(AFP သတင်းဌာနမှ 31 January 2011 ရက်စွဲပါ "Somali Pirates arrive in Malaysia" ကို ဘာသာ ပြန်ဆိုသည်)
အေဒင် ပင်လယ်ကွေ့မှ ရေနံတင် သင်္ဘော အပိုင်စီး ခံရမှုကို စီးနင်း ကယ်တင်စဉ် မလေးရှား တပ်ဖွဲ့များက ဖမ်းဆီး ရမိခဲ့သော ဆိုမာလီ ပင်လယ် ဓားပြ ၇ ဦးကို တရား စွဲဆိုမည် ဖြစ်ရာ တနင်္လာနေ့တွင် မလေးရှားသို့ ရောက်ရှိလာပြီ ဖြစ်သည်။
လက်ထိပ် ခတ်ထားသော လိမ္မော်ရောင် အကျဉ်းသား ဝတ်စုံဝတ် ပင်လယ် ဓားပြ ၇ ဦး ကွာလာလမ်ပူ တောင်ဘက် ပို့ကလန် ဆိပ်ကမ်းသို့ ရောက်ရှိလာရာ တင်းကြပ်သော လုံခြုံရေး အစောင့် အရှောက်များဖြင့် ရဲဌာနသို့ ခေါ်ဆောင်သွား ပြီးနောက် ဆေးရုံသို့ ပို့ဆောင်ခဲ့သည်ကို AFP သတင်းထောက်က မြင်တွေ့ခဲ့သည်။
မော်တော်ယာဉ် ၁၀ စီး ကျော်သည့် လုံခြုံရေး ယာဉ်တန်းဖြင့် ခေါ်ဆောင် လာသော ပင်လယ် ဓားပြများကို ဆေးရုံ၌ တစ်နာရီကြာ ကျန်းမာရေး စစ်ဆေးမှု ပြုလုပ်စဉ် အရေးပေါ် ဌာန အပြင်၌ လက်နက် အပြည့်အစုံ တပ်ဆင် ထားသော ရဲတပ်ဖွဲ့ဝင် ငါးဆယ်ခန့် စောင့်ကြပ်ခဲ့သည်ဟု သိရသည်။
ဆိုမာလီ ပင်လယ် ဓားပြ ပြဿနာ၏ ဗဟိုချက် အေဒင် ပင်လယ်ကွေ့တွင် ဇန်နဝါရီ ၂၀ ရက်၌ ပြန်ပေးဆွဲ ခံရစဉ် ကယ်တင်နိုင်ခဲ့သော MT Burga Laurel ဖြင့် ပင်လယ် ဓားပြများ ရောက်ရှိ လာကြတော့မည်ဟု မလေးရှား အာဏာပိုင် များက ပြောကြားထား ခဲ့ပြီး ဖြစ်သည်။
အမေရိကန် ဒေါ်လာ ၁၀ သန်း တန်ဖိုးရှိ စက်ဆီ၊ ချောဆီများ တင်ဆောင်လာသော အဆိုပါ သင်္ဘောသည် စင်ကာပူသို့ ဦးတည် ခုတ်မောင်းစဉ် အေကေ ၄၇ ရိုင်ဖယ် သေနတ် ကိုင်ဆောင်သော ပင်လယ် ဓားပြများ၏ အပိုင်စီးမှုကို ခံခဲ့ရခြင်း ဖြစ်သည်။
ဟယ်လီကော့ပတာတင် ရေတပ် အစောင့်သင်္ဘောမှ မလေးရှား ကွန်မန်ဒိုများက အဆိုပါ သင်္ဘောကို နာရီပိုင်း အတွင်း ပြန်လည် တိုက်ခိုက် စီးနင်း ကယ်တင် နိုင်ခဲ့သည်။
--Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.