Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၃.၁၂.၂၀၁၁

ဆောင်းပါးကဏ္ဍ

  1. ခြစားမှု တိုက်ဖျက်ရေးဘက် ပြန်လှည့်ကြမလား

*********************************************

ဆောင်းပါးကဏ္ဍ

ခြစားမှု တိုက်ဖျက်ရေးဘက် ပြန်လှည့်ကြမလား

မောင်ဝံသ

(ပေါ်ပြူလာနယူးစ် ဂျာနယ် အတွဲ (၃) အမှတ် (၄၇) မှ ထုတ်ယူဖော်ပြသည်)

မြန်မာနိုင်ငံက စသုံးလုံး

အဂတိလိုက်စားမှု၊ အင်္ဂလိပ်လို Corruptionကို မြန်မာလို အကျင့်ပျက်ခြစားမှုလို့လည်း ရေးကြတာတွေ့ဖူးတယ်။ ယခင်စာပေဗိမာန် ဘာသာပြန်စာပေအသင်းခေတ်က ခြစားမှုဆိုတဲ့ စကားလုံးကို သုံးခဲ့ပါတယ်။ ကျွန်တော်ကတော့ အကျင့်ပျက်ခြစားမှုလို့ သုံးနှုန်းတာကို ပိုကြိုက်တယ်။ “ခြတောထဲ ထင်းရှူးသေတ္တာကြီး ချပေးလိုက်သလို”ဆိုတဲ့ တင်စားချက်ကိုလည်း ခုထိမှတ်မိသေးတယ်။ မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီး သိပ်မကြာ ဘူး၊ ခြစားမှုတွေ များလာလို့ အဲဒီတုန်းက ဘီအက်စ်အိုင် (BSI) လို့ခေါ်တဲ့အဖွဲ့ ဖွဲ့စည်းပြီး လာဘ်ပေးလာဘ်ယူအမှုတွေကို စုံစမ်းစစ်ဆေး အရေးယူ ခဲ့တာ သတင်းစာတွေက စုံစမ်းစစ်ဆေးဆိုတဲ့ စကားလုံးကို စသုံးလုံးလို့အတိုရေးကြရာက စသုံးလုံးလို့ နာမည်တွင်သွားတယ်လို့ မှတ်သားရဖူးတယ်။ အဲဒီတုန်းက စသုံးလုံးအဖွဲ့ကို ဝန်ကြီးချုပ်ရုံးက တိုက်ရိုက်ကိုင်ပြီး အလုပ်လုပ်ခဲ့တာပါ။ လာဘ်ပေးလာဘ်ယူလုပ်တဲ့ အစိုးရအရာရှိတွေနဲ့ ဝိသမလောဘ သမားကုန်သည်တွေဟာ စသုံးလုံးဆိုရင် ဖိန့်ဖိန့်တုန်အောင် ကြောက်ခဲ့ကြတယ်။

ယခုဆိုရင် ကျွန်တော်တို့ဆီမှာ သန့်ရှင်းသောအစိုးရဖြစ်ရေး ဆွေးနွေးရေးသားချက်တွေ အတော်တွေ့နေရတယ်။ သန့်ရှင်းသောအစိုးရဆိုတာ အဓိကကတော့ အဂတိလိုက်စားမှုကင်းစင်ရေးကို ပြောတာပဲမဟုတ်လား။ မကြာသေးခင် ကာလတစ်ခုအထိ ဂျာနယ်တချို့က လူထုလူတန်းစားနဲ့ အလွှာအသီးသီးက လူပုဂ္ဂိုလ်တွေကို အင်တာဗျူးတွေလုပ်ပြီး Clean Government   ကို ဝိုင်းဝန်းတွန်းအားပေးခဲ့ကြပါတယ်။ ယခုတစ်လောတော့ နိုင်ငံ ရေးဆိုင်ရာ ဖြစ်ပေါ် တိုးတက်မှုတွေဘက်ကို အားသန်နေကြပြီး သန့်ရှင်းသော အစိုးရလှုံ့ဆော်ရေးဘက်ကို ပြန်မလှည့်နိုင်ကြသေးဘူး ထင်တယ်။

ဖိလစ်ပိုင်မှာခြစားမှုတွေဖော်နေပြီ

တိုင်းပြည်တိုင်းမှာအဂတိလိုက်  စားမှုကတော့ ရှိကြတာချည်းပဲ။ များတာနဲ့နည်းတာပဲ ကွာခြားမယ်။ ယမန်နှစ်က ဖိလစ်ပိုင်နိုင်ငံ သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရတဲ့ မစ္စတာအကွီနိုက သမ္မတဟောင်း အာရိုယိုလက်ထက် ခြစားမှုတွေကို ပြန်လည်စုံစမ်းစစ်ဆေး အရေးယူဖို့ လုပ်ငန်း စနေပါပြီ။ ဖိလစ်ပိုင် ဒီမိုကရေစီသင်္ကေတဖြစ်ခဲ့တဲ့ မိခင်ကြီး ကော်ရာဇန်အကွီနိုရဲ့သားဟာ သမ္မတရွေးကောက်ပွဲဝင်စဉ်ကတည်းက သူသမ္မတဖြစ်ရင် အဂတိလိုက်စားမှုတွေကို တိုက်ဖျက်သွားမယ်လို့ ရွေးကောက်ပွဲကတိပေးခဲ့တဲ့အတိုင်း အကောင်အထည်ဖော်နေပါပြီ။ အခုဆိုရင် ပူပူနွေးနွေး သမ္မတ ဟောင်း အာရိုယိုဟာ ဖမ်းဆီးအရေးယူခံနေရပါပြီ။ တရုတ်(တိုင်ပေ)မှာတော့ သမ္မတဟောင်းတစ်ယောက် ခြစားမှုနဲ့ အရေးယူခံနေရတယ်။ ထိုင်းနိုင်ငံက ဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ ခြစားမှုတွေနဲ့ ဝရမ်းထုတ်ခံထားရတယ်။ အင်ဒိုနီးရှားနိုင်ငံ အာဏာရှင်ဟောင်း ဆူဟာတို မိသားစုဝင်အချို့လည်း ခြစားမှုတွေနဲ့ အရေးယူခံခဲ့ရတယ်။ အီဂျစ်သမ္မတဟောင်း မူဘာရက်ဆိုရင် အာဏာအလွဲသုံးမှု၊ တိုင်းပြည်ဘဏ္ဍာတွေကို မတရားကိုယ်ကျိုးရှာမှုတွေနဲ့ တရားရုံးရှေ့ မှောက်ရောက်နေပါတယ်။ ရာဇဝတ်ဘေး ပြေးမလွတ်ပါတကား။

အင်ဒိုနီးရှားမှာဖိဖိစီးစီး

အင်ဒိုနီးရှားနိုင်ငံဟာ ဆူဟာတိုလက်ထက်က အာဏာရအသိုင်းအဝိုင်းရဲ့ နမူနာကိုယူပြီး အုပ်ချုပ်ရေးယန္တရားရော၊ တရားစီရင်ရေး ယန္တရား ရော နေရာပေါင်းစုံမှာ ပျက်စီးသွားလိုက်တာ ကမ္ဘာမှာကို အဂတိလိုက်စားမှု ဗိုလ်စွဲတဲ့တိုင်းပြည်လို့ ကျော်စောခဲ့တယ်။ ၂ဝဝ၃ ခုနှစ်က ဆိုရင် ကမ္ဘာ့ဘဏ် ကတောင် ‘အင်ဒိုနီးရှားနိုင်ငံနှင့် အဂတိလိုက်စားမှု အခြေအနေ’ဆိုပြီး အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့ရဖူးတယ်။ လက်ရှိသမ္မတ ယူဒိုယိုနို လက်ထက်မှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး တရားရုံးတွေ ပြည်နယ်အားလုံးမှာဖွင့်ပြီး ပြည်နယ်အလိုက် ဖိဖိစီးစီးကိုင်တွယ်နေပြီဖြစ်လို့ အတော်လေး လျော့နည်းသွားပြီလို့ ဆိုပါတယ်။

ကမ္ဘာ့ပြဿနာစာတမ်း

အင်ဒိုနီးရှားက အဂတိလိုက်စားမှု နှိမ်နင်းရေးအစီအစဉ် သတင်းတွေ့တော့ အဂတိလိုက်စားမှုအကြောင်း ဗဟုသုတစာစုတွေ လိုက်ရှာကြည့် တယ်။ အဲဒီမှာ အာနုရှား (Anup Shah) ရေးတဲ့ အဂတိလိုက်စားမှု ကမ္ဘာ့ပြဿနာဆိုတဲ့စာတမ်း အင်တာနက်မှာ တွေ့ရတယ်။ စုံလည်းစုံတယ်။ ရှည်လည်းရှည်တယ်။

ဖွံ့ဖြိုးဆဲ အစိုးရတွေကိုဖျက်ဆီး

စာတမ်းထဲပါတဲ့ အချက်အလက်တွေထဲမှာ ချမ်းသာနိုင်ငံတွေဟာ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေက ဖွံ့ဖြိုးဆဲနိုင်ငံတွေက အစိုးရတွေကို စာရိတ္တ ပျက်စီးအောင်လုပ်ခဲ့ ကြတယ်တဲ့။ အထူးသဖြင့် လက်နက်ကုန်သည်ကြီးတွေက အဆိုးဆုံးပဲတဲ့။ ပြီးတော့ စစ်အေးကာလ အဂတိလိုက်စားမှုတွေအဖြစ် အနောက်အုပ်စုက ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ သူတို့သြဇာခံတဲ့ အာဏာရှင်တွေကို သက်ဆိုးရှည်အောင် အားပေးထောက်ခံခဲ့ကြတယ်။ သည်လိုနဲ့ ဆူဟာ တိုတို့၊ မားကို့စ်တို့ဟာ အဂတိလိုက်ချင်တိုင်းလိုက်နိုင်ခဲ့ကြတယ်။ အရှေ့အုပ်စု (ဆိုဗီယက်အုပ်စု)ကလည်း ဒီမိုကရေစီနိုင်ငံတွေ မတည်မငြိမ်ဖြစ်အောင် သွေးထိုးပေးခဲ့တယ်။ အတိုက်အခံတွေကိုရော၊ အာဏာလက်ရှိတွေကိုရော ကိုယ့်လူကိုယ်နောက်ကွယ်က ငွေကြေးထောက်ပံ့ပြီး ကြိုးဆွဲကြရာက အကျင့်ပျက်မှုတွေ တိုးသထက်တိုးလာတော့တာပဲတဲ့။ နောက်ထူးခြားတဲ့အချက်က အိုင်အမ်အက်ဖ်တို့ ကမ္ဘာ့ဘဏ်တို့ရဲ့ပေါ်လစီတွေကလည်း ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ အဂတိလိုက်စားမှု တိုးပွားအောင် တွန်းအားပေးသလို ဖြစ်ခဲ့ပါတယ်တဲ့။  ဘယ်လိုတွန်းအားပေးတာလဲဆိုတော့ အိုင်အမ်အက်ဖ်တို့ ကမ္ဘာ့ ဘဏ်တို့က ချေးငွေစည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်တယ်။ သူတို့ဆီက ချေးငွေလိုချင်တဲ့ အစိုးရတွေက အဲဒီစည်းကမ်းတွေနဲ့ ညီညွတ်ပါတယ်ဆိုတာ သက်သေထူဖို့ လိမ်ကြရာက အကျင့်ပျက်စရိုက်တွေ ဖြစ်ကုန်တော့တာပဲတဲ့။

သယံဇာတမရှိရင် ခြစားစရာမရှိ

တစ်ခုထူးခြားတာက သယံဇာတအရင်းအမြစ်ပေါများတဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေဟာ အဂတိလိုက်စားမှု ပိုများတယ်။ သယံဇာတမရှိတဲ့ နိုင်ငံတွေက အဂတိလိုက်စားဖို့ အခွင့်အလမ်းမရှိဘူးတဲ့။ စင်ကာပူက လီကွမ်းယူပြောတာကို ကိုးကားထားတယ်။ စင်ကာပူဟာ သဘာဝသယံဇာတ ဘာမှမရှိဘူး။ ဒါကြောင့် အဲဒီအပေါ်က   ခြစားစရာမရှိဘူး။ ဘဏ်လုပ်ငန်းနဲ့ နည်းပညာလုပ်ငန်းအပေါ် အားထားရတာဖြစ်လို့ နာမည်ကောင်းရှိဖို့လိုတယ်။ အကျင့်ပျက် မှုရှိလာရင်လည်း ပြင်းပြင်းထန်ထန် အရေးယူရမှာပဲလို့ ပြောသတဲ့။

ချမ်းသာနိုင်ငံတွေမှာလည်း ရှိတာပဲ

ချမ်းသာနိုင်ငံတွေမှာကျတော့ အဂတိလိုက်စားမှုဟာ တစ်မူကွဲပြားတယ်။ များသောအားဖြင့် ကြားပွဲစားတွေနဲ့ လုပ်ကြတယ်။ ပွဲစားက ၁ဝ ရာခိုင်နှုန်းစားတယ်။ ပြင်သစ်၊ ဂျာမနီနဲ့ ယူကေမှာ လာဘ်ပေးရတာကို တရားဝင်အသုံးစရိတ်ထဲ ထည့်ပြနိုင်တယ်ဆိုပဲ။ အခွန်ဆောင်တဲ့အခါ လာဘ်ပေး ရတဲ့ ကုန်ကျစရိတ်တွေကို လုပ်ငန်းအသုံးစရိတ်ပြလို့ရသတဲ့။  တစ်ခုတော့ရှိတယ်။ သူတို့ဆီမှာ အဂတိလိုက်စားမှု ဟိုးလေးတကျော်ဖြစ်လာရင် မီဒီယာ တွေမှာ ပါလာတာဆိုတော့ သိပ်တော့မလွန်ကဲရဲဘူးတဲ့။ အမေရိကန်အစိုးရက နိုင်ငံရပ်ခြားကို အပ်ထည်အလုပ်တွေချပေးတဲ့ outsourcing ကန်ထရိုက် ကိစ္စတွေဆိုရင် အဂတိလိုက်စားမှုတွေ သေချာပေါက်ရှိတယ်လို့ အစွပ်စွဲခံရတာပဲ။ outsourcing ကန်ထရိုက်တွေရဲ့ ထက်ဝက်ကျော်ဟာ ယခင်သမ္မတ ဘုရှ်ရဲ့ နောက်လိုက်တွေက ကိုယ့်လူကိုယ်ချပေးခဲ့ကြတာချည်းပဲလို့   ပေါ်လာတယ်။ ဘုရှ်မတိုင်ခင်ကဆိုရင် အဲဒီလို outsourcing အလုပ်စုစုပေါင်းရဲ့ ၂၁ ရာခိုင်နှုန်းပဲ ကိုယ့်လူကိုယ်ပေးခဲ့တာ ရှိခဲ့တယ်တဲ့။

အီတလီဘောလုံးလည်း ခြစား

နောက်တစ်ခုက အီတလီမှာ ဝန်ကြီးချုပ်ဟောင်း ဘာလူစကိုနီနဲ့ သူ့လက်ထောက်တွေတစ်သီကြီး အဂတိလိုက်စားမှုနဲ့ ရာဇဝတ်မှုတွေအတွက် တရားစွဲခံရတယ်။ ဘာလူ စကိုနီကတော့သက်သေအထောက် အထားမရှိလို့ အမှုကလွတ်ခဲ့တယ်။ အီတလီဘောလုံးအဖွဲ့ချုပ် Serie A မှာလည်း အဂတိလိုက်စားမှုတွေ အများကြီးပေါ်ခဲ့တယ်။  ယူကေမှာဆိုရင် လက်နက်ထုတ်လုပ်သူ BAE ကုမ္ပဏီက သူတို့ဆီက တိုက်လေယာဉ်တွေ ဝယ်ဖို့ ဆော်ဒီအာရေဗျအစိုးရပိုင်းကို လာဘ်ပေးခဲ့မှု စုံစမ်းစစ်ဆေးနေတယ်။ BAE က ဆော်ဒီမင်းသား တစ်ယောက်ကို ပေါင်ငွေ ၇၅ သန်း (ဒေါ်လာ သန်း ၁၅ဝ လောက်) ပေးခဲ့တယ်လို့ ဂါဒီယန်သတင်းစာက ထုတ်ဖော်ရေးခဲ့တယ်။

ကုလသမဂ္ဂလည်း မကင်းဘူး

ကုလသမဂ္ဂကြီးတောင် အဂတိလိုက်စားမှုနဲ့ မကင်းဘူးဆိုတဲ့ သတင်းထွက်ခဲ့ဖူးတာ ဟိုးလေးတကျော်ပဲမဟုတ်လား။ ရိက္ခာအတွက် ရေနံ (oil for food) ဆိုတဲ့ ကိစ္စမှာ ဒေါ်လာသန်း ၂ဝဝဝ ဖိုးလောက် အဂတိလိုက်စားမှုဖြစ်ခဲ့တယ်လို့ အပြောခံခဲ့ရတယ်။ အဲဒီတုန်းက အတွင်းရေးမှူးချုပ် ကိုဖီ အာနန်တောင် နာမည်ပျက်ခဲ့သေးတယ် မဟုတ်လား။  နောက်တစ်ခုကတော့ ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ ပေါလ်ဝုလ်ဖိုဝစ်ဇ် နုတ်ထွက်ရတဲ့အထိ ဖြစ်ခဲ့တဲ့ကိစ္စ ဖြစ်တယ်။ သူ့ကောင်မလေးကို အစိုးရရာထူးနေရာ အသစ်တစ်ခုမှာ သူ့သြဇာသုံးပြီး ခန့်ခိုင်းခဲ့တယ်။ ရာထူးက လစာအရမ်းကောင်းတဲ့ရာထူး။ ဝုလ်ဖို ဝစ်ဇ်က အီရတ်ကို အမေရိကန် ဝင်တိုက်ခဲ့တဲ့ကိစ္စမှာ အရေးပါတဲ့သူဆိုတော့ သြဇာကြီးတယ်။ ဒါကြောင့် ကောင်မလေးကို အလုပ်ခန့်ခဲ့ရတယ်။ နောက်ဆုံးတော့ပေါ်သွားပြီး သူလည်း ရာထူးကနှုတ်ထွက်သွားရတာပဲ။  ဒါတွေဟာ အမေရိကန်၊ အင်္ဂလန်စတဲ့နေရာတွေမှာလည်း အဂတိလိုက်စားမှု တွေ ရှိနေတာပဲဆိုတဲ့ အထောက်အထားတွေပေါ့။ သို့ပေမယ့် ဖွံ့ဖြိုးဆဲတွေနဲ့ မတူတာက သူတို့ဆီမှာ စာနယ်ဇင်းတွေက မျက်လုံးဒေါက်ထောက် ကြည့်နေတာဆိုတော့ အဂတိလိုက် စားမှုတွေ ဟာ မပေါ်ဘဲမနေဘူး။ အနှေးနဲ့ အမြန်သာ ကွာမယ်။ အဆုံးတစ်နေ့မှာ ဘူးပေါ်သလိုပေါ်တာပါပဲ။

***************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment