Transparency Myanmar

transparency.myanmar@gmail.com

(Hindustan Times သတင်းဌာနမှ 2 February 2011 ရက်စွဲပါ "Mizoram Anticipating Security Problems Post-Kaladan" ကို ဘာသာ ပြန်ဆိုသည်)

အိန္ဒိယ အရှေ့မြောက်ရှိ ငြိမ်းချမ်းသော နယ်မြေ (Island of Peace) မီဇိုရမ်သည် ကုလားတန် သယ်ယူ ပို့ဆောင်ရေး ဘက်စုံသုံး စီမံကိန်း စတင် လည်ပတ်သည့် အချိန်မှ စ၍ လုံခြုံရေး ပြဿနာကို စိုးရိမ် လာရသည်။

နယူးဒေလီနှင့် ရန်ကုန်တို့သည် ၂၀၀၈ ခုနှစ် ဧပြီလက အိန္ဒိယ အစိုးရက ငွေကြေး ထောက်ပံ့မည့် ဒေါ်လာသန်း ၁၂၀ တန် ကုလားတန် စီမံကိန်း အတွက် သဘော တူညီချက် လက်မှတ် ရေးထိုးခဲ့ပြီး အဆိုပါ စီမံကိန်းကြောင့် အနာဂတ်တွင် ကုလားတန် မြစ်တလျှောက် အိန္ဒိယနှင့် မြန်မာ ကူးသန်းရောင်းဝယ်ရေး လမ်းကြောင်း ဖွံ့ဖြိုး တိုးတက်လာမည် ဖြစ်သည်။

ကုလားတန် မြစ်သည် မီဇိုရမ်မှ စတင် စီးဆင်းပြီး ဘင်္ဂလား ပင်လယ်အော်သို့ မြန်မာ နိုင်ငံ စစ်တွေတွင် စီးဝင်သည်။ စစ်တွေတွင် ဆိပ်ကမ်း ဆောက်လုပ် ခြင်းအား အိန္ဒိယမှ ကူညီလျက် ရှိသည်။ သို့သော် ၎င်းသည် မီဇိုရမ်နှင့် နယ်စပ်ချင်း ထိနေသော မြန်မာ နိုင်ငံမှ စက်ပစ်ပြင် (Setpyitpyin) အထိ ရေကြောင်းမှ သွားလာနိုင်ပြီး ထိုဒေသအထိ အိန္ဒိယ အရှေ့မြောက်မှ ကုန်ပစ္စည်းများ ကုန်းလမ်းမှ သယ်ပို့နိုင်သည်။

"လိုအပ်တဲ့ ကုန်ပစ္စည်း၊ ဝန်ဆောင်မှု တွေနဲ့ အတူ မလိုလားတဲ့ အရာတွေလည်း ဝင်လာမှာ၊ ထွက်သွားမှာကို မျှော်လင့် ထားပါတယ်၊ ဒီတော့ ဖြစ်လာနိုင်တဲ့ အရာတွေကို လက်ခံ ကိုင်တွယ်ဖို့ ထိရောက်တဲ့ မဟာဗျူဟာ တဖြည်းဖြည်း ချမှတ်ဖို့ အချိန် ရောက်နေပါပြီ၊ ဘာကြောင့်လဲ ဆိုတော့ ကာကွယ်ခြင်းက ကုသခြင်းထက် ပိုကောင်းပါတယ်" ဟု မီဇိုရမ် ပြည်နယ် ဝန်ကြီးချုပ် Lal Thanhawla က နယူးဒေလီတွင် ပြည်နယ် ဝန်ကြီးချုပ်များ ကွန်ဖရင့်၌ ပြောကြားခဲ့သည်။

၎င်းက ဖြည့်စွက် ပြောကြား ရာတွင် ပြည်နယ်များ လုံခြုံရေး အသုံး စရိတ် အတွက် လက်ရှိ ကျင့်သုံးနေသော လိုအပ်ချက် အရသာ ရွေးချယ်၍ ဗဟိုမှ ထောက်ပံ့သော စနစ်ကို ပြန်လည် ပြုပြင် သင့်ကြောင်း ဆိုသည်။ "မီဇိုရမ် ဆိုရင် နှစ်ပေါင်းများစွာ အနှောင့် အယှက်တွေ ရှိရာကနေ ငြိမ်းချမ်းရေး ပြန်ရလာပြီ ဖြစ်ပေမဲ့ ငြိမ်းချမ်းရေးကိုလည်း ထိန်းသိမ်း ထားရပါမယ်၊ ငြိမ်းချမ်းရေး ရပြီ ဆိုပြီး အခြား ပြည်နယ်တွေနဲ့ ခွဲခြား ဆက်ဆံဖို့ မသင့်ပါဘူး" ဟု ၎င်းက ပြောသည်။

ထိုကိစ္စနှင့် ပတ်သက်၍ ငြိမ်းချမ်းရေးကို ထိန်းသိမ်း ထားနိုင်ရေး အတွက် မက်လုံး ပေးသည့် အနေဖြင့် ပြည်နယ် လုံခြုံရေးကို ထိန်းသိမ်း စရိတ် ကာမိအောင် ဗဟိုက အထောက် အပံ့ ပေးသင့်ကြောင်း Thanhawla က ပြောသည်။ "ကျွန်တော်တို့ ငြိမ်းချမ်းရေး အတွက် တန်ဖိုး ကြီးကြီး ပေးခဲ့ရပြီးပါပြီ၊ ငြိမ်းချမ်းရေးကို ထိန်းသိမ်း နိုင်ဖို့ကိုလည်း တန်ဖိုး တစ်ခု ပေးရမှာပဲ" ဟု ၎င်းက ဆိုသည်။

မီဇိုရမ် ပြည်နယ် ဝန်ကြီးချုပ်က ပြည်နယ် လုံခြုံရေး ထိန်းသိမ်း ထားနိုင်ရေး အတွက် လူမျိုးစုများ ရှိရာ အရပ်တွင် ရိုးရာ ဒေသဆိုင်ရာ အဖွဲ့ အစည်းများ ဖွဲ့စည်း နိုင်ရေး လိုအပ်ချက်ကို အလေးပေး ပြောကြားခဲ့သည်။

"ဥပမာ အားဖြင့် မီဇိုရမ်မှာ ကျေးရွာ ကောင်စီ ဒါမှ မဟုတ် နာဂမြေမှာ ကျေးရွာ ဖွံ့ဖြိုးရေး ဘုတ်အဖွဲ့ တွေဟာ ကိုယ့် ဒေသမှာ ငြိမ်းချမ်းရေး ထိန်းသိမ်းရာမှာ ထိရောက်တဲ့ ကဏ္ဍက ပါဝင်နိုင်ပြီး ငြိမ်းချမ်းရေး ပျက်ပြား စေမယ့် ပြင်ပက လှုပ်ရှားမှုတွေကို ကာကွယ် တားဆီးနိုင်မှာ ဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။

ယင်းက ပြည်ထဲရေး ဝန်ကြီးဌာနအား ပြည်နယ်များနှင့် တိုင်ပင်၍ အဆိုပါ ကိစ္စအား အမျိုးသား အဆင့် စီမံကိန်း ရေးဆွဲရန် တိုက်တွန်း ခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment