို့သည် မြန်မာနိုင်ငံတွင် ညှင်းပန်း နှိပ်စက်ခံရသောကြောင့် ထွက်ပြေးလာခြင်း ဖြစ်သည်ဟု ဆိုသည်။ ယခုလို ဒုက္ခဘေးမှ လွတ်မြောက်အောင် ထွက်ပြေးလာသည့် ဖြစ်ရပ်က ထိုင်းနိုင်ငံ၏ နိုင်ငံတကာ ကတိကဝတ် တစ်ခု ဖြစ်သော ရိုဟင်ဂျာများ အပေါ် လူသားချင်း စာနာစွာ ဆက်ဆံပါမည် ဟူသည့် ကိစ္စကို စမ်းသပ်လိမ့်မည် ဖြစ်သည်။ ထိုင်းနိုင်ငံသည် ယခင်က ရိုဟင်ဂျာများအပေါ် လျှို့ဝှက်သည့် မူဝါဒ တစ်ရပ် ကျင့်သုံးခဲ့သည်။ ယင်းမူဝါဒမှာ ရိုဟင်ဂျာများကို အစားအစာ အနည်းငယ် ပါဝင်သော လှေငယ်များပေါ်တွင် တင်ကာ ပင်လယ်ပြင်ဆီသို့ မောင်းထုတ်ခြင်းပင် ဖြစ်သည်။

လူ့အခွင့်အရေး အုပ်စုများက ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်မှုများ ပြုလုပ်လာပြီးနောက် နှစ်နှစ်ခန့် အကြာတွင် ထိုင်းအစိုးရက ရိုဟင်ဂျာများအပေါ် လူသားချင်း စာနာစွာ ဆက်ဆံပါမည်ဟု နိုင်ငံတကာကို ကတိကဝတ် ပြုခဲ့သည်။

လူပေါင်း ၆၇ ဦး ပါသော ရိုဟင်ဂျာ မွတ်စလင် အုပ်စုက ထိုင်းနိုင်ငံသို့ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ဆိုက်ရောက် လာကြခြင်း ဖြစ်ပြီး အခြားသော ရိုဟင်ဂျာ ၉၁ ဦးက ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ရောက်ရှိခဲ့ခြင်း ဖြစ်ကြောင်း ထိုင်းသတင်း ဌာနများက ဆိုသည်။ ဒုတိယ အုပ်စုကို ဆာတွန် ပြည်နယ် ရဲစခန်းတွင် ဖမ်းဆီး ထိန်းသိမ်းထားသည်ဟု အာဏာပိုင်များက ဆိုသည်။

"ကျွန်တော့် အနေနဲ့ မြန်မာနိုင်ငံက လွဲလို့ ဘယ်နိုင်ငံမှာမဆို နေထိုင်နိုင်ပါတယ်။ တကယ်လို့ ကျွန်တော် မြန်မာပြည် ပြန်ရမယ်ဆိုရင် သေမှာပါပဲ" ဟု ရိုဟင်ဂျာ တစ်ဦး ဖြစ်သော Norri Shalom က တယ်လီဖုန်းဖြင့် အင်တာဗျူးတွင် ပြောဆိုသည်။ မိမိ အနေဖြင့် ဇနီးဖြစ်သူနှင့် ကလေး နှစ်ဦးကို ထားရစ်ကာ မောင်းတောမြို့မှ ထွက်ပြေးလာခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။ အကယ်၍ အခြေအနေများ ကောင်းမွန်ပြီး နေထိုင်စရာ နေရာသစ် တစ်ခု ရှာဖွေနိုင်မည် ဆိုပါက မိသားစုကို ပြန်ခေါ်မည်ဟု ၎င်းက ကတိပြုခဲ့သည်။

အလားတူ ရိုဟင်ဂျာ တစ်ဦးမှာ အသက် ၁၀ နှစ်အရွယ် Muhammad Fariq ဆိုသူ ဖြစ်ပြီး ၎င်းသည် လှေဖြင့် လိုက်ပါရန် မြန်မာငွေ ကျပ်လေးသောင်း ပေးခဲ့ရသည်။ Fariq သည် လှေငယ်ပေါ်တွင် ၁၅ ရက်မျှ ကြာမြင့်ခဲ့ပြီး မွတ်စလင် နိုင်ငံတစ်ခု ဖြစ်သော မလေးရှားသို့ သွားရောက်ကာ အလုပ် အကိုင် ရှာဖွေရန် ရည်မှန်းထားသည်။

နောက်ဆုံး ရောက်ရှိလာသော ရိုဟင်ဂျာ အုပ်စုသည် ယခုအခါ သောင်မတင် ရေမကျ အခြေအနေဖြင့် ရင်ဆိုင်နေရသည်။ အကြောင်းမှာ ၎င်းတို့၏ ရှေ့ကံကြမ္မာကို အဆုံးအဖြတ် ပေးမည့် ထိုင်းအာဏာပိုင်များကို စောင့်ဆိုင်း နေရသောကြောင့် ဖြစ်သည်။

ဆာတွန်ပြည်နယ် လူဝင်မှု ကြီးကြပ်ရေး ဌာနမှ ဗိုလ်မှူးကြီး Chayawut Chansomboon က ရိုဟင်ဂျာ အုပ်စု နှစ်စုစလုံးအား မြန်မာနိုင်ငံသို့ ပြန်ပို့ရဖွယ် ရှိကြောင်း ပြောကြားသည်။ သို့ရာတွင် ရိုဟင်ဂျာများကို မြန်မာနိုင်ငံက အသိအမှတ် မပြုသောကြောင့် ၎င်းတို့အား မိခင်နိုင်ငံသို့ ပြန်ပို့မည့် ကိစ္စမှာ ရှုပ်ထွေးမှုများ ဖြစ်လျက် ရှိကြောင်း ဗိုလ်မှူးကြီး Chayawut Chansomboon က ဆိုသည်။ လက်ရှိ အနေအထားတွင် ထိုင်းလူဝင်မှု ကြီးကြပ်ရေး ဌာနတွင် ခိုလှုံ နေထိုင်လျက် ရှိသော ရိုဟင်ဂျာ မွတ်စလင် တစ်ထောင်ခန့် ရှိသည်ဟု ဆိုသည်။ "အခြေခံ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ကျွန်တော်တို့ ကောင်းကောင်း နားလည်ပါတယ်။ လောလောဆယ် ရိုဟင်ဂျာတွေ အတွက် လိုအပ်တဲ့ အစားအစာ၊ ခိုလှုံစရာတွေကို ကျွန်တော်တို့ ထောက်ပံ့ ပေးထားပါတယ်" ဟု ၎င်းက ပြောကြားသည်။

ရိုဟင်ဂျာ ဟူသော အရေးကိစ္စမှာ ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်တွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ထိုစဉ်က ရိုဟင်ဂျာများကို ပင်လယ်ဆီသို့ လှေများဖြင့် ဖိအားပေး နှင်လွှတ်ခဲ့သည့် ထိုင်းစစ်တပ်မှာ များစွာ ပြစ်တင် ပြောဆိုခံခဲ့ရသည်။

CNN သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment