Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
yangonchronicle2011

၂.၁၂.၂၀၁၁

ပြည်တွင်းသတင်းများ

  1. မြန်မာ့ဆန် ပြည်ပဈေးကွက်ပျောက်နေ
  2. တပ်မတော် ရိက္ခာကို ဈေးကောင်းပေးဝယ်လျှင် တောင်သူအကျိုးများမည်ဟုဆို

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. RCSS နှင့် ရှမ်းပြည်နယ်အစိုးရကြား ငြိမ်းချမ်းရေးတည်ဆောက်မှု အောင်မြင်
  2. ပြည်ထောင်စုဝန်ကြီးနေရာများ အပြောင်းအရွှေ့ပြုလုပ်ကာ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်သည့် ဥပဒေကို အတည်ပြု
  1. ပြုပြင်ပြောင်းလဲမှုများ ဆက်လက်လုပ်ဆောင်မှ အမေရိကန်၏ ပိတ်ဆို့မှုများကို ဖြေလျှော့မည်ဟုဆို
  2. ကလင်တန်ခရီးစဉ်အတွင်း ပြည်တွင်းပြည်ပ မီဒီယာများအခက်တွေ့

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

********************************************

ပြည်တွင်းသတင်းများ

မြန်မာ့ဆန် ပြည်ပဈေးကွက်ပျောက်နေ

မြန်မာနိုင်ငံ၌ နှစ်ပေါင်း ငါးဆယ်နီးပါး ဆန်ပြည်ပတင်ပို့ခွင့်ကို နည်းမျိုးစုံဖြင့် ကန့်သတ်ချုပ်ချယ်ထားသဖြင့် နိုင်ငံတကာ ဆန်အဝယ်တော် ကြီးများမှာ မြန်မာ့ဆန်ကို ဝယ်ယူရန် စိတ်ပျက်လာမှုကြောင့် ပြည်ပဆန်ဈေးကွက်ပျောက်နေကြောင်း မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းမှ တာဝန်ရှိ သူတစ်ဦးက ပြောကြားခဲ့သည်။

“ဆန်ဈေးကွက်ပျောက်နေတာကို အသင်းက ဦးဆောင်ပြီးရှာပေးမယ်။ ၂၅ မှတ်တန်၊ ၁၅ မှတ်တန်ဆန်တွေ စုပေါင်းရောင်းလို့ရအောင် ကြိုးစား ပေးမယ်” ပာု မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းဥက္ကဋ္ဌ ဦးချစ်ခိုင်က UMFCCIတွင် ပြုလုပ်သည့် မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်း ဆွေးနွေး ပွဲတွင် ပြောကြားသည်။

ယခုအခါ မြန်မာဆန်စပါးအသင်းအနေဖြင့် နိုင်ငံတကာဈေးကွက် ဝေစုရရန် စုပေါင်းတင်ပို့သည့်စနစ်ကို ကျင့်သုံးသွားမည်ဖြစ်ကြောင်း ဆန်စပါး အထူးပြုကုမ္ပဏီများအနေဖြင့် တင်ပို့ရောင်းချမည့် ပမာဏ၏ ၃ ရာခိုင်နှုန်း Exporter ကုမ္ပဏီများအနေဖြင့် ၅ ရာခိုင်နှုန်း Buffer Stock ဆန်စပါး အသင်း၏ ဂိုဒေါင်သို့ လာရောက်ထားရှိပြီးလျှင် ဆန်တင်ပို့ခွင့်လိုင်စင် ရရှိမည်ဖြစ်ကြောင်း အသင်းဒုတိယဥက္ကဋ္ဌ ဦးအောင်သန်းဦးက ရှင်းပြသည်။

ဒေါ်လာဈေး ကျဆင်းနေမှု၊ ကမ္ဘာ့ဆန်ဈေး ကျဆင်းနေမှုများကြောင့် Exporter ကုမ္ပဏီများအနေဖြင့် ဆန်တင်ပို့ခြင်း မပြုနိုင်သည်မှာ သုံးလခန့် ရှိပြီပာု ကုမ္ပဏီပိုင်ရှင်တစ်ဦးက ဆိုသည်။

၃ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်း Buffer Stock သည် အရင်းအနှီးကြီးသော ကုမ္ပဏီများအတွက် သေးငယ်လျက်ရှိသော်လည်း တန်ချိန် ၅၀၀-၁၀၀၀ လောက်သာ တင်ပို့နိုင်သော ကုမ္ပဏီများအတွက် ဝန်ထုတ်ဝန်ပိုး ဖြစ်စေသကဲ့သို့ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းကို ကျဆင်းစေနိုင်ကြောင်း တစ်နိုင်တစ်ပိုင်တင်ပို့နေသူ ဆန်ကုမ္ပဏီ ပိုင်ရှင်တစ်ဦးက ပြောကြား ခဲ့သည်။

ယခု အောက်တိုဘာလကုန်အထိ ဆန်တန်ချိန် လေးသိန်းသုံးသောင်း သုံးထောင်ခန့် ပြည်ပသို့ တင်ပို့နိုင်ခဲ့ကြောင်း ဦးအောင်သန်းဦးက ဆိုသည်။

မိဖြူ

-------------------------------------------------------------------------------------------------------------

တပ်မတော် ရိက္ခာကို ဈေးကောင်းပေးဝယ်လျှင် တောင်သူအကျိုးများမည်ဟုဆို

ယခုနှစ် ဝယ်ယူမည့် တပ်မတော်ရိက္ခာကို ဈေးနှိမ်ဝယ်ခြင်းမပြုဘဲ ဈေးကောင်းပေးဝယ်ခြင်းဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာနှင့် စပါးသလင်း ဈေးမြင့်ကာ တောင်သူများ အကျိုးများနိုင်ကြောင်း မြန်မာဆန်စပါးသုတေသီတစ်ဦးက ပြောကြားသည်။

ယခုနှစ်အတွက် တပ်မတော်ရိက္ခာစပါးကို ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် တင်ဒါစနစ်ဖြင့် ကိုယ်ပိုင်စိုက်ပျိုးထုတ်လုပ်သူ တစ်ဦးချင်း ဖြစ်စေ၊ စုပေါင်း၍ဖြစ်စေ တင်း ၁၀၀ အတွက် ဒေသဈေးနှုန်းအလိုက် လက်ငင်းပေးဝယ်မည်ပာု တင်ဒါခေါ်ယူထားသည်။

တပ်မတော်ရိက္ခာအဖြစ် ဧည့်မထစပါးမျိုးကို ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ် အရှေ့ခြမ်း၊ ပဲခူးတိုင်းအနောက်ခြမ်း၊ ပဲခူးတိုင်းအရှေ့ခြမ်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်း ဂန့်ဂေါမြို့နယ်တို့တွင် ဒီဇင်ဘာလ ၁၅ ရက်နေ့၌ ဝယ်ယူမည်ပာု ကြေညာထားသည်။

ဧည့်မထသည် ဆန်ကြမ်းစပါးဖြစ်ပြီး တပ်မတော်ရိက္ခာအဖြစ် သတ်မှတ်ဝယ်ယူသော် ဈေးနှုန်းသည် နိုင်ငံ၏ အနိမ့်ဆုံးကြမ်းခင်းဈေး ဖြစ်လေ့ ရှိကြောင်း မြောင်းမြမှ ဆန်လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောကြားသည်။

လက်ရှိ စပါးအကြမ်း တင်း ၁၀၀ ကို စပါးခြောက်သွေ့မှုနှင့် စိုထိုင်းဆပေါ်မူတည်၍ သုံးသိန်းနှစ်သောင်း၊ သုံးသိန်း၊ နှစ်သိန်း ရှစ်သောင်းခန့် ရှိကြောင်း ၎င်းကဆက်လက်ရှင်းပြသည်။

  မိဖြူ

***************************************************************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

RCSS နှင့် ရှမ်းပြည်နယ် အစိုးရကြား ငြိမ်းချမ်းရေးတည်ဆောက်မှု အောင်မြင်

မြန်မာအစိုးရသစ်အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်လျက်ရှိရာ ဒီဇင်ဘာလ ၂ ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့်ပြည်ထောင်စု ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် ရှမ်းပြည်နယ်အခြေစိုက် RCSS/SSA အဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

“အားလုံးအဆင်ပြေပြေပါပဲ၊ ပြောကြဆိုကြရတာတွေလည်း နွေးနွေးထွေးထွေးရှိပြီးတော့ သဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့တယ်။ ရှေ့ဆက်ပြီးလည်း ဖော်ဆောင်သွားရမယ့် လုပ်ငန်းစဉ်တွေအတွက် ဆွေးနွေးခဲ့ပါတယ်”ဟု အစိုးရဘက်မှ ငြိမ်းချမ်းရေးကိုယ်စားလှယ် အဖွဲ့ဝင် တစ်ဦးက ရန်ကုန်ခရော်နီကယ်သို့ ပြောကြားခဲ့သည်။

အဆိုပါ ငြိမ်းချမ်းရေးဆွေးနွေးမှုကို RCSS/SSA ဘက်မှ  ဗိုလ်မှူးချုပ် စိုင်းလူ ခေါင်းဆောင်ပြီး ရှမ်းပြည်နယ်အစိုးရဘက်မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သူ၊ ပြည်နယ်ဥပဒေချုပ် ဦးမောင်မောင်၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး ဇော်ထွန်းတို့ ဦးဆောင်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက သက်သေအဖြစ် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရန် ပထမအဆင့်အနေဖြင့် နှစ်ဦးနှစ်ဖက်အပစ်ရပ်ဆဲရေးကို လက်မှတ်ရေးထိုးခဲ့ပြီး ကျန်ရှိသော လုပ်ငန်းစဉ် များဖြစ်သည့် နှစ်ဖက်ဆက်ဆံရေးရုံးများ ထားရှိရေး၊ အစိုးရဖက်မှ RCSS/SSA နယ်မြေထဲသို့ ဝင်ရောက်သည်ဖြစ်စေ၊ RCSS/SSA ဖက်မှ အစိုးရ နယ်မြေထဲသို့ ၀င်ရောက်သည်ဖြစ်စေ  လက်နက်ယူဆောင်ခြင်း မပြုရေး၊ မပြေလည်သေးသည့် နိုင်ငံရေးကိစ္စများကို ပြည်ထောင်စုအစိုးရနှင့် တိုက်ရိုက် ဆွေးနွေးရေး စသည့်သဘော တူညီချက်များကိုလည်း ဆက်လက်လုပ်ဆောင်သွားကြမည် ဖြစ်ကြောင်း သိရသည်။

RCSS/SSA အဖွဲ့သည် ဦးခွန်ဆာဦးဆောင်သည့် MTA မှ ၁၉၉၆ ခုနှစ်တွင် ခွဲထွက်ပြီးနောက်တွင် ပထမဆုံးအကြိမ်အဖြစ် ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ခြင်းဖြစ်ကာ ယင်းဖြစ်ရပ်ကြောင့် ရှမ်းပြည်နယ်တွင် ဖွံဖြိုးတိုးတက်မှုများ၊ ငြိမ်းချမ်းမှုများ ရရှိလာနိုင်မည်ဖြစ်ကြောင်း RCSS/SSA ငြိမ်းချမ်းရေးအဖွဲ့နှင့် တွေ့ဆုံခဲ့သူတစ်ဦးက ပြန်လည်ပြောကြားသည်။

“သူတို့ ငြိမ်းချမ်းရေးဆွေးနွေးတဲ့အခါမှာ RCSS က တောင်းဆိုတဲ့အချက် တစ်ချက်ကို ပြည်ထောင်စုအစိုးရထံ တင်ပြဖို့ရှိပါတယ်”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့်  နိုဝင်ဘာ ၁၉ ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ်တစ်နေရာ၌ အစိုးရဖက်မှ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့သည် RCSS/SSA မှ ဒုဗိုလ်ချုပ်ကြီး ရွက်ဆစ် ဦးဆောင်သည့်အဖွဲ့နှင့် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့သည်။

“မဝေးတော့တဲ့ အနာဂတ်မှာ ရှမ်းပြည်နယ်အတွက် ငြိမ်းချမ်းရေးပန်းက အလှမ်းမဝေးတော့ပါဘူး”ဟု ယင်းဆွေးနွေးပွဲတွင် ပါဝင်သူ RCSS ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားသည်။

ယင်းငြိမ်းချမ်းရေးဆွေးနွေးပွဲသတင်းကို ပြည်တွင်းတွင် ထုတ်လွှင့်နေသည့် ချယ်ရီအက်အဖ်မ်မှ ကြားသိရသဖြင့် ရှမ်းပြည်နယ် ငြိမ်းချမ်းရေး အတွက် ဝမ်းသာမိကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ကျွန်တော်တို့ နိုင်ငံရေးပါတီတွေက တရားမဝင်အဖွဲ့အစည်းတွေနဲ့ မဆက်သွယ်ရဘူးဆိုတော့ အဆက်ပြတ်နေတာ ပြည်တွင်း ပုဂ္ဂလိက အက်အဖ်မ်ကနေ အစိုးရသတင်းမီဒီယာထက် ပိုမြန်တော့ သတင်းအတွက်ကော၊ လုပ်နိုင်စွမ်းအတွက်ကော တော်တော်အားရတယ်”ဟု ယင်းက ဆက်လက်ပြောကြားသည်။

တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များအား ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်၍ ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်လျက် ရှိခြင်းကြောင့် အစိုးရသစ်လက်ထက်တွင် ပြည်တွင်းငြိမ်းချမ်းရေး မျှော်လင့်ချက်သည် အကောင်အထည် ဖော်လာမည်ကို တွေ့မြင်နေရကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးက ပြောကြားသည်။

YC(KS)

-----------------------------------------------------------------------------------------------------------------------------------

ပြည်ထောင်စုဝန်ကြီးနေရာများ အပြောင်းအရွှေ့ပြုလုပ်ကာ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်သည့် ဥပဒေကို အတည်ပြု

နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ အတည်ပြုချက်ဖြင့် ပြည်ထောင်စုဝန်ကြီးဌာနများကို ပြန်လည်ဖွဲ့စည်းခြင်းနှင့် ဝန်ကြီး၊ ဒုဝန်ကြီးများ ပြောင်းရွှေ့ ခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်သည့် ဥပဒေ အတည်ပြုခြင်းများကို ဒီဇင်ဘာ ၂ရက်တွင် ပြုလုပ်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းမီဒီယာ၏ ထုတ်လွှင့် တင်ပြချက်မှတဆင့် သိရသည်။

စက်မှု(၁)ဝန်ကြီးဌာနနှင့် စက်မှု(၂)ဝန်ကြီးဌာနအား စက်မှုဝန်ကြီးဌာနအဖြစ် စုပေါင်းဖွဲ့စည်းလိုက်ပြီး ယင်းဌာနနှစ်ခု၏ ဝန်ကြီးအဖြစ် ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်းအားလည်းကောင်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနနှင့် သမ၀ါ ယမ၀န်ကြီးဌာန ၀န်ကြီးအား ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်အားလည်းကောင်း၊ အမျိုးသားစီမံကိန်းနှင့် ဖွံဖြိုးတိုးတက်ရေးဝန်ကြီးအဖြစ် ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းအားလည်းကောင်း တာဝန် ပေးအပ်ခဲ့ကြောင်း ယင်းကြေငြာချက်တွင် ပါရှိသည်။

ဆက်လက်၍ လွှတ်တော်အစည်းအဝေးများက ဆွေးနွေးအတည်ပြုခဲ့သည့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်သည့် ဥပဒဒေကို နိုင်ငံတော် သမ္မတက လက်မှတ်ရေးထိုးအတည်ပြုခဲ့ကြောင်း သိရသည်။

YC(KS)

-----------------------------------------------------------------------------------------------------------------------------------

ပြုပြင်ပြောင်းလဲမှုများ ဆက်လက်လုပ်ဆောင်မှ အမေရိကန်၏ ပိတ်ဆို့မှုများကို ဖြေလျှော့မည်ဟုဆို

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က မြန်မာနိုင်ငံအနေဖြစ် လက်ရှိ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ ယခုထက်ပိုမို ကျယ်ပြန့်စွာလုပ်ဆောင် သွားမှသာလျှင် အမေရိကန်ပြည်ထောင်စုမှ ပိတ်ဆို့အရေးယူ(sacintion)ထားသည်ကို ဖြေလျှော့သွားရန်အစီစဉ်ရှိကြောင်း ပြောကြားခဲ့သည်။

“အခုအချိန်မှာတော့ စီးပွားရေး ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးဖို့ စဉ်းစားတဲ့အထိ မရောက်သေးပါဘူး။ အစိုးရက နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ဆက်လုပ်မယ်ဆိုရင် ကျမတို့အနေနဲ့ စီးပွားရေးပိတ်ဆို့မှုတွေကို ရုပ်သိမ်းဖို့ ချက်ချင်း စဉ်းစားပါ့မယ်” ဟု ၎င်းက ပြောဆိုသည်။

ဝန်ကြီးသည် တိုင်းရင်းသားများနှင့်ပဋိပက္ခ အဆုံးသတ်ရေး၊ ကျန်ရှိနေသည့် နိုင်ငံရေးအကျဉ်းသားများကို ပြန်လည်လွှတ်ပေးရေး၊ မြောက် ကိုရီးယား နိုင်ငံနဲ့ စစ်ရေးအရ ဆက်သွယ်မှုများ အဆုံးသတ်ပြီး နျူကလီယားလက်နက် ပြန့်ပွားမှုနဲ့ ပတ်သက်၍ နိုင်ငံတကာ သဘောတူညီချက်များကို မြန်မာနိုင်ငံက လေးစားလိုက်နာရန် လိုအပ်ကြောင်း နေပြည်တော်တွင် ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် တိုက်တွန်းပြောဆိုခဲ့သည်။

ဟီလာရီကလင်တန်နှင့် တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံ အကျဉ်းထောင်များတွင် ကျန်ရှိနေသေးသော နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးမည်ဟု ကတိပြုခဲ့ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။

မြန်မာအစိုးရ၏ တိုးတက်ပြောင်းလဲမှု ခြေလှမ်းတိုင်းကို စောင့်ကြည့်ကာ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးကိစ္စများ အကူအညီ ပေးသွားမည်ဟု ကတိစကားကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဆီက ရလိုက်သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

သမ္မတ ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲမှု ခြေလှမ်းများကို ကြိုဆိုကြောင်း၊ ပြုပြင်ပြောင်းလဲမှုများစွာ ပြုလုပ်ရန် လိုအပ်နေသေးကြောင်း ဟီလာရီက ပြောဆိုသည်။

နိုဝင်ဘာ ၃၀ရက်နေ့တွင် လာရောက်ခဲ့သော ဟီလာရီ ကလင်တန်၏ ၃ရက်ကြာခရီးစဉ်တွင် သမ္မတဦးသိန်းစိန်၊ လွှတ်တော်ဥက္ကဋ္ဌများ၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံရေးအင်အားစုများ၊  စီးပွားရေးလုပ်ငန်းရှင်များ၊  လူမှုရေးအဖွဲ့အစည်းများမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

Peace Press

-------------------------------------------------------------------------------------------------------------------------------

ကလင်တန်ခရီးစဉ်အတွင်း ပြည်တွင်းပြည်ပ မီဒီယာများအခက်တွေ့

ဟီလာရီ ကလင်တန်၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း စီမံခန့်ခွဲမှု ရှုပ်ထွေးညံ့ဖျင်းမှုကြောင့် ပြည်တွင်းပြည်ပ မီဒီယာများ သတင်းယူခွင့်မရခဲ့ ကြကြောင်း ပြည်တွင်းပြည်ပသတင်းသမားများက ပြောကြားသည်။

နေပြည်တော်၊ ရွှေတိဂုံစေတီတော်နှင့် ဒေါ်အောင်ဆန်းစုကြည်နေအိမ်စသည့် နေရာများတွင် သတင်းယူရန်အတွက် သတင်းသမားများကို အမေရိကန်သံရုံး၊ အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် စာပေစိစစ်ရေးဌာနတို့မှ စီမံဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

“အဲဒီသုံးဖွဲ့ကြားမှာကို ရှုပ်ရှက်ခပ်နေတာပဲ။ ရွှေတိဂုံစေတီတော်မှာတုန်းက အမေရိကန်လုံခြုံရေးတွေက သတင်းထောက်တွေကို စိစစ်ပြီးလို့ ဘုရားရင်ပြင်တော်ကို တက်ခွင့်ပြုလိုက်ပြီ။ အဲတာတောင် ဒီက ထောက်လှမ်းရေးတွေက ဝင်ခွင့်မပေးပြန်ဘူး။” ဟု ရွှေတိဂုံစေတီတော်တွင် ဟီလာရီ သတင်း သွားရောက်ယူခဲ့သူက ဆိုသည်။

ရွှေတိဂုံစေတီတော်ပေါ်တွင် မြန်မာလုံခြုံရေးအဖွဲ့တစ်ခုဖြစ်သည့် သတင်းတပ်ဖွဲ့ဝင်များနှင့် သတင်းသမားများအကြား မကြေလည်မှုများ ရှိသည့်အပြင် စေတီရင်ပြင်ပေါ်ရှိ ရင်ပြင်တော်လုံခြုံရေးများ၏ ရိုင်းပြမှုကြောင့် ကန့်သတ်ထားသောနေရာတွင် သတင်းယူနေသည့် သတင်း သမားများနှင့်လည်း အချင်းများ ခဲ့ကြကြောင်း သိရသည်။

ဒီဇင်ဘာ ၂ရက်နေ့တွင် ပြုလုပ်သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှုကိုလည်း ပြည်တွင်းပြည်ပသတင်း မီဒီယာအမြောက်အများ သတင်းယူခွင့်မရခဲ့ကြောင်း ယင်းပွဲသို့သွားခဲ့ပြီး သတင်းယူခွင့်မရခဲ့သူတစ်ဦးက ပြောကြားသည်။

ရွေးကောက်ပွဲပြီးနောက်ပိုင်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် နိုင်ငံရေးဧည့်သည်များတွင် ယခုလာရောက်ခဲ့သည့် ဟီလာရီ ခရီးစဉ်သည် လုံခြုံရေးအတင်းကြပ်ဆုံးဖြစ်ပြီး အမေရိကန်လုံခြုံရေးနှင့် မြန်မာ့လုံခြုံရေးများ ပူးပေါင်းဆောင်ရွက်မှုသည် ပထမဆုံးအကြိမ် လုပ်ဆောင်ရသည့်အတွက် ဘာသာစကား အခက်အခဲအပြင် တခြားအခက်အခဲများကြောင့် စည်းစနစ်ကျမှုများ မရှိတော့ကြောင်း သတင်းသမားများက သုံးသပ်ပြောဆိုသည်။

Peace Press

***************************************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ကျွန်မတို့ရဲ့ ပေါ်လစီတွေ ပြောင်းပြန်လှန်ရမှာနဲ့ ပတ်သက်ပြီး စိုးရိမ်မကင်းမှုတွေ ဆက်ရှိနေသေးတဲ့ အနေအထားမှာ ရှိနေတာကြောင့် ဒဏ်ခတ် အရေးယူမှုတွေ ရုပ်သိမ်းရေးကို ကျွန်မတို့ စဉ်းစားပေးနိုင်တဲ့ အနေအထားမှာရှိမနေသေးပါဘူး။ ဒါပေမဲ့ မြန်မာအစိုးရရဲ့ လုပ်ဆောင်ချက်တိုင်းကို ကျွန်မတို့ သေသေချာချာ ထည့်သွင်းစဉ်းစားသွားမှာ ဖြစ်ပြီးချိန် ညှိပြီးလုပ်ဆောင်သွားမှာပါ”

ယုံကြည်ချက်အကျဉ်းသားတွေ ပြန်လွှတ်ပေးရေးနဲ့ တိုင်းရင်းသားပဋိပက္ခတွေ အဆုံးသတ်ရေးနဲ့ ပတ်သက်ပြီးလည်း ‘ဘယ်နေရာကဖြစ်ဖြစ် ဘယ်ယုံကြည်ချက် အကျဉ်းသားပဲဖြစ်ဖြစ် လွှတ်ပေးသင့်တယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်၊ ယုံကြည်ချက်အကျဉ်းသားတစ်ယောက်ပဲ ရှိရင်တောင် အဲဒီတစ်ယောက်ဟာ ကျွန်မတို့အမြင်မှာတော့ သိပ်များလွန်းတဲ့တစ်ယောက်ပါပဲ”

ဒီဇင်ဘာ ၂ ထုတ် မော်ဒန်ဂျာနယ် အမှတ် (၂၈၆) တွင်ပါသည့် “တိုးတက်မှုရောင်ခြည်စမှ လွတ်လပ်ခြင်း မီးရှုးတန်ဆောင် ဖြစ်စေလို” သတင်းမှ  ဟီလာရီ ကလင်တန်၏ ပြောကြားချက်အပါ် ကောက်နှုတ်ချက်

-------------------------------------------------------------------------------------------------------------

“စီးပွားရေးတက္ကသိုလ်မှာ Macro Economics ဘာသာယူတဲ့ကျောင်းသား မရှိသလောက်ပဲ၊ ဒီပညာရပ်ကို နှစ်ပေါင်း ၂၀ ကျော်လောက်ကတည်းက အသုံးချတာမရှိခဲ့တော့ မျိုးဆက်ပြတ်သလို ဖြစ်နေပြီ၊ ဗဟိုဘဏ် သီးခြားရပ်တည်ပြီဆိုရင် သူပြောင်းလဲထိန်းညှိသတ်မှတ်တဲ့ အတိုးနှုန်းက စီးပွားရေး တစ်ခုလုံးကို ကိုင်လှုပ်နိုင်တယ်၊ ဥပမာ- သူက ငွေတိုက်စာချုပ် အတိုးနှုန်းလျော့လိုက်ရင် ဒီငွေတိုက်စာချုပ်ကို ဝယ်ထားတဲ့ လုပ်ငန်းတွေအားလုံးမှာ သွားပြီးသက်ရောက်တယ်”

ဒီဇင်ဘာ ၂ ထုတ် မော်ဒန်ဂျာနယ် အမှတ် (၂၈၆) တွင်ပါသည့် “ဗဟိုဘဏ် သီးခြားရပ်တည်ဖို့ ပညာရှင် အဓိကလိုအပ်နေ” သတင်းမှ စီးပွားရေး တက္ကသိုလ် အငြိမ်းစားပါမောက္ခတစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-------------------------------------------------------------------------------------------------------------

 “ဒီမိုကရေစီ အုပ်ချုပ်ရေးယန္တရားမှာကော ကြိုးနီစနစ် မရှိနိုင်ဘူးလားလို့ မေးစရာရှိပါတယ်။ တင်ပြတဲ့ကိစ္စက အရေးကြီးလေလေ၊ ခက်ခဲနက်နဲလေလေ အထက်အဆင့်ကို တင်ပြရလေ ဖြစ်တာကြောင့် ကြိုးနီစနစ်ဟာ အနည်းနှင့်အများဆိုသလို ရှိနေနိုင်ပါတယ်။ ဒါမေယ့် မလိုလားအပ်တဲ့ လုပ်ထုံးလုပ်နည်း ရှုပ်ထွေးမှုတွေကိုတော့ တတ်နိုင်သလောက် လျှော့ချကြဖို့ လိုပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ရုံးကိစ္စတစ်ခုအတွက် အလုပ်လုပ်ကြရင် စားပွဲတစ်ခုနှင့် တစ်ခုကူးသန်းရတာတွေကြောင့် ကြိုးနီနစ် ကြီးမားစွာရှိနေပါတယ်။ ရုံးဝန်ထမ်းများဟာလည်း ပုံစံအမျိုးမျိုးနဲ့ရှိခဲ့တဲ့ အာဏာရှင်စနစ်တွေအောက်မှာ အကျင့်ပါနေခဲ့ကြတာကြောင့် အဆင့်ဆင့်အာဏာပြတတ်ကြတယ်။ လာဘ်ပေးလာဘ်ယူကိစ္စကလည်း ရှိနေလေတော့ ကိစ္စတစ်ခုခုနှင့် ရုံးကိုသွားဖို့ ဆိုရင် ပြည်သူတွေအတွက် အင်မတန်ဝန်လေးနေတတ်ပါတယ်။ သိပ္ပံနှင့် နည်းပညာတိုးတက်လာသည်နှင့်အမျှ အစိုးရအုပ်ချုပ်ရေး ယန္တရားမှာ ခေတ်မီ

သိပ္ပံနည်းစနစ်တွေ အသုံးပြုတဲ့ e-government ဆိုတာ ပေါ်ပေါက်လာပါတယ်။ ရုံးကိစ္စတွေမှာ သိပ္ပံနည်းပညာကို ထိထိရောက်ရောက် အသုံးပြု လာနိုင်မယ်၊ အောက်ခြေဝန်ထမ်းတွေကိုလည်း လုပ်ပိုင်ခွင့်တွေ ပိုပေးလာမယ်ဆိုရင် အထက်အဆင့် ပုဂ္ဂိုလ်များအတွက် အလုပ်တာဝန်လျော့သွား နိုင်သလို နှောင့်နှေးကြန့်ကြာမှု ၊ လုပ်ထုံးလုပ်နည်း ရှုပ်ထွေးခက်ခဲမှုတွေကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်”

ဒီဇင်ဘာ ၂ ထုတ် First Weekly အတွဲ (၁) အမှတ် (၅) တွင်ပါသည့် ဆောင်းပါးရှင် စီမံကိန်းဝင်းနိုင်၏ “ရုံးလုပ်ငန်းနှင့် ကြိုးနီ စနစ်” ဆောင်းပါးမှ ကောက်နှုတ်ချက်

***************************************************************************************

 

 

                

                


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment