Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂.၁၂.၂၀၁၁

ဆောင်းပါးကဏ္ဍ

  1. ပြည်သူလူထုကသာအမြဲတမ်းမှန်သည်

*******************************************

ဆောင်းပါးကဏ္ဍ

ပြည်သူလူထုကသာအမြဲတမ်းမှန်သည်

ဝသုန်

ဒီဇင်ဘာ ၁ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ (၂) အမှတ် (၇၁) မှ ထုတ်ယူဖော်ပြသည်)

ဒီလထဲမှာပဲ ၂၀၁၁ ခုနှစ် ပထမအကြိမ်လွှတ်တော် ဒုတိယအစည်းအဝေးများ ပြီးဆုံးသွားခဲ့ပါပြီ။ ဒီတစ်ခါမှာတော့ နိုင်ငံသူ၊နိုင်ငံသားတွေ အတွက် အံ့သြစရာဝမ်းသာစရာ မျှော်လင့်စရာတွေ များစွာရှိခဲ့တယ်လို့ ဆိုရမှာပါ။ လွှတ်တော်ရဲ့ ပထမအစည်းအဝေး ကျင်းပစဉ်တုန်းကတော့ နိုင်ငံသူ နိုင်ငံသားတွေရဲ့ ရင်းတွင်းခံစားချက်ကတစ်မျိုး ဖြစ်နေခဲ့ကြတာပါ။ ဒါပေမဲ့ အခုဒီလွှတ်တော် ဒုတိယအစည်းအဝေး ပြီးဆုံးသွားတဲ့အချိန်မှာတော့ အရင်က  ထင်နေတာတွေနဲ့ ကွာခြားလာတယ် ဆိုတာ တွေ့မြင်လာရပါတယ်။

နောက်တစ်ခုသတိပြုမိတာကတော့ အပြောင်းအလဲလုပ်လိုတဲ့ ဆန္ဒသဘောထားနဲ့ အပြုအမူတွေ မြန်မြန်ဆန်ဆန် ဖြစ်ပေါ်လာနေတာကို သတိပြုမိပါတယ်။ အချို့သော နိုင်ငံရေးသမားတွေကတောင်မှ အပြောင်းအလဲတွေ ဖြစ်ပေါ်လာအောင် ပြောဆိုလုပ်ဆောင်မှု ဒီလို မြန်ဆန်လာတာကို မီအောင် မနည်းလိုက်နေရတယ်လို့ ပြောသံကြားရတော့ သာမန်နိုင်ငံသားတွေအတွက်တော့ ဆိုဖွယ်မရှိတော့ဘူးလို့ ပြောရမှာပါ။ ဘာပဲဖြစ်ဖြစ်ပွင့်လင်း လွတ်လပ်မှုကိုလိုလားတဲ့ နိုင်ငံသားတွေအနေနဲ့ ‘ဒီတစ်မတ်ရှိဒီတစ်မတ်ပျောက်’ ဆိုတာမျိုး ဖြစ်သွားမှာကိုလည်း စိုးရိမ်မိပါတယ်။

အမှန်အတိုင်းပြောရရင် လွှတ်တော်ဟာ အပျံသင်စလွှတ်တော်လို့သာ ဆိုရမှာဖြစ်ပါတယ်။ အားရစရာကောင်းတာက အပျံသင်စဆိုသော် လည်း ပျံသန်းနိုင်တာထက် ပိုပြီးတော့ပျံနိုင်အောင် အားထုတ်နေတာကို တွေ့မြင်ရခြင်း ဖြစ်ပါတယ်။ အပျံသင်စဖြစ်နေလို့ နားလိုတဲ့ သစ်ကိုင်းကို ရောက်ချင်မှရောက်ပါဦးမယ်။ အားမလိုအားမရ ဖြစ်စရာကောင်းတဲ့ ပျံသန်းမှုတွေကိုလည်း တွေ့ရကောင်းတွေ့ကြရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဓိက အချက်ကတော့ နားရမယ့်သစ်ကိုင်းပေါ်မှာ နားနိုင်အောင် အားထုတ်ပျံသန်းနေတဲ့အချက် ဖြစ်ပါတယ်။ ဒါကို နိုင်ငံသူနိုင်ငံသားတွေက နားလည်မှုရှိစွာနဲ့ အားပေးနေကြပါတယ်။

လွှတ်တော်ဟာ ပြည်သူလူထုကိုကိုယ်စားပြုတဲ့ ပြည်သူလူထုကရွေးချယ်ပေးလိုက်တဲ့ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတာဖြစ်လို့ ပြည်သူ တွေရဲ့ ဆန္ဒနဲ့သဘောထားတွေ ထင်ဟပ်နေဖို့ အရေးကြီးပါတယ်။ သဘောသဘာဝအားဖြင့် လွှတ်တော်မှာအာဏာရတဲ့ ပါတီနဲ့ အာဏာမရသေးတဲ့ အတိုက်အခံရယ်လို့ ရှိကြပါတယ်။ အချို့သော ဒီမိုကရေစီနိုင်ငံကြီးတွေရဲ့ လွှတ်တော်တွေမှာဆိုရင် အာဏာရတာမရတာ ဘေးချိတ်ပြီး ရံဖန်ရံခါ ပူးပေါင်းဆောင်ရွက်မှုတွေကို တွေ့ရတာလည်း အတုယူစရာဖြစ်ပါတယ်။

ဘယ်သူပဲဖြစ်ဖြစ် နိုင်ငံရဲ့ အကျိုးကိုရည်ရွယ်မျှော်ကိုး ပြီးအလုပ်လုပ်ကြတဲ့အခါ စေတနာမှန်ဖို့ လိုပါတယ်။ အမှားရှိရင်လည်း စေတနာ အမှားသာ ဖြစ်ဖို့လိုပါတယ်။ အမှားဆိုတာကလည်း လောကအဖွဲ့အစည်းမှာ အများကလက်ခံကျင့်သုံးနေကြတဲ့ ကျင့်ဝတ်များ စံနှုန်းများနဲ့ ဆန့်ကျင်  နေပြီး ပကတိအခြေအနေနဲ့လည်း လိုက်လျောညီထွေမှု မရှိတဲ့ကိစ္စတွေကို အမှားတွေလို့ ဆိုရမှာဖြစ်ပါတယ်။ နိုင်ငံတော် အစိုးရဟာ အုပ်ချုပ်ရေး အာဏာနဲ့ စီမံခန့်ခွဲရေး အာဏာတွေကို အသုံးပြုပြီး နိုင်ငံရဲ့ အရေးအရာကိစ္စတွေ ဆောင်ရွက်တဲ့အခါမှာ အမြဲတမ်းမှန်ကန်မှု ရှိချင်မှရှိမှာ ဖြစ်ပါတယ်။ အဲဒီတော့ လိုအပ်ချက်တွေရှိရင် မှားယွင်းမှုတွေရှိရင် ထောက်ပြပြောဆိုရမှာက လွှတ်တော်ကိုယ်စားလှယ်များပဲ ဖြစ်ပါတယ်။ လုပ်ကိုင်ဆောင်ရွက် နေသူများအနေနဲ့ကလည်း စေတနာနဲ့ လုပ်မှားကိုင်မှားတွေအတွက် ကြောင့်ကြစရာမရှိပါဘူး။ တာဝန်ယူရဲဖို့ လိုပါတယ်။ ပြုပြင်လို့ရသေးရင် အချိန်မီ ပြုပြင်ဖို့လိုပါတယ်။

အစိုးရအဖွဲ့ဆိုတာကတော့ အနိုင်ရတဲ့ ပါတီကဦးဆောင်ပြီး ဖွဲ့ရတာပါ။ ဒါပေမယ့် အဲဒီလိုအနိုင်ရတာကိုက ပြည်သူလူထုက ဆန္ဒပေးထား လို့ဆိုတာ စွဲစွဲမြဲမြဲမှတ်ယူထားဖို့ လိုအပ်ပါတယ်။ ‘ငါတို့က အာဏာရနေတာပဲ ငါတို့သာလျှင် အမြဲတမ်းမှန်တယ်’ဆိုပြီး မာန်မာနအတ္တစွဲတွေ ထားနေလို့ မရပါဘူး။ ဘယ်အခြေအနေကနေ လွှတ်တော်ထဲကို ရောက်လာပါစေ လွှတ်တော်ဆိုတာ ပြည်သူတွေက ရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူ့ကိုယ်စား လှယ်တွေရဲ့ နေရာဖြစ်တယ်ဆိုတာ မမေ့ဖို့ လိုပါတယ်။

နောက်နောင် လာလတ္တံသော လွှတ်တော်အစည်းအဝေးတွေမှာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဝေဖန်ဆွေးနွေးခြင်း တိုင်ပင်ညှိနှိုင်းခြင်း ဆိုတဲ့ကိစ္စတွေဟာ ပိုမိုပြီးပွင့်လင်းသွက်လက် လာစရာရှိပါတယ်။ ပြည်သူလူထုတွေအနေနဲ့ကလည်း ကိုယ့်ရဲ့ကိုယ်စားလှယ်တွေ ဘယ်လိုအခြေအနေ လဲဆိုတာ အကဲခတ်နေတာပါ။ မဟန်ရင် နောက်တစ်ကြိမ်မှာ ဘယ်လိုပုဂ္ဂိုလ်မျိုးကိုရွေးရမလဲဆိုတဲ့သဘောမျိုးပေါ့။

ပြည်သူ့အကျိုးကို တကယ်မသယ်ပိုးနိုင်ရင် ပြည်သူ့အကျိုးနဲ့ ဆန့်ကျင်ဖီလာတဲ့ကိစ္စတွေ ဆောင်ရွက်နေရင် နောက်တစ်ကြိမ် လွှတ်တော်ထဲကို ရောက်အောင် ပြည်သူတွေကရွေးချယ်လိမ့်မယ် မဟုတ်ဘူးဆိုတာ လွှတ်တော်ကိုယ်စားလှယ် အားလုံးသဘောပေါက်သင့်ပါတယ်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ အပါအဝင် နိုင်ငံရေးသမား အားလုံးအလေးထားရမှာက ‘ပြည်သူလူထုကသာအမြဲတမ်းမှန်တယ်’ ဆိုတဲ့အချက်ပါ။

ဒီအချက်ကိုအလေးမထားဘဲ ‘ငါတို့လုပ်တာကသာ အမြဲတမ်းမှန်တယ်’ လို့ အတ္တလွန်ကဲမာန်မာနတွေ စွဲနေရင် နောက်တစ်ကြိမ်မှာ ပြည်သူ့ လွှတ်တော်နဲ့ ဝေးကွာသွားမှာဖြစ်ကြောင်း သတိပေးရင်းနဲ့ ပြည်သူ့အသံ ပြည်သူ့ဆန္ဒတွေ ပိုမိုထင်ဟပ်လာမယ့် ပထမအကြိမ်လွှတ်တော် တတိယ အစည်းအဝေးများကို စောင့်မျှော်နေမိပါတယ်ဗျာ။

***************************************************************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment