Transparency Myanmar

transparency.myanmar@gmail.com

(AFP သတင်းဌာနမှ 3 February 2011 ရက်စွဲပါ "US says no to easing pressure in Myanmar" ကို ဘာသာ ပြန်ဆိုသည်)

မြန်မာ နိုင်ငံ အပေါ် အရေးယူ ဒဏ်ခတ်မှု များအပေါ် ဖြေလျော့ ပေးရန် အချိန် မကျသေးဟု အမေရိကန် ပြည်ထောင်စုက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့ပြီး အငြင်းပွားဖွယ် ရွေးကောက်ပွဲ နောက်ဆက်တွဲ အဖြစ် ခေါင်းဆောင်ပိုင်း ပြန်လည် ဖွဲ့စည်း ပြင်ဆင်နေသော မြန်မာ အစိုးရကို ပိုမို မှန်ကန် ခိုင်မာသော ဆောင်ရွက်ချက်များ ပြုလုပ်ရန် တိုက်တွန်း လိုက်သည်။

အရှေ့အာရှ ပစိဖိတ် ဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell က အရှေ့တောင် အာရှ နိုင်ငံများနှင့် တိုင်ပင် ညှိနှိုင်းရန် ခရီး လှည့်လည် ခဲ့ပြီးနောက် "အမေရိကန် ပြည်ထောင်စု အနေဖြင့် မြန်မာ နိုင်ငံနှင့် ပတ်သက်၍ များစွာ စိတ်ပျက် လက်ပျက် ဖြစ်ရသော်လည်း တွေ့ဆုံ ညှိနှိုင်းမှုကိုမူ ဆက်လက် ပြုလုပ် သွားမည်" ဟု ပြောကြား ခဲ့သည်။

"အရှေ့တောင် အာရှ နိုင်ငံ တော်တော် များများက အရေးယူမှု အစီအစဉ်တွေကို ရုတ်သိမ်းဖို့ အချိန်တန်ပြီလို့ ထုတ်ပြောလာပါတယ်၊ အချိန် မကျသေးတာကို ထင်သာ မြင်သာ တွေ့နေရတယ်လို့ ကျွန်တော်တို့ ယူဆတဲ့ အကြောင်း ရှင်းရှင်းလင်းလင်း ပြန်ပြောခဲ့ပါတယ်" ဟု Campbell က သတင်းထောက်များကို ပြောကြားသည်။

"သူတို့က ကိစ္စမျိုးစုံနဲ့ ပတ်သက်တဲ့ အစိုးရသစ် မူဝါဒကို ပုံဖော်နေတာ ဖြစ်လို့ ဒီအစိုးရသစ်က မှန်ကန် ခိုင်မာတဲ့ ပြုပြင် ဆောင်ရွက်မှုတွေ ပြုလုပ်လာတာကို ကျွန်တော်တို့ စောင့်ကြည့်နေပါတယ်" ဟု ယင်းက ပြောဆိုခဲ့သည်။

ကမ္ဘာတွင် Burma ဟုသာ လူသိများသည့် မြန်မာ နိုင်ငံတွင် ယခု သီတင်းပတ်၌ တပ်မတော် ဩဇာခံ လွှတ်တော်ကို ခေါ်ယူ စည်းဝေးလျက် ရှိရာ ဒီမိုကရေစီ လမ်းညွှန် မြေပုံဟု ခေါ်သော လုပ်ငန်းစဉ်၏ အရေးကြီးဆုံး အဆင့်ဟု မြန်မာ အစိုးရက ပြောဆိုနေသည်။

သို့သော်လည်း အနောက် နိုင်ငံများနှင့် အတိုက် အခံ အုပ်စုများက "ဒိုင်ညစ်သည်" ဟု ဝိုင်းဝန်း ဝေဖန် ခဲ့ကြသည့် ယခင်နှစ်က ရွေးကောက်ပွဲများသည် ဒီမိုကရေစီ အင်အားစု များနှင့် တိုင်းရင်းသား လူမျိုးစုများကို ဘေးဖယ် ထုတ်ရန် ကြံစည် လှည့်ဖြား ထားသော သိက္ခာမဲ့ ညစ်ညမ်းမှု အဖြစ် စွပ်စွဲ အပြစ် တင်ခဲ့ကြသည်။

"လက်ရှိ အစိုးရ အနေဖြင့် ၎င်းတို့၏ ရည်ရွယ် ကြံစည်မှုများကို ရှင်းရှင်းလင်းလင်း ပြောကြားရန် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုထားခြင်းကို အမေရိကန် ပြည်ထောင်စုက ပံ့ပိုး ရပ်တည်သွားမည်" ဟု Campbell က ဆိုသည်။

၁၉၉၀ ခုနှစ်က နောက်ဆုံး ရွေးကောက်ပွဲများတွင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ အနိုင် ရရှိခဲ့သော်လည်း စစ်ဖက် အုပ်ချုပ်သူများက အသိ အမှတ်ပြု အာဏာ လွှဲပြောင်းပေးခြင်း မရှိခဲ့ပါ။ နိုဘယ် ဆုရှင် လူထု ခေါင်းဆောင်ကို နှစ်ပေါင်း များစွာ အကျယ်ချုပ် ထိန်းသိမ်း ထားခဲ့ပြီးနောက် ပြီးခဲ့သော နိုဝင်ဘာလတွင် အစိုးရက လွှတ်ပေးခဲ့သော်လည်း ရွေးကောက်ပွဲများ အပြီး တစ်ပတ်ကြာမှသာ လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

အမေရိကန် ပြည်ထောင်စုကို ဆန့်ကျင်သော နိုင်ငံများနှင့် ဆက်ဆံ ညှိနှိုင်းရန် သမ္မတ အိုဘားမား အစိုးရ၏ ကြိုးပမ်းမှု အစီအစဉ် တစ်ရပ် အဖြစ် ၂၀၀၉ ခုနှစ်တွင် Campbell က မြန်မာ အစိုးရနှင့် တွေ့ဆုံ ညှိနှိုင်းမှုကို စတင် ပြုလုပ် ခဲ့သည်။

"ဖြစ်စဉ် တစ်ခုလုံးကို အခြေခံ ကျကျ သုံးသပ်ရမယ် ဆိုရင် ကျွန်တော်တို့ စိတ်ပျက် လက်ပျက် ဖြစ်ရပါတယ်" ဟု ပြောကြားခဲ့သော Kurt Campbell က အမေရိကန် ပြည်ထောင်စုသည် တွေ့ဆုံ ဆွေးနွေးမှု ရလဒ်ကို ပိုမို ဈေးခေါ်ရန် လုံးဝ ကြိုးစားခဲ့ခြင်း မရှိဟု အခိုင်အမာ ပြောလိုက်သည်။

"ဒီကိစ္စမှာ ဘယ်လိုပဲ ဖြစ်ဖြစ် တွေ့ဆုံ ဆွေးနွေးမှု အတိုင်းအတာ ဒီဂရီဟာ အမေရိကန် ပြည်ထောင်စုရဲ့ အကောင်းဆုံး စိတ်ကူးတွေနဲ့ ကျွန်တော်တို့ရဲ့ ဒေသတွင်း မူဝါဒတွေကို လုပ်ဆောင် ပေးနိုင်တယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်" ဟု Campbell က ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment