Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
yangonchronicle2011

၃.၁၁.၂၀၁၁

ပြည်တွင်းသတင်းများ

  1. ပြည်သူများ နိုးထရေး မြစ်ကြောင်း ဆီမီးမျှောပွဲပြုလုပ်မည်
  2. တရုတ်-မြန်မာ ပူးပေါင်း၍ အလတ်စားရေအားလျှပ်စစ် တည်ဆောက်မည်
  3. စမတ်ကတ်အချို့ ပြဿနာဖြစ်ပေါ်နေမှုကြောင့် စက်သုံးဆီထုတ်ယူသူများ အခက်ကြုံ

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. မူဝါဒချမှတ်သူများ ပြည်ထောင်စုနှင့် တိုင်းဒေသကြီး (သို့)ပြည်နယ် လုပ်ပိုင်ခွင့်ကို သဘောပေါက်ရန် လိုအပ်နေ
  2. နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လွှတ်တော်နှစ်ရပ်လုံးက အတည်ပြု

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

***************************************************************************************

ပြည်တွင်းသတင်းများ

ပြည်သူများ နိုးထရေး မြစ်ကြောင်း ဆီမီးမျှောပွဲပြုလုပ်မည်

သဘာဝပတ်ဝန်းကျင်နှင့် ဒီမိုကရေစီရေးအတွက် မြစ်ကြောင်းများတစ်လျှောက် ဆီမီးမျှောပွဲများကို နိုဝင်ဘာ ၁၀ ရက်နေ့တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး တက်ကြွလုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“လူထုကို ငါတို့တိုင်းပြည်ကို ငါတို့ဟာငါတို့ ထိန်းသိမ်းရမယ်ဆိုတဲ့ အသိကိုပေးချင်လို့ ဒီပွဲလေးပြုလုပ်တာပါ။ ပြည်သူတွေ နိုးကြားလာအောင် နိုးထလာအောင် လုပ်တာပါ”ဟု ၎င်းက ဆိုသည်။

ဧရာဝတီမြစ်ကြောင်းတလျှောက်နှင့် ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်တွင် ညနေ ၇နာရီ၌ တပြိုင်တည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းမြစ်ကြောင်းများကိုအမှီပြုပြီး အသက်မွေးကြသူမျာကို ယင်းမြစ်ကြောင်းများ ပျက်စီးသွားပါက ဆိုးကျိုးဒုက္ခများကို ယင်းပြည်သူများ နားလည် သဘောပေါက်လာအောင်လည်း စည်းရုံးလှုံ့ဆော်သွားမည်ဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က ပြောကြားသည်။

ယင်းမြစ်ကြောင်းများက တရုတ်ကဖြစ်စေ၊ အမေရိကပဲဖြစ်နေပါစေ ပိတ်ပင်တားဆီး ပျက်ပြားအောင် လုပ်ဆောင်ပါက မည်သူ့ကိုမဆို ဆန့်ကျင် ကန့်ကွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါအဖွဲ့သည် ဦးသန့်အရေးအခင်းနှင့် ၈၈အရေးအခင်းတို့တွင် ဖမ်းဆီးထောင်ချခံရသော နိုင်ငံရေး အင်အားစုတစ်ခုမှ စုပေါင်းတည်ထောင် ထားသည့် အဖွဲ့တစ်ဖွဲ့ဖြစ်ကြောင်း သိရသည်။

ယင်းမြစ်ကြောင်းတစ်လျှောက် နေထိုင်အသက်မွေးကြသူများသည် ပြောင်းလဲလာသည့် နိုင်ငံရေး အခင်းအကျင်းများကို မသိရှိကြသည့်အပြင် ကြောက်ရွံ့မှုများလည်း ရှိနေကြသေးကြောင်း အထက်ပါပုဂ္ဂိုလ်က ယင်းနေရာဒေသများတွင် အသိပညာနည်းပါးနေမှုကို ရှင်းပြသည်။

သမ္မတ၏ မြစ်ဆုံစီမံကိန်းအပေါ် ဆုံးဖြတ်ချက်ကို လုံးဝထောက်ခံသည့်အပြင် မြင်ကြောင်းများရှင်သန်ရေး အတွက် ပြည်သူအားလုံးမှ စည်းလုံး ညီညွှတ်စွာ လုပ်ဆောင်ရန်လိုအပ်ကြောင်း အထက်ပါအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်း လှုံ့ဆော်ဆီမီးမျှောပွဲကို တစ်ချိန်တည်းတွင် မုံရွာမြို့မှ ပုသိမ်မြို့အကြား မြို့ရွာပေါင်း ၂၀ခန့်၌ ပြုလုပ်သွားရန် စီစဉ်ထားကြောင်း သိရသည်။ အဆိုပါ ပွဲမျိုး ပြုလုပ်ကျင်းပခြင်းသည် ပထမအကြိမ် ပြုလုပ်ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

 Peace Press

--------------------------------------------------------------------------------------------------------------------------------

တရုတ်-မြန်မာ ပူးပေါင်း၍ အလတ်စားရေအားလျှပ်စစ် တည်ဆောက်မည်

မြန်မာနိုင်ငံရှိ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ ဒီဇိုင်းဌာနတို့မှ ပူးပေါင်း၍ မြန်မာနိုင်ငံတွင် အလတ်စား ရေအား လျှပ်စစ် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ လယ်/ဆည် ဝန်ကြီးဌာနမှ တည်ဆောက်ပြီးဖြစ်သည့် ဆည်တာတမံ ၃ ခုတွင် ရေအားလျှပ်စစ်စီမံကိန်း စက်ရုံများတည်ဆောက်နိုင်ရန် တရုတ်နိုင်ငံ ဒီဇိုင်းဌာနမှ ဒီဇိုင်းရေးဆွဲပေးရေးအတွက် ပြီးခဲ့သည့်လက သဘောတူစာချုပ် ချုပ်ဆိုင်နိုင်ခဲ့ကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်ထုတ်လုပ်ရန် စီစဉ်နေသည့် ရေလှောင်တမံများမှာ မြန်အောင်မြို့အနီးရှိ ကညင်ရေလှောင်တမံ၊ ဖောင်ကြီးမြို့ အနီးရှိ ငမိုးရိပ်ရေလှောင်တမံနှင့် သာယာဝတီမြို့အနီးရှိ သုံးဆယ်ရေလှောင်တမံတို့ ဖြစ်ကြောင်း သိရသည်။

၎င်း ရေလှောင်တမံများ တည်ဆောက်ပြီးစီးသွားပါက တည်တာတမံတစ်ခုစီတွင် နှစ်မဂ္ဂါဝပ်ခန့် စက်နှစ်လုံးစီ တပ်ဆင် တည်ဆောက်သွားမည် ဖြစ်ပြီး ထိုသို့ တည်ဆောက်နိုင်ရန် တရုတ်နိုင်ငံမှ အကူအညီပေး သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် တရုတ်-မြန်မာ ပူးပေါင်း၍ တည်ဆောက်မည့် အလတ်စားရေအားလျှပ်စစ် စီမံကိန်း၌ လက်ရှိအချိန်တွင် တရုတ် ယွမ်သန်း ၂၆၀ ခန့် ကုန်ကျမည်ပာု သတ်မှတ်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ တည်ဆောက်ပြီး ဆည်တာတမံများမှ ဆည်ရေပေးဝေခြင်းအပြင် ရေအားလျှပ်စစ်ကိုပါ ပူးတွဲ ထုတ်လုပ်သွားရန်အတွက် လိုအပ်သည့် ဒီဇိုင်းပုံစံများ ရေးဆွဲခြင်းကို China Water Resources Beifang Investigation Design and Research ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက် သွားမည်ဖြစ်ပြီး ရေအားလျှပ်စစ် တည်ဆောက်ရာတွင် အသုံးပြုမည့် ပစ္စည်းကိရိယာများကို တရုတ်နိုင်ငံဘက်မှ အကူအညီပေးသွားမည် ဖြစ်ကြောင်း သိရသည်။

                                                                                                                              Ref:7day News

--------------------------------------------------------------------------------------------------------------------------------

စမတ်ကတ်အချို့ ပြဿနာဖြစ်ပေါ်နေမှုကြောင့် စက်သုံးဆီထုတ်ယူသူများ အခက်ကြုံ

စမတ်ကတ်အချို့ အလုပ်မလုပ်သည့် ပြဿနာဖြစ်ပေါ်နေမှုကြောင့် စက်သုံးဆီထုတ်ယူသူများ အခက်ကြုံနေကြရကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၁၅ရက်နေ့ နောက်ဆုံးသတ်မှတ်ထားသည့် ဓါတ်ဆီဝယ်ယူခွင့်စာအုပ်နှင့် စမတ်ကတ် လဲလှယ်ခြင်းကို ၁၅၀၀ ကျပ်ဖြင့် သက်ဆိုင်ရာ ဓာတ်ဆီဆိုင်များက တာဝန်ယူပြုလုပ်ပေးနေခြင်း ဖြစ်သည်။

စမတ်ကတ်များအလုပ်မလုပ်ပါကစက်သုံးဆီထုတ်ယူမည့် ယာဉ်ပိုင်ရှင်များအနေဖြင့် မူလဆီစာအုပ် ပြုလုပ်ခဲ့သည့်ဆိုင်တွင် သတ်မှတ်ထားသော ဆီထုတ်ရက်အတိုင်း ပြန်လည်ထုတ်ယူနိုင်သည်ဟု ကြေငြာထားသော်လည်း နေထိုင်ရာမြို့နယ်နှင့် ဆီဆိုင်တည်ရှိသည့် နေရာဝေးကွာပါက အခက်အခဲ ရှိကြောင်း၊ ၎င်းတို့ကို ကတ်အတုနှင့် လိမ်လည်ထုတ်ယူသည်ဟု အထင်ခံရမည်ကိုလည်းစိုးရိမ်နေကြောင်း ယာဉ်ပိုင်ရှင်တစ်ဦးက ပြောကြားသည်။

ယင်းစမတ်ကတ်များကို အတုပြုလုပ်နေကြသူများ ရှိနေသည်ဟုလည်း ပြင်ပတွင် သတင်းများ ထွက်ပေါ်နေသည်။

Ref; မြန်မာပို့စ် ဂလိုဘယ်

                                 ***************************************************************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

မူဝါဒချမှတ်သူများ ပြည်ထောင်စုနှင့် တိုင်းဒေသကြီး (သို့)ပြည်နယ် လုပ်ပိုင်ခွင့်ကို သဘောပေါက်ရန် လိုအပ်နေ

ပြည်ထောင်စုဝန်ကြီးတချို့နှင့် လွှတ်တော်သုံးရပ်မှ လွှတ်တော်အမတ်များသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များဖြစ်သော ပြည်ထောင်စု ဥပဒေပြုစာရင်းနှင့် တိုင်းဒေသကြီး (သို့) ပြည်နယ် ဥပဒေပြု စာရင်းကို အသေအချာ နားလည်သဘောပေါက်ရန် လိုအပ်နေသေးကြောင်း နေပြည်တော် နိုင်ငံရေး အသိုင်းအဝိုင်းမှ သိရှိရသည်။

အချို့သော ဝန်ကြီးများသည် အဆိုနှင့် မေးခွန်းကို ကိုက်ညီအောင် ဖြေဆိုသွားနိုင်ကြသော်လည်း အချို့မှာမူ ကိုက်ညီခြင်း မရှိသည်ကို တွေ့ရ ကြောင်း၊ အချို့မှာ မေးခွန်းဖြေကြားခြင်းမဟုတ်ဘဲ မိန့်ခွန်းပြောကြားခြင်းမျိုး ဖြစ်သွားကြောင်း သိရသည်။

အချို့သော လွှတ်တော်အမတ်များသည်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်တွင် မေးရမည့် မေးခွန်းမျိုးကို ပြည်ထောင်စုလွှတ်တော်၌ မေးမြန်းခြင်းများ ပြုနေကြောင်း သိရသည်။

“တချို့အဖြေတွေက မေးခွန်းပေါ်မှာမူတည်သလို မေးခွန်းမေးတဲ့အပေါ်မှာလည်း မူတည်တယ်။ ဥပမာ တချို့ကိစ္စတွေက တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရက လုပ်ပိုင်ခွင့်ရှိတဲ့ ကိစ္စဖြစ်တယ်။ အဲဒါတွေကို လွှတ်တော်မှာ လာမေးတော့ ဝန်ကြီးကလည်း မေးခွန်းမေးသူရှိတဲ့အတွက် ပြန်ဖြေပေးသွား ကြတာတွေ ရှိတယ်။ တကယ်လုပ်ရမှာက ဒီမှာမဟုတ်ဘူး၊ ပြည်ထောင်စု အဆင့်မှာမဟုတ်ဘူး။ တိုင်းနဲ့ပြည်နယ်မှာ လုပ်ရမယ့်ကိစ္စမျိုးဖြစ်တယ်။ ဥပမာ ဆိုရင် လမ်းဘေးတံတား၊ ဓာတ်မီးတိုင်တွေလဲပေးဖို့ကိစ္စကို ပြည်ထောင်စုအဆင့်မှာ လာမေးမြန်းတယ်ဆိုတာ သင့်တော်၏၊ မသင့်တော်၏ ဆိုတာ အားလုံး သိပါတယ်”ဟု Biweekly ELEVEN အတွဲ (၄) အမှတ် (၃၁) တွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်နှင့် အင်တာဗျူးမှ သိရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၉၆ တွင် ပြည်ထောင်စုဥပဒေစာရင် ဇယား ၁ ကို အသေးစိတ်ဖော်ပြထားသည်။ ယင်းဥပဒေပြုစာရင်းတွင် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးကဏ္ဍ၊ နိုင်ငံခြားရေးကဏ္ဍ၊ ဘဏ္ဍရေးနှင့် စီမံကိန်းကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ၊ စွမ်းအင်၊ လျှပ်စစ်၊ သတ္တုနှင့် သစ်တောကဏ္ဍ၊ စက်မှုလက်မှုဏ္ဍ၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးကဏ္ဍ၊ လူမှုရေးကဏ္ဍနှင့် တရားစီရင်ရေး ကဏ္ဍတို့ ပါဝင်သည်။ ပုဒ်မ ၁၈၈ တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေပြုစာရင် ဇယား (၂)တွင် ဘဏ္ဍရေးနှင့် စီမံကိန်းကဏ္ဍ၊ စီးပွားရေး ကဏ္ဍ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ၊ စွမ်းအင်၊ လျှပ်စစ်၊ သတ္တုနှင့် သစ်တောကဏ္ဍ၊ စက်မှုလက်မှုကဏ္ဍ၊ ပို့ဆောင်ရေး၊ ဆက် သွယ်ရေးနှင့် ဆောက်လုပ်ရေး ကဏ္ဍ၊ လူမှု ရေးကဏ္ဍနှင့် စီမံခန့်ခွဲရေးကဏ္ဍတို့ကို အသေးစိတ် ဖော်ပြထားသည်။

YC

--------------------------------------------------------------------------------------------------------------------------------

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လွှတ်တော်နှစ်ရပ်လုံးက အတည်ပြု

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က အောက်တိုဘာ ၂၀ ရက်တွင် အတည်ပြုခဲ့ ပြီးနောက် ပြည်သူ့လွှတ်တော်ကလည်း ၂၇ ရက်တွင် သဘောတူ အတည်ပြုခဲ့သည်။

အဆိုပါ ဥပဒေကြမ်းကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က အမျိုးသားလွှတ်တော်တွင် အဆိုပြုတင်သွင်းခဲ့ခြင်းဖြစ်သည်။

‘နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ’ကို ၂၀၁၀ ရွေးကောက်ပွဲအတွက် ပြဋ္ဌာန်းထားခဲ့ခြင်းဖြစ်ပြီး ဥပဒေဟောင်းတွင် ပါရှိသော ပါတီများသည် ထောင်ဒဏ်ကျခံနေရသူများ မဟုတ်ရဟု ကန့်သတ်ထားချက်ကို ပယ်ဖျက်လိုက်ပြီ ဖြစ်ကြောင်း သိရှိရသည်။

ထို့အပြင် ပါတီတစ်ခုသည် ရွေးကောက်ပွဲများတွင် အနည်းဆုံး သုံးနေရာ ဝင်ပြိုင်ရမည်ဟု ကန့်သတ်ထားချက်ကိုလည်း ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာသော ပါတီသစ်များနှင့် သက်ဆိုင်မှုမရှိဟုလည်း ပြင်ဆင်လိုက်သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ‘ထိန်းသိမ်းစောင့်ရှောက်ရမည်’ ဟူသော စကားရပ်အစား ‘လေးစားလိုက်နာရမည်’ ဟုလည်း ပြင်ဆင်ခဲ့သည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းသည် လွှတ်တော်နှစ်ရပ်က အတည်ပြုပြီးသည့်နောက် နိုင်ငံတော် သမ္မတက လက်မှတ်ရေးထိုး၍ ဥပဒေအဖြစ် ထုတ်ပြန်ကြေညာလျှင် နိုင်ငံရေးပါတီများအတွက် စတင်အကျိုးသက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

 ***************************************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ကျွန်မတို့က ဒီ NLD ပါတီပြန်ပြီးတော့ မှတ်ပုံတင်ရေးကိစ္စဟာ ဥပဒေပေါ်မှာ မူတည်ပါတယ်။ အဲဒီ ဥပဒေအတည်ပြု ပြီးတော့ ထွက်လာတဲ့အထိ ကျွန်မတို့ စောင့်ပြီးမှ ပြောနိုင်မယ့်ကိစ္စဖြစ်ပါတယ်။ ကျွန်မတို့ဟာ ဒီဥပဒေကနေပြီး ထွက်လာပြီဆိုရင် အစည်းအဝေးခေါ်ရမှာပေါ့။ ကျွန်မတို့ရဲ့ ပါတီစည်းမျဉ်း၊ စည်းကမ်းအရ အစည်းအဝေးခေါ်ပြီးမှ ဆုံးဖြတ်ချက် ချပါလိမ့်မယ်။ ကျွန်မတို့က တိကျတယ်လေ။ ဥပဒေကို တစ်ခါတည်းကြည့် ပြီးမှပြောတယ်။ မကြည့်ရ သေးလို့ ကျွန်မ မမြင်ရ သေးလို့ မပြောသေးတာပါ”

နိုဝင်ဘာ ၄ ထုတ် The Hot News အတွဲ (၂) အမှတ် (၆၄) တွင်ပါသည့် “NLD ပါတီမှတ်ပုံတင်ရေးကိစ္စနှင့် နိုင်ငံရေး ပါတီ များ မှတ်ပုံတင်ရေး ဥပဒေအတည်ပြုပြီးမှ ပြောနိုင်မည်ဟု ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ စတုတ္ထအကြိမ် တွေ့ဆုံပြီးနောက်ပြောကြား” သတင်းမှ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

--------------------------------------------------------------------------------------------------------------------------------

မေး- သက်ဆိုင်ရာ ဝန်ကြီးတွေ၊ တာဝန်ရှိသူတွေ ပြန်လည်ဖြေကြားတာကိုရော ကျေနပ်မှုရှိရဲ့လား။

ဖြေ- ကျွန်တော်နှစ်ပိုင်းခွဲပြီး ပြောမယ်။ တစ်ပိုင်းက ဝန်ကြီးတချို့ရဲ့ ဖြေဆိုချက်ပါ။ ဥပမာ ဒီနေ့ နောက်ဆုံးဖြေသွားတဲ့ ပညာရေး ဒု-ဝန်ကြီး သူပြောတာက မေးခွန်းနဲ့အဖြေ ကိုက်ညီတယ်။ အဲဒီလိုပဲ မေးခွန်နဲ့ အဖြေကိုက်ညီပြီး လိုရင်းဖြေသွားတဲ့ ဝန်ကြီးတွေ၊ ဒု- ဝန်ကြီးတွေရှိသလို၊ မေးခွန်းတခြား၊ အဖြေက တခြားဖြစ်ပြီး ရှည်လျားထွေပြားတာပေါ့ဗျာ။ မေးခွန်းဖြေတာ မဟုတ်ဘဲ မိန့်ခွန်းပြောကြားတဲ့ ဖြေနည်းမျိုးဖြေသွားတဲ့ ဝန်ကြီးတွေလည်း ရှိပါတယ်။ တချို့ အဖြေတွေက မေးခွန်းဖြေတဲ့အပေါ်မှာ တူတည်တယ်။ ဥပမာ တချို့ကိစ္စတွေက တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရက လုပ်ပိုင်ခွင့်ရှိတဲ့ ကိစ္စဖြစ်တယ်။ အဲဒါတွေကို လွှတ်တော်မှာ လာမေးတော့ ဝန်ကြီးကလည်း မေးခွန်းမေးသူရှိတဲ့အတွက် ပြန်ဖြေပေးသွားကြတာတွေ ရှိတယ်။ တကယ်လုပ်ရမှာက ဒီမှာ မဟုတ်ဘူး၊ ပြည်ထောင်စုအဆင့်မှာမဟုတ်ဘူး တိုင်းနဲ့ပြည်နယ်မှာ လုပ်ရမယ့် ကိစ္စမျိုးဖြစ်တယ်။ ဥပမာဆိုရင် လမ်းဘေးတံတား၊ ဓာတ်မီးတိုင်တွေ လဲပေးဖို့ ကိစ္စကို ပြည်ထောင်စုအဆင့်မှာ လာမေးမြန်းတယ်ဆိုတာ သင့်တော်၏၊ မသင့်တော်၏ ဆိုတာ အားလုံးသိပါတယ်။

နိုဝင်ဘာ ၄ ထုတ် BiWeekly အတွဲ (၄) အမှတ် (၃၁) တွင်ပါသည့် “ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်နှင့် တွေ့ဆုံခြင်း” သတင်းမှ ကောက်နှုတ်ချက်

--------------------------------------------------------------------------------------------------------------------------------

မေး- စက်မှုဇုန်တွေမှာ ကားထုတ်တဲ့လူတွေပေါင်းပြီး နိုင်ငံတကာအရည်အသွေးမီအောင် ပေါင်းပြီးလုပ်ဖို့ AFTA ကို ယှဉ်နိုင် အောင် ဆိုပြီး တော့လေ။ ဒါနဲ့ ပတ်သက်ပြီး နည်းနည်းပြောပေးပါ။

ဖြေ- ဒါက ဒီလိုပြောတာ။ စက်မှုဇုန်က သူ့စွမ်းရည်ရှိတာ သူထုတ်။ ဆိုကြပါစို့ ထရပ်တို့၊ ဂျစ်ကားတို့ထုတ်။ သူလုပ်နိုင်တာကို လုပ်၊ မလုပ်နိုင်တာကို သွားမလုပ်နဲ့။ Super Custom လိုမျိုးမလုပ်နဲ့။ ငါတို့ကို မလိမ်နဲ့။ Super Custom တို့၊ မာစီဒီတို့ ထုတ်ချင်ရင် ပြည်ပနဲ့ပေါင်း။ နိုင်ငံခြားနဲ့ပေငါ်း မပေါင်းရင်၊ နိုင်ငံခြားကုမ္ပဏီတွေလာ Luxury ကားတွေမထုတ်နဲ့၊ မညာနဲ့တော့။ ကျွန်တော်တို့လည်း လိုင်စင်မပေးတော့ဘူး။ အရင်တုန်းက မထုတ်နိုင်ဘဲ ပါမစ်တွေ ပေးခဲ့တယ်။ ဒါတွေကို ငါက လိုက်ရှင်းနေရတယ်။ Super Custom တို့ Alphand တို့လို မဟုတ်လား၊ မထုတ်နိုင်တာကို မထုတ်နဲ့၊ AFTA ကျရင်လိမ်လို့ မရတော့ဘူး။ အခြားနိုင်ငံတွေကိုလည်း ရောင်းလို့မရ တော့ဘူး။ ကားထုတ်မယ့်လူတွေက ဒီလာလို့ရှိရင် Country of Origin ပါမှ ရောင်းလို့ရမယ်။ မဟုတ်ရင် ဒီနိုင်ငံကို သူများနိုင်ငံကကားတွေပဲ လာရောင်းမယ်။ ဒီက ရောင်းလို့မရတော့ဘူး။ ပြည်ပနဲ့ ဖက်စပ်လုပ်မှ ရောင်းလို့ရမှာ။

နိုဝင်ဘာ ၄ ထုတ် မြန်မာပို့စ် ဂလိုဘယ် အမှတ် (၃၃) တွင်ပါသည့် “အမှတ် (၂) စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနှင့် တွေ့ဆုံ ခြင်း” သတင်းမှ ကောက်နှုတ်ချက်

***************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment